အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
ငလျင်အပြီးမှာ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်စေမယ့် အကြံပြုချက်များ
ငလျင်ဒဏ်သင့်ဒေသခံများအတွက် ဝမ်းပျက်ဝမ်းလျှော (Cholera) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Acute Watery Diarrhea) နှင့် ရေမှတဆင့် ကူးစက်နိုင်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရေး အကြံပြုချက်များ ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေဟာ ငလျင်ဘေးကြီး ပြီးဆုံးသွားတာနဲ့ အမျိုးမျိုးအဖုံဖုံသော နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ငလျင်ဘေးကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းဖြစ်လာတာက တစ်ကြောင်း တစ်ဖက်မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ကွယ်လွန်ပြီးသူတွေရဲ့ အလောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအပေါ် သက်ရောက်မှုတွေ အများကြီးရှိလာတတ်တာကြောင့်ပါ။ ဒါကြောင့်လည်း ငလျင်ဒဏ်သင့်ဒေသတွေမှာ ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ ကူးစက်ရောဂါတွေ ဖြစ်ပွားနှုန်းမြင့်တက်လာတတ်တာဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားနှုန်းမြင့်တက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ Risk အများဆုံး ကျန်းမာရေးပြဿနာလို့ ဆိုလို့ရနိုင်တဲ့အရာကတော့ ဝမ်းပျက်ဝမ်းလျှောအပါအဝင် ရေမှတဆင့်ကူးစက်တတ်တဲ့ ရောဂါမျိုးတွေပါပဲ။ ငလျင်ဒဏ်သင့်ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်အနေအထားကလည်း အမှိုက်သရိုက်တွေ၊ မသန့်ရှင်းတဲ့အညစ်အကြေးတွေနဲ့ ရှုပ်ထွေးသွားတတ်သလို ရေအရင်းအမြစ်တွေလည်း ထိခိုက်ပျက်စီးသွားတတ်တာမို့ သန့်စင်တဲ့ရေအရင်းအမြစ်ရနိုင်ဖို့ ခက်ခဲသွားလေ့ရှိပါတယ်။ ဒီအခြေအနေမှာ ရေလိုအပ်ချက်အရ မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲမိ၊ အသုံးပြုမိရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေက ကပ်လျက်ပါလာတတ်ပါတယ်။ ဒီအခြေအနေမျိုးဖြစ်မလာစေဖို့အတွက် နည်းလမ်းတွေကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာဖြစ်သလို ငလျင်ဒါဏ်သင့်ဒေသတွေမှာ ဝမ်းပျက်ဝမ်းလျှောအပါအဝင် ရေမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေဘယ်လောက်များတယ်၊ ရောဂါလက္ခဏာတွေက ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုကာကွယ်ကုသလို့ရနိုင်တယ် ဆိုတဲ့အချက်တွေကိုလည်း မျှဝေပေးသွားပါမယ်။ ကူးစက်နိုင်တဲ့ရောဂါပိုးတွေ ဘယ်ကနေရောက်လာနိုင်သလဲ (Risk Factors) မသန့်ရှင်းသော ရေအရင်းအမြစ် - ငလျင်က ရေအရင်းအမြစ်တွေ၊ ရေဖြန့်ဝေရေးစနစ်တွေကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက ငလျင်ဘေးသင့်ဒေသတွေမှာ ရေမသန့်ရှင်းမှုကို အများဆုံးဖြစ်စေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ မိလ္လာစနစ် ပျက်ယွင်းခြင်း - ငလျင်ဒဏ်က ရေအရင်းအမြစ်တွေကိုသာမက မိလ္လာစွန့်ပစ်မှုစနစ်ကိုလည်း ပျက်ယွင်းစေနိုင်ပါတယ်။ မိလ္လာစနစ်ပျက်ယွင်းသွားသည့်တိုင် ၎င်းအခြေအနေကို ပြင်ဆင်ဖို့နဲ့ကိစ္စက ငလျင်ဘေးဒါဏ်သင့်ဒေသတွေမှာ အဓိက ဦးစားပေးလုပ်ဆောင်ဖို့ အခြေအနေ ဘယ်တုန်းကမှ မဟုတ်ပါဘူး။ ဒါ့အပြင် ငလျင်ကြောင့် နေအိမ်ပျက်စီးမှုတွေ ရှိလာတဲ့ ဒေသခံတွေအနေနဲ့လည်း နေ့စဉ် အပေါ့အလေးသွားချင်တဲ့ ပြဿနာကို အဆင်ပြေသလို ဖြေရှင်းတာမျိုးတွေ ပြုလုပ်မိကြတဲ့အခါ အခြေအနေတွေဟာ ပိုဆိုးသွားလေ့ရှိပါတယ်။ အထူးသဖြင့် ဒီနည်းလမ်းနဲ့ ရေအရင်းအမြစ်တွေ မသန့်ရှင်းမှု ပိုတိုးသွားစေနိုင်ပါတယ်။ လူနေထူထပ်လာခြင်း - ငလျင်ဘေးဒဏ်သင့်ပြီးချိန်တွေမှာ လူတွေဟာ ကယ်ဆယ်ရေး ဧရိယာတွေ၊ ဘေးအန္တရာယ်ကင်းရာနေရာတွေမှာ အစုအဖွဲ့လိုက်စုစည်းပြီး နေထိုင်ကြရတာ သဘာဝပါ။ တစ်ဖက်မှာလည်း ဒီလိုလူစုလူဝေးနဲ့ စုဖွဲ့နေထိုင်ခြင်းဟာ ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက်နိုင်စေဖို့အတွက် ပိုပြီး Risk များစေပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသွားခြင်း - ငလျင်ဘေးသင့်ထားချိန်မှာ ရေချိုးချိန်၊ ကိုယ်လက်သန့်ရှင်းချိန်တွေ နည်းသွားတတ်သလို၊ သန့်ရှင်းရေးပြုလုပ်ရာမှာလည်း မသန့်ရှင်းတဲ့ရေတွေကို အသုံးချနေရတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒီအချက်ကြောင့် ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုမြင့်လာလေ့ရှိပါတယ်။ ရောဂါ လက္ခဏာများ (Symptoms) ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်ဝမ်းလျှော ရုတ်တရက် ဝမ်းခဏခဏသွားတာ အော့အန်တာ ရေဓာတ်ခန်းခြောက်တာ ကြွက်သားနာကျင်တာ အဖျားတက်တာ စတာတွေပဲဖြစ်ပါတယ်။ ရေမှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကတော့ ဝမ်းပျက်ဝမ်းလျှော ဖျားနာခြင်း အော့အန်ခြင်း ပုံမှန်မဟုတ်တဲ့ ကြွက်သားနာကျင်မှုဝေဒနာ အသားဝါရောဂါ စတာတွေပဲဖြစ်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းလမ်းများ (Prevention) ရေသန့်ရှင်းရေး သောက်သုံးမည့်ရေကို ရေကို ကျိုချက်သောက်သုံးတာ ပိုးသတ်ထားသည့် သောက်ရေသန့်ကို သောက်သုံးခြင်း မိမိတွင်ရှိသည့်ရေကို သန့်ရှင်းသည့်နေရာတွင် သေချာဖုံးအုပ်သိမ်းဆည်းထားခြင်း မိမိအသုံးပြုမည့်ရေသည် သန့်ရှင်းသည်ဟု မသေချာပါက ကျိုချက်ပြီးမှ အသုံးပြုပါ (သို့) အသုံးမပြုပါနှင့်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အစားမစားမီအချိန်နှင့် အိမ်သာအသုံးပြုပြီးချိန်များတွင် လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် သန့်စင်အောင် ဆေးကြောပါ။ အညစ်အကြေးများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါ။ မစင်စွန့်ရာတွင် အိမ်သာအသုံးမပြုဘဲ အဆင်ပြေရာနေရာတွင် မစင်စွန့်ခြင်းမျိုး မပြုလုပ်သင့်ပါ။ အစားအစာများကို စနစ်ကျ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ပါ။ အစားအစာ သန့်ရှင်းစိတ်ချရရေး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မစားသုံးမီ သို့မဟုတ် မချက်ပြုတ်မီအချိန်တွင် သန့်ရှင်းသောရေဖြင့် သေချာဆေးကြောပါ။ သေချာကျက်အောင် ချက်မထားသည့် အစားအစာများ သို့မဟုတ် အသားစိမ်း၊ ငါးစိမ်းများကို မစားပါနှင့်။ စနစ်တကျ သိမ်းဆည်းထားသော သို့မဟုတ် စနစ်တကျ ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ။ Outbreak မဖြစ်စေဖို့ ဘယ်လိုဖြေရှင်းကြမလဲ (Solution) ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဖြစ်ပေါ်လာပါက ထိန်းချုပ်နိုင်စေရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အသုံးပြုနေသည့်ရေကို စိတ်ချရစေရန် ဆောင်ရွက်ခြင်း ရေပိုက်များ ပေါက်ပြဲပျက်စီးနေပါက