အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

ဆီးချိုဆိုတာကို တော်တော်များများ ကြားဖူး သိရှိဖူးပြီး ဖြစ်မှာပါ။ ၁၉၉၀ ခုနှစ်ပိုင်းတွေက ဆီးချိုဆိုတာက ကြားရခဲပြီး လူနည်းစုလောက်မှာပဲ ဖြစ်တဲ့ ကျန်းမာရေးပြဿနာဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေမှာ ဆီးချိုဖြစ်တာ တော်တော်လေး များလာပါ။ ဆီးချိုက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်သလို သေချာဂရုစိုက်တာမျိုး မရှိဘူးဆိုရင် အသည်း၊ ကျောက်ကပ်၊ နှလုံးစတဲ့ အစိတ်အပိုးလေးတွေကို ထိခိုက်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကြောင့် နောက်ဆက်တွဲ အသည်းထိခိုက်တာမျိုး ဖြစ်လာရင် ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိရှိကာကွယ်နိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။ ဆီးချိုဆိုတာ ဘာလဲ! ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအသောက်တွေ မှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ အင်ဆူလင်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ ဒါမှမဟုတ် လုံးဝမထုတ်လုပ်နိုင်တော့တဲ့ အခြေအနေကို ဆိုလိုတာပါ။ ဆီးချိုမှာ မွေးရာပါ ဆီးချိုလို့ ဆိုရမယ့် အမျိုးအစား-၁ ဆီးချိုနဲ့ အရွယ်ရောက်ပြီးချိန်မှာ ဖြစ်ပေါ်ခံစားရတဲ့ အမျိုးအစား-၂ ဆီးချိုဆိုပြီး ရှိပါတယ်။ နောက်ထပ်တွေ့ရနိုင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူမှာ ဖြစ်ပေါ်ခံစားရတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုပါ။ ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား! ဆီးချိုရောဂါကြောင့် အသည်းထိခိုက်ပျက်စီးနေပြီဆိုရင် အမြဲလိုလို ပင်ပန်းနေတာ လူတော်တော်များများက တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီးချိန်မှာ ပင်ပန်းမှုကို ခံစားရနိုင်တာက ပုံမန်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲ တစ်နေ့တာလုံးမှာ အချိန်တိုင်းလိုလို ပင်ပန်းနေတယ်။ ခြေကုန်လက်ပမ်းကျနေတယ်ဆိုရင်တော့ သွေးထဲကအဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်တာမျိုး မရှိတာကြောင့်ပါ။ ဆီးချိုသမားတွေရဲ့ အသည်းက သွေးတွင်းအဆိပ်တွေကိုရော အဆီတွေကိုပါ ဖယ်ရှားဖို့ ပုံမှန်ထက် ပိုရုန်းကန်ရတဲ့ အခြေအနေကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ မျက်သားတွေနဲ့ အသားတွေ ဝါနေတာ အသည်းရောင်အသားဝါလို့ သိကြတဲ့ ဒီအခြေအနေကို ခံစားနေတယ်ဆိုတာက အသည်းက ကျန်းမာမှု အားနည်းနေပြီဆိုတာကို ပြသနေတာပါ။ သွေးနီဥဆဲလ်တွေကို ဖြိုခွဲတဲ့အချိန်မှာ အဝါရောင်ခြယ်ပစ္စည်းတစ်မျိုး ခန္ဓာကိုယ်ထဲမှာ ထွက်ရှိလာပါတယ်။ အသည်းက အဝါရောင်ခြယ်ပစ္စည်းတစ်မျိုးကို ဖြိုခွဲနိုင်တယ်ဆိုပေမယ့် ကျန်းမာမှု မရှိတဲ့ အသည်းကတော့ ဒီရောင်ခြယ်ပစ္စည်းကို မဖြိုခွဲနိုင်တဲ့အခါ မျက်ဖြူသားတွေနဲ့ အသားအရေတွေ ဝါလာတာကို ခံစားရနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ ဒီအခြေအနေကို ခံစားနေရပြီဆိုရင် ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ ဗိုက်အောင့်တာ ဗိုက်ရဲ့ ညာဘက်ခြမ်း အသည်းရှိတဲ့နေရာက ပြင်းပြင်းထန်ထန်အောင့်တာ၊ ဗိုက်ကြီးက ဖောင်းနေတာမျိုး ဖြစ်မယ်ဆိုရင် အသည်းက အလုပ်ကောင်းကောင်း မလုပ်နိုင်တာကြောင့် ဗိုက်ထဲမှာ ရေတွေဖြစ်နေတာ၊ အသည်းရောင်တာလိုမျိုး ကျန်းမာရေးအခြေအနေကို ခံစားနေရတာပါ။ ဆီးအရောင်ရင့်တာ၊ ဝမ်းအမည်းတွေ သွားတာ ဆီးအရောင်က အဝါရောင်ရင့်ရင့် ဖြစ်နေတာ ဝမ်းတွေက ကတ္တရာစေးလို မည်းနေတာမျိုး ဖြစ်မယ်ဆိုရင် အသည်းက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့တာကြောင့် ရောင်ခြယ်ပစ္စည်းတွေ သွေးကြောထဲကို ပြန့်နှံ့ရောက်ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒီအခြေအနေမျိုးမှာ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ အစားစားချင်စိတ် မရှိဘဲ ကိုယ်အလေးချိန်ကျလာတာ အစားတွေကို စားချင်စိတ် လုံးဝမရှိတာ၊ ဗိုက်ထဲ အမြဲလိုလို ပြည့်အင့်နေပြီး ဘာမှ မစားချင်တာမျိုးက အသည်းက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာကြောင့်ပါ။ ဒီလို အစားမစားတာက ရေရှည်မှာ ကိုယ်အလေးချိန်ကို ကျဆင်းစေပြီး အစားမမှန်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့လည်း ခက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစားချင်စိတ် မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် ထိုးကျတာမျိုးဖြစ်မယ်ဆိုရင် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ဆီးချိုရောဂါက နာတာရှည်ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန် ထိန်းသိမ်းတာမျိုး မရှိဘူးဆိုရင် သွေးကြောတွေ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ်၊ အသည်း၊ နှလုံးစတဲ့ အစိတ်အပိုင်းတွေကိုလည်း ပျက်စီးစေပါတယ်။ ဆီးချိုက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကိုလည်း ခံစားရစေနိုင်ပါသေးတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ဆီးချိုက နာတာရှည် ကျန်းမာရေးပြဿနာဆိုပေမယ့် ကုသမှုကို သေချာလေး ခံယူမယ်။ ဆေးကို ပုံမှန် သောက်မယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုနောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြခဲ့တဲ့ လက္ခဏာတွေကို သေချာလေးစောင့်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ အကြံပြုလိုက်ပါရစေ။

ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……

ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……

သွေးတိုးတယ်၊ သွေးတိုးတယ်ဆိုတဲ့စကားက အခုနောက်ပိုင်းကာလတွေမှာ လူကြီးတွေနဲ့ပဲ သက်ဆိုင်တော့တဲ့ ကျန်းမာရေးဝေါဟာရ တစ်ခုမဟုတ်တော့ဘဲ အသက် ၂၅ ကျော်ကျော် ၃၀ ဝန်းကျင် လူလတ်ပိုင်းတွေနဲ့ပါ သက်ဆိုင်လာတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်လာနေပါတယ်။ သွေးတိုးတယ်ဆိုတာက တော်တော်များများ သိထားသလို အငန်တွေ အစားများလို့ တစ်ခုတည်းကြောင့် ဖြစ်တာမျိုး မဟုတ်ပါဘူး။ အချို့သော နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း သွေးတိုးတာကို ခံစားကြရတာပါ။ ဒါကြောင့် သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အပြုအမူတွေကိုပါ ဂရုစိုက်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ သွေးတိုးဆိုတာ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား! သွေးတိုးတယ်ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး သေချာဂရုစိုက်တာမျိုး မရှိဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးတိုးတာက နာတာရှည်ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေနဲ့ ရောဂါတွေ ဖြစ်မလာစေဖို့ဆိုရင် နေ့စဉ်ဘ​ဝရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ သွေးတိုးတာက သေချာလေး ဂရုမစိုက်ဘူးဆိုရင် နောက်ပိုင်းမှာ နှလုံး၊ ကျောက်ကပ်တို့လိုမျိုး အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ …… နေ့စဉ်တိုင်းမှာ လုပ်ဆောင်မိနေတဲ့ အချို့သော အလေ့အထလေးတွေက သွေးတိုးစေနိုင်ပါတယ်နော်။ ဘယ်လို အလေ့အထလေးတွေလည်းဆိုတော့ - သကြားအစားများတာ အချိုစားတာ၊ သကြားစားတာက သွေးတွင်းသကြားဓာတ်ကိုပဲ မြင့်တက်စေတယ်လို့ ယူဆစရာရှိပါတယ်။ တကယ်ကတော့ သကြားအပါအဝင် အချိုများတာတွေကို စားတာက သွေးချိုကိုရော သွေးပေါင်ချိန်ကိုပါ မြင့်တက်စေနိုင်ပါတယ်။ အိပ်ဟောက်အသက်ရှူရပ် ပြဿနာခံစားနေရတာ အိပ်စက်နေချိန်မှာ အိပ်ရေးဝဝအိပ်ပျော်စေဖို့ ခက်သလို ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှု ရရှိစေဖို့ရာမှာ အဟန့်အတား ဖြစ်စေနိုင်တဲ့ အိပ်ဟောက်အသက်ရှူရပ် ကျန်းမာရေးပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာ အောက်ဆီဂျင်ပမာဏနည်းပြီး နှလုံးသွေးကြောစနစ်ကို ဝန်ပိစေသလို ကော်တီစော ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် စိတ်ဖိစီးမှုမြင့်တက်စေပြီး သွေးတိုးစေနိုင်ပါတယ်။ စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေ သောက်သုံးနေရတာ စိတ်ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် စိတ်ကျတာကို သက်သာစေနိုင်တဲ့ ဆေးတွေကို သောက်သုံးနေရမယ်ဆိုရင်လည်း ဆေးရဲ့ ရေရှည် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတိုးတာကို ဖြစ်စေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သေချာ ဆေးညွှန်းမှန်မှန်သောက်ဖို့ လိုပါမယ်။ စကားများများ ပြောတာ ကိုယ်ရဲ့ အတွေ့အကြုံတွေ စိတ်ခံစားမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ခဏခဏ ပြောပြနေတာမျိုး စိတ်ခံစားမှုအပေါ် သက်ရောက်နေတဲ့ အကြောင်းအရာတွေကို များများပြောရတာက စိတ်ခံစားမှုကြောင့် သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့ စိတ်မကောင်းဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို အများကြီး ပြောပြမိတာမျိုးဆိုရင် သွေးတိုးနိုင်ခြေက တော်တော်လေးကို