အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

လူလုပ် ဝက်သားတု စားကြမလား

လူလုပ် ဝက်သားတု စားကြမလား

ဝက်သားဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတုကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့  လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။ သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible Pork တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိရဲ့လား? မူလ ဝက်သားအစစ်လိုရော အရသာမျိုးရှိရဲ့လား? ဘာတွေကို အသုံးပြုပြီး ဖန်တီးထားတာလဲ? လေ့လာကြည့်ရအောင်။ Impossible Pork ဆိုတာ ဘာလဲ? ဆီလီကွန်ဗယ်လီအခြေစိုက် Impossible Foods ကုမ္ပဏီက ဖန်တီးထုတ်လုပ်ထားတဲ့ Impossible Pork  မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အာဟာဓာတ်တွေအကြောင်းကို တရားဝင် အတိအကျထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် သတင်းမီဒီယာတွေနဲ့ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ပဲပိစပ်၊ နေကြာဆီ၊ အုန်းဆီတို့ကို အဓိက အခြေပြုပြီး ဖန်တီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကပါဝင်ပစ္စည်းကတော့ ပဲပိစပ်ပဲဖြစ်ပါတယ်။ အနံ့ အရောင်အဆင်းနဲ့ အရသာတွေကတော့ ဝက်သားအစစ်နီးပါး ထပ်တူညီမှုရှိတယ်လို့ ဆိုထားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ လူလုပ်ပစ္စည်းတွေမှာ လူသိမခံတဲ့ အပိုဓာတုပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်နေတတ်တာမို့ သတိထားသင့်တယ်လို့ သတိပေးထားတာမျိုးလည်း ရှိပါတယ်။ Impossible Pork ရဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ? လက်ရှိအချိန်အထိ သိရှိထားရတာကတော့ Impossible Pork ၄ အောင်စမှာ ကယ်လိုရီ ၂၂၀၊ ပရိုတိမ်း ၁၆ ဂရမ်၊ ဖိုက်ဘာ ၁ ဂရမ်၊ Saturated Fat ၇ ဂရမ်၊ ဆိုဒီယမ် ၄၂၀ ဂရမ်၊ အဆီဓာတ် ၁၃ ဂရမ်နဲ့ ကိုလက်စထရော လုံးဝမပါဝင်ဘူးလို့ ဆိုထားပါတယ်။ တကယ့် ဝက်သားအစစ် ၄ အောင်စမှာတော့ ကယ်လိုရီ ၃၅၀၊ ပရိုတိန်း ၁၇ ဂရမ်၊ Saturated Fat ၁၁ ဂရမ်၊ ဆိုဒီရမ် ၈၀ ဂရမ်၊ အဆီဓာတ် ၃၂ ဂရမ်နဲ့ ကိုလက်စထရော ၈၆ မီလီဂရမ်ပါဝင်နေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ တစ်ခုရှိတာက ဝက်သားအစစ်မှာ ဖိုင်ဘာဓာတ်မပါဝင်တာကြောင့် ကာဘိုဟိုက်ဒြိတ်လုံးဝပါဝင်ခြင်းမရှိပေမယ့် Impossible Pork မှာတော့ ဖိုက်ဘာပါဝင်တာမို့ ကာဘိုဟိုက်ဒြိတ်ပမာဏ အနည်းအကျဉ်း ပါဝင်မှာဖြစ်ပါတယ်။ Impossible Pork ဟာ ဝက်သားအစစ်ထက်ပိုပြီး ကျန်းမာရေးနဲ့ ကိုက်ညီသလား? သိသာထင်ရှားတာကတော့ Impossible Pork ဟာ လက်ရှိသိထားရသမျှဆိုရင် ဝက်သားအစစ်ထက် လူတွေအတွက် ပိုပြီး သင့်လျော်တဲ့ ပုံစံမျိုးရှိပါတယ်။ ဆိုဒီရမ်ပမာဏ ပိုများနေတာလေးကလွဲလို့ပေ့ါ။ ရေရှည်စားသောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကိုတော့ ခုချိန်မှာ မသိနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ပဲပိစပ်နဲ့ သဘာဝအပင်ထွက်ပါဝင်ပစ္စည်းတွေကိုကို အခြေခံကာထုတ်လုပ်ထားတာမို့ ကျန်းမာရေးနဲ့ ညီညွတ်နိုင်တယ်လို့ တညီတညွတ်တည်း သုံးသပ်တာခံထားရပါတယ်။ အထူးသဖြင့်တော့ ကိုယ်အလေးချိန်လျှော့ချနေသူတွေ၊ ကျန်းမာရေး အခြေအနေအမျိုးမျိုးကြောင့် ဝက်သားရှောင်ထားသူတွေအတွက် သင့်လျော်နိုင်ပါတယ်။ [Ye Zon Aung, Hello Sayarwon, 13-1-2020]

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ အနားယူအိပ်စက်ပေးခြင်းဖြင့် ခန္တာကိုယ်ကိုရော စိတ်ကိုပါ အကျိုးရှိစေမှာဖြစ်ပြီးတော့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်လိမ့်မယ်လို့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဗေဒပညာရှင်တွေကဆိုထားကြပါတယ်။ ဂရိ၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုလိုတိုင်းပြည်မျိုးတွေမှာဆိုရင် နေ့ခင်းနေ့လယ် တရေးတမော အိပ်စက်ခြင်းဟာ ဒေသိယအလေ့အထတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်အချိန်တွေမှာ အိမ်ပြန်အနားယူအိပ်စက်ကြတာမျိုးက သူတို့အတွက် ငြိမ်းချမ်းမှုကို ပေးတယ်လို့ ဆိုပါတယ်။ လူတွေအနေနဲ့ အကြောင်းပြချက်အမျိုးမျိုးတွေကြောင့် နေ့ခင်းနေ့လည်တွေမှာ ငိုက်မြည်းတတ်ကြပါတယ်။ အိပ်ရေးပျက်တာကြောင့်၊ အိပ်ရေးပျက်နိုင်ချေရှိနေတယ်ဆိုတဲ့ အတွေးကြောင့်၊ အားလပ်နေတာကြောင့် စသဖြင့်အမျိုးမျိုးပါပဲ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် နေ့လယ်နေ့ခင်းတွေမှာ တစ်ရေးတမော အနားယူအိပ်စက်လိုက်တာဟာ ကိုယ့်ကို အကျိုးရှိစေမှာတော့ အမှန်ပါ။ လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်အနားယူတာက ဘယ်လို ကောင်းကျိုးတွေပေးလဲဆိုတော့ ၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေတယ် ၂။ သွေးဖိအားမကျအောင် တားဆီးပေးတယ် ၃။ ခန္တာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေတယ် ၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ် ၅။ စိတ်ခံစားချက် ကောင်းမွန်စေတယ် ၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေတယ် ၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုတယ် ၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိတယ်၊ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်စေတယ် ၉။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ် ၁၀။ နှလုံးကို အားပေးကူညီတယ် ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။ [Ye Zon Aung, Hello Sayarwon, 9-January-2020]

ဆောင်းပါး