ပြုပြင်ပါ ရေသန့် ရရှိစေရန် သန့်ရှင်းသည့် ရေအရင်းအမြစ်မှရေကို ရယူသုံးစွဲပါ၊ ဖြစ်နိုင်ပါက ရေသန့်စက်များ အသုံးပြုပါ ရေသန့်ဆေးပြားနှင့် ကလိုရင်းဆေးပြားများကို အသုံးပြုပါ သန့်ရှင်းရေးနှင့် မိလ္လာစနစ် စိတ်ချရစေရန် ဆောင်ရွက်ခြင်း ပျက်စီးနေသည့် အိမ်သာနှင့် မိလ္လာစနစ်များကို ပြုပြင်ပါ သန့်ရှင်းစွာ အသုံးပြုနိုင်စေမည့် တစ်ခါသုံးအိမ်သာနှင့် မိလ္လာစွန်ပစ်နိုင်မည့် နည်းလမ်းများကို စီစဉ်ပါ အညစ်အကြေး စွန်ပစ်နိုင်မည့် (သို့) သန့်စင်ပေးနိုင်မည့် ပစ္စည်းများကို စီစဉ်ထားပါ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အကူပစ္စည်းများ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပါက ဓာတ်ဆားရည်နိုင်နိုင်သောက်ပါ အရေးပေါ် အသုံးပြုနိုင်စေရန် လက်လှမ်းမီသမျှ ဆေးဝါးများကို ဆောင်ထားပါ ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံးဆက်သွယ်ပါ။ ခုပြောပြခဲ့တဲ့အချက်တွေကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောလိုမျိုး ကျန်းမာရေးပြဿနာတွေ ဆက်လက်မကြုံတွေ့ရစေဖို့အတွက် သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေကို မျှဝေပေးထားခြင်းဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုးကား - WHO, CDC, Health Cluster Myanmar
ငလျင်ဒါဏ်သင့်ဒေသတွေမှာ လိင်ကူးစက်ရောဂါတွေ ကို ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ
ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ကြိုတင်ကာကွယ်နိုင်စေရေး အကြံပြုချက်များ ငလျင်လိုမျိုး ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီးချိန်တွေမှာ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်ပေါင်းများစွာ တွဲလျက်ကပ်ပါလာတတ်ပါတယ်။ တစ်ချို့သော ကျန်းမာရေးပြဿနာတွေဟာ ထင်သာမြင်သာရှိလှသလို ထုတ်ဖော်ပြောဆိုဖို့နဲ့ ထည့်သွင်းစဉ်းစားဖို့ လွယ်ကူပေမယ့် လိင်နဲ့မျိုးဆက်ပွားကျန်းမာရေး လို Topic မျိုးကတော့ တစ်မျိုးတစ်ဘာသာလို့ ဆိုရပါမယ်။ မြန်မာနိုင်ငံလိုမျိုး ဓလေ့ထုံးတမ်းနဲ့ အစွဲအယူပြင်းထန်တဲ့ အာရှတိုင်းပြည်မျိုးမှာ လိင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သာမာန်အချိန်မှာတောင် သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ရှက်ရွံ့တတ်ကြတဲ့ ပြဿနာက သူ့ဟာသူကို ရှိနှင့်ပြီးသားဖြစ်ပါတယ်။ ခုလိုမျိုး သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံထားရချိန်မှာ ဒီလိုပြဿနာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုး ပြုလုပ်ဖို့ လိုအပ်နေရင်တောင်မှ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ ဝေဖန်စကားတွေကို စိုးရွံ့ပြီး တိုင်ပင်ဆွေးနွေးတာမျိုးမလုပ်ပဲ ရှောင်ဖယ်ပုန်းကွယ်နေကြသူတွေ အများအပြားရှိနေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေအတွက် ဒီဖိအားက ပိုကြီးမားလှပါတယ်။ အခက်အခဲများ အထူးသဖြင့် ငလျင်ဒါဏ်သင့် ဧရိယာတွေမှာ လိင်ကျန်းမာရေးဆိုင်ရာ၊ လိင်ကူးစက်ရောဂါတွေနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ချိန်မှာ ဖြေရှင်းဖို့ အခက်အခဲတွေ အများကြီးကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ သက်ရောက်မှုတွေ ကြုံတွေ့လာရသလဲဆိုရင်တော့ သဘာဝဘေးရဲ့ ထိုက်ခိုက်မှုတွေကြောင့် ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ကုသမှုတွေ ပြုလုပ်ပေးနိုင်မယ့် ဆေးရုံဆေးခန်းတွေ၊ ကျန်းမာရေးစနစ်တွေ၊ ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေ လျော့ပါးသွားတာ ဒါမှမဟုတ် မရှိတော့တာ။ ကျန်ရှိနေတဲ့ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း အရေးပေါ် ကုသမှုတွေကို ကိုင်တွယ်နေရတာကြောင့် မအားလပ်နိုင်တဲ့အတွက် လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဦးစားမပေးနိုင်တာ။ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုသမှုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ဆေးဝါး၊ စက်ပစ္စည်းနဲ့ အကူအညီတွေ မလုံလောက်တာ။ ဒါ့အပြင် စိတ်ဒါဏ်ရာနဲ့ တခြားသော ကိုယ်စိတ်နှစ်ပါးထိခိုက်မှုတွေကြောင့် သဘာဝကပ်ဘေးတွေ ကြုံနေရချိန်တွေမှာ ကျား-မ အခြေပြု လိင်အခြေပြုအကြမ်းဖက်မှုတွေ (Gender-Based Violence) ပိုမိုမြင့်တက်လာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဘာကြောင့် ခုလိုမျိုးဖြစ်ရသလဲဆိုရင်တော့ ကယ်ဆယ်ရေးစခန်းတွေမှာ လူနေထူထပ်လွန်းလာပြီး လုံခြုံရေးမှုနဲ့ စိတ်ချရမှုအပိုင်းတွေ အားနည်းလျော့ပါးလာပြီး လိင်အကြမ်းဖက်မှုတွေ ဖြစ်နိုင်ခြေပိုတိုးပွားလာတာ။ သဘာဝဘေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ယဉ်ကျေးမှုစံနှုန်းနှင့် ဓလေ့ထုံးတမ်း အကာအကွယ်များ ယိုယွင်းအားနည်းလာပြီး အကြမ်းဖက်လိုစိတ် မြင့်တက်လာတာ။ မိသားစုနှင့် ကွဲကွာနေရသည့် ကလေးငယ်များနှင့် အမျိုးသမီးငယ်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများနှင့် အမြတ်ထုတ်မှုများပြုလုပ်သူများအတွက် အခွင့်အလမ်းပိုများလာတာ .. စတဲ့အခက်အခဲတွေကြောင့် လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ပိုတိုးလာစေပါတယ်။ စိန်ခေါ်မှုများ သဘာဝဘေးကြောင့်ဖြစ်လာတဲ့ စိတ်အခြေအနေတွေ၊ ဘေးထွက်ဆိုးကျိုးတွေဟာ သာမန်လူတွေကိုတင်မကပါဘူး၊ မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ အများကြီး ရှိလာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးမိခင်တွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့ နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် အခက်အခဲကြုံကြရသလိုမျိုးပဲ ပဋိသန္ဓေတားဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဆေးဝါးနဲ့ ကျွမ်းကျင်သူ လုံလောက်စွာရရှိနိုင်ဖို့ အခက်အခဲရှိလာတာမို့ မလိုအပ်ပဲ ကိုယ်ဝန်ဆောင်ရနိုင်ခြေလည်း မြင့်တက်လာတတ်ပါတယ်။ တစ်ဖက်မှာလည်း သားဆက်ခြားရေးပြဿနာသာမက လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်ခြေနဲ့ ထိမ်းချုပ်နိုင်ခြေကလည်း ကျဆင်းသွားမှာဖြစ်တယ်။ အထူးသဖြင့် HIV/AIDS ရောဂါရှိနေတာကြောင့် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ ဆေးဝါးလုံလောက်စွာမရရှိတာမျိုးတွေ ဖြစ်လာနိုင်သလို ဆေးစစ်မှုနဲ့ ကုသမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်မားလာမှာဖြစ်တာမို့ တခြားလိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ထိမ်းချုပ်နိုင်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ဘယ်လို ဖြေရှင်းကြမလဲ ဒီပြဿနာကို အဖြေရှာရမှာ အဖြေက ၂ ဘက်ရှိနိုင်ပါတယ်။ တစ်ဖက်ကတော့ မိမိကိုယ်တိုင် လိုက်နာလုပ်ဆောင်ရမယ့် နည်းလမ်းဖြစ်ပြီးတော့ တစ်ခြားတစ်ဖက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စီစဉ်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်။ ကိုယ်တိုင် လုပ်ဆောင်ရမယ့် အချက်တွေကတော့ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိအောင် အားထုတ်ပါ၊ အထူးသဖြင် ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ လိင်ကျန်းမာရေးနဲ့ သားဆက်ခြားကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာပါ။ စိတ်မချရတဲ့ ကယ်ဆယ်ရေးစခန်းတွေ၊ လူစုလူဝေးတွေကို ရှောင်ရှားပြီး မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းရှင်းအောင် နေထိုင်ပါ။ ယာယီကျန်းမာရေးဌာနတွေ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် လုံခြုံစိတ်ချရမယ့်နေရာတွေကို ကြိုတင်ရှာဖွေထားပါ။ ကျား-မ အခြေပြု လိင်အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်စေဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေနဲ့သာ အတူတကွနေထိုင်ပါ။ လိင်အကြမ်းဖက်မှုတွေ၊ နှောင့်ယှက်မှုတွေ ကြုံလာခဲ့ရင် ရှက်ရွံ့နှုတ်ဆိတ်မနေပဲ အကူအညီတောင်းပါ။ မိမိက လိင်မှုကိစ္စ ပြုလုပ်လေ့ရှိသူ၊ အိမ်ထောင်ရှိသူဖြစ်မယ်ဆိုရင် လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ မကူးစက်စေဖို့နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်းမျိုးမဖြစ်စေဖို့ စိတ်ချရတဲ့ လိင်ဆက်ဆံမှုနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါမယ်။ သားဆက်ခြားပစ္စည်းတွေ၊ သားဆက်ခြားနည်းလမ်းတွေ ရရှိနိုင်မယ့် နေရာကို ကြိုတင်ရှာဖွေထားပြီး မိမိနဲ့သင့်လျော်တဲ့ နည်းလမ်းကို အသုံးချပါ။ လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေထဲက တစ်ခုခုရဲ့ လက္ခဏာမိမိမှာရှိနေတယ်လို့ သံသယရှိခဲ့ရင် အမြန်ဆုံးစစ်ဆေးနိုင်ဖို့ လုပ်ဆောင်ပါ။ ဘေးအန္တရာယ်ရှိတဲ့ လိင်ဆက်ဆံခြင်းနည်းလမ်းတွေကို မပြုလုပ်ပါနဲ့။ လူရယ်လို့ဖြစ်လာရင် ပုထုဇဉ်လူသားသဘာဝ လိင်ကိစ္စရပ်တွေနဲ့ ကင်းကွာဖို့ ခဲယဉ်းလှပါတယ်။ အသက်အရွယ်နဲ့ လိင်အမျိုးအစားအလိုက် လိင်မှုကိစ္စဆိုင်ရာ အပြုအမူတွေ လူတိုင်းမှာရှိတတ်ကြပြီး လိင်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအကြောင်းကိစ္စတွေဖြစ်လာပြီဆိုရင် သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကုသခြင်းကသာ နည်းလမ်းအမှန်ဆိုတာကို အမြဲမှတ်ယူထားဖို့လိုအပ်သလို မိမိကျန်းမာရေးကိစ္စအတွက် မည်သူ့ရဲ့ ဝေဖန်စောကြောသံကိုမှ နားမယောင်ပဲ ပျောက်ကင်းအောင်ကုသဖို့ကိုသာ အာရုံစိုက်ဖို့လည်း အကြံပြုပါရစေ။ Ref: WHO, Rescue, Health Cluster Myanmar
| ဆောင်းပါး | ရေးသားသူ | ရက်စွဲ | |
|---|---|---|---|
|
Admin
|
06.04.2025
|
› | |
|
Admin
|
06.04.2025
|
› | |
|
Admin
|
05.04.2025
|
› | |
|
Admin
|
25.02.2025
|
› | |
|
Admin
|
27.01.2025
|
› | |
|
Admin
|
26.01.2025
|
› | |
|
Admin
|
06.01.2025
|
› | |
|
Admin
|
06.01.2025
|
› | |
အရေပြားအလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး
ဆေးဖက်ဝင်အပင်များ |
Admin
|
06.01.2025
|
› |
|
Admin
|
06.01.2025
|
› | |
Norovirus အကြောင်း သိကောင်းစရာ
အထွေထွေ |
Admin
|
01.01.2025
|
› |
|
Admin
|
04.12.2024
|
› |