များမှာပါ။ ရေလုံလုံလောက်လောက် မသောက်တာ ရေလုံလောက်စွာ မသောက်မိတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေသလို သွေးပေါင်ချိန်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကို ခံစားရနိုင်ခြေ လျှော့ချဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ရေလုံလော်ကအောင် သောက်ဖို့ လိုပါမယ်။ နှာစေးနှာပိတ် သက်သာစေတဲ့ဆေးတွေ သောက်တာ နှာစေးပျောက်တဲ့ ဆေးတွေ သောက်တာက နှာစေးတာကို သိသိသာသာ သက်သာစေနိုင်တယ်ဆိုပေမယ့် ရေရှည်သောက်သုံးတာ ဆေးညွှန်းထက်ကို ကျော်လွန်သောက်သုံးတာမျိုးတွေ လုပ်မယ်ဆိုရင် သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေမှာ ဖြစ်သလို သွေးတိုးတာကို ခံစားရမှာပါ။ ကိုယ်တွင်းမှာ ပိုတက်ဆီယမ် နည်းတာ ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ ပုံမှန်ထက် နည်းတာက ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်ပမာဏကိုပါ ဟန်ချက်ပျက်စေပြီး ကျောက်ကပ်မှာ ရေဝင်တာလိုမျိုး ကျန်းမာအခြေအနေတွေကို ခံစားရနိုင်သလို သွေးတိုးတာကိုလည်း ခံစားရစေမှာပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ပိုတက်ဆီယမ် ရရှိနိုင်မယ့် ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ပဲတီစိမ်းစတာတွေကို စားပေးဖို့ လိုပါမယ်။ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတာ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားနေရတာကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးရောဂါအခံ ရှိသူတွေမှာ သွေးတိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင် တာမျိုး မဖြစ်စေဖို့လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အထိုင်များတာ အထိုင်များတာက ကိုယ်အလေးချိန်ကိုတင် တိုးစေတာ မဟုတ်ဘဲ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သလို သွေးကြောတွေရဲ့ ကျန်းမာရေးကိုလည်း အားနည်းစေနိုင်ပါတယ်။ သွေးကြောလေးတွေ မကျန်းမာတာက ရေရှည်မှာ သွေးတိုးတာကို ပိုဆိုးစေပါတင်္ယ။ အိပ်ရေးပျက်တာ များတာ ညစဉ်တိုင်းမှာ ပုံမှန် အိပ်ချိန် ၇ နာရီထက်နည်းနေတာ၊ ညဘက်တွေမှာ ကောင်းကောက်း အိပ်မပျော်တာက သွေးတိုးတာကို ပိုဆိုးစေနိုင်သလို သွေးတိုးရောဂါ ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ စိတ်ဖိစီးမှု များတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို သွေးတိုးတာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေပြီဆိုရင် တရားမှတ်တာ၊ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပေးဖို့ လိုပါမယ်။ အခုလို အခြေအနေတွေက​ သွေးတိုးရောဂါ ရှိသူတွေမှာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက် ဆင်ခြင်နိုင်ဖို့ အကြံပြုဖော်ပြလိုက်ရပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် သွေးတိုးရောဂါဆိုတာက ဂရုမစိုက်မိရင် အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်ပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မယ့်အပြင် ကျန်းမာတဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်တဲ့ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် နေ့စဉ်တိုင်းမှာ အသီးအနှံတွေ များများစားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ရေလုံလောက်အောင် သောက်တာ၊ အိပ်ရေးဝဝအိပ်တာလိုမျိုး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူကြဖို့ အကြံပြုလိုက်ပါရစေ။

ဆောင်းပါး