အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ
Psoriasis (ဆိုရီရေးစစ်) ဆိုတာက အရေပြားဆဲလ်တွေကို စုပုံစေပြီး အရေပြားအပေါ်ယံအလွှာမှာ အမာရွတ်တွေ ဖြစ်စေနိုင်တဲ့ ကိုယ်ခံအားမှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကလည်း ဆိုရီရေးစစ် ခံစားနေရသူတွေမှာ ဒီကျန်းမာရေး ပြဿနာကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ များစွာတွေထဲက တစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ဆိုရီရေးစစ် ရှိသူတွေအနေနဲ့ သတိထားဆင်ခြင်လို့ရအောင် ဘယ်လို အစားအစာတွေက ဆိုရီရေးစစ်ပြဿနာကို ပိုဆိုးစေနိုင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ဆိုရီရေးစစ်ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသော သူတွေနဲ့စာရင် အဝလွန်တာမျိုး၊ အမျိုးအစား-၂ ဆီးချိုရောဂါ ခံစားရတာမျိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတတ်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချဖို့ဆိုရင် နေ့စဉ် စားသောက်မှုကို သေချာလေး ဆင်ခြင်ဖို့ လိုပါမယ်။ အချို့သော အစားအစာတွေက ဆိုရီရေးစစ်တွေကို ပိုဆိုးစေတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီလို ခံစားရနိုင်ခြေကလည်း တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခံအား တုံ့ပြန်မှုပေးမူတည်ပြီး ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ ဆိုရီရေးစစ် အရေပြားပြဿနာကို ခံစားနေရပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေထက် ပိုဆိုးလာတာမျိုးတွေ မဖြစ်စေဖို့ဆိုရင် အခုပြောပြတဲ့ အစားအစာလေး တွေကို ရှောင်ဖို့လိုပါမယ်။ ဂလူတန် ပါတဲ့ အစားအစာတွေ ဂလူတန်ဆိုတာက ဂျုံလိုမျိုး နှံစားသီးနှံတွေထဲမှာ ပါဝင်နေတဲ့ ပရိုတင်း တစ်မျိုးပါ။ နေ့စဉ်စားသုံးမှုမှာ ပါဝင်နိုင်တဲ့ အရာတွေအနေနဲ့ တွေ့ရနိုင်တာကတော့ ပေါင်မုန့်၊ ပက်စတာနဲ့ ဂျုံကို အခြေခံပြီးထုတ်ထားတဲ့ အစားအစာတွေပါ။ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ ဂလူတန်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ လျှော့စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အနီရောင် အသားတွေ အနီရောင် အသားတွေမှာ arachidonic acid လို့ခေါ်တဲ့ polyunsaturated fatty acid ပါဝင်နေတာကြောင့် ဆိုရီရေးစစ်ကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။ အနီရောင်အသားတွေ အများကြီး ပါဝင်နေတဲ့ အစားအစာတွေက ဆိုရီရေးစစ်ကြောင့် ရောင်ရမ်းမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ အနီရောင်အသားတွေကို ရှောင်လိုက်တာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဆိုရီရေးစစ် ပိုမဆိုးလာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်ရှိတယ်ဆိုရင် အနီရောင် အသားတွေကို တတ်နိုင်သမျှလျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ ပြုပြင်ထားတဲ့ အသားတွေနဲ့ အစားအစာတွေက ဆိုရီရေးစစ်အပါအဝင် ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေရှိတာက ပြုပြင်ထားတဲ့ အစားအစာတွေက အမျိုးအစား-၂ ဆီးချိုရောဂါ၊ အဝလွန် နဲ့ နှလုံးရောဂါတွေအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာ တွေကို ဖြစ်စေနိုင်ပါတယ်။ ဆိုရီရေးစစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အဝလွန်တာ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်လည်း ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီး မစားတာမျိုး လုပ်ဖို့ လိုပါမယ်။ အရက် အရက်နဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေက ဆိုရိရေးစစ်ရဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်သလို ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်လက္ခဏာတွေ ရှိမယ်ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှ လျှော့သောက်ဖို့ လိုပါမယ်။ ကဖင်း ကော်ဖီ၊ လက်ဖက်ရည်နဲ့ လက်ဖက်၊ ကိုလာ၊ အားဖြည့်အချိုရည်လိုမျိုး ကဖင်းဓာတ်ပါနေတဲ့ သောက်စရာတွေက ဆိုရိရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် ဆိုရီရေးစစ် ရှိနေမယ်ဆိုရင် ကဖင်းပါတဲ့ စားစရာတွေကိုလည်း တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။ ဆိုရီရေးစစ်ရှိသူတွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၄ ခွက်ထပ်ပိုသောက်မယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ သိရပါတယ်။ Nightshade vegetables တွေ Nightshade vegetables တွေ ဖြစ်ကြတဲ့ ခရမ်းချဉ်သီး ငရုတ်ပွ အာလူး ခရမ်းသီးတို့လိုမျိုး အသီးတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ဒီအသီးအနှံတွေမှာပါနေတဲ့ chemical တစ်မျိုးက ဆိုရီရေးစစ်ကိုရော ရောင်ရမ်းမှုတွေကိုပါ ပိုဆိုးစေနိုင်တာကြောင့်ပါ။ ဒါကြောင့် ဆိုရီရေးစစ်ဖြစ်နေမယ်ဆိုရင် ဒီအသီးအနှံလေးတွေကို မစားတာက အကောင်းဆုံးဖြစ်မှာပါ။ ဘာတွေ စားရမလဲ! ရှောင်ရမယ့် အစားအစာတွေပြီးတော့ စားပေးသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဆိုရီရေးစစ် ရှိမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တာလေးတွေကို ရှောင်ပြီးတော့ လက္ခဏာတွေ သက်သာစေဖို့အတွက် ဆိုရင်တော့ - သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ အိုမီဂါ သရီးကြွယ်ဝတဲ့ ငါး ဗီတာမင် D ဖြည့်စွက်ဆေးဝါးတွေ ပရိုဘိုင်အိုတစ် ပါတာတွေ အော်ဂဲနစ် အစားအစာတွေကို နေ့စ၁ည် စားသုံးမှုမှာ ပါဝင်အောင် စားသုံးသင့်ပါတယ်။ ဘယ်လို အခြေအနေတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်လဲ! နေ့စဉ်ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ အခြေအနေ အရပ်ရပ်ကလည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ ရာသီဥတု အေးတာ၊ခြောက်သွေ့တာ စိတ်ဖိစီးတာ အရက်သောက်တာ အရေပြားမှာ ထိခိုက်မိတာ ပိုးဝင်ကူးစက်ခံရတာ (လည်ချောင်းနာတာလိုမျိုး) ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာ အချို့သောဆေးဝါးတွေကြောင့်လည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ ဆိုရီရေးစစ် ခံစားနေရတာ တူကြပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်မှာ ကိုယ်ခံအား တုံ့ပြန်ပုံချင်း မတူတာကြောင့် ဖြစ်ပေါ်ခံစားရတဲ့ အခြေအနေတွေ မတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်အနေနဲ့လည်း ဘယ်လို အခြေအနေတွေမှာ ဆိုရီရေးစစ်က ပိုဆိုးတတ်လဲ။ ဘယ်လိုအရာတွေက ပိုဆိုးစေနိုင်လဲဆိုတာကို သတိထားပြီး ဆင်ခြင်တာက အကောင်းဆုံးပါ။ Lotoshinရဲ့ စကားလက်ဆောင် အချို့သော အစားအစာတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်တိုင်ရဲ့ စားသောက်မှုတွေကို သေချာ ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဆိုရီရေးစစ်ရှိသူတွေအနေနဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းတဲ့ ပရိုတင်း၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ နှံစားသီးနှံတွေနဲ့ အပင်ကနေရတဲ့ အဆီတွေကို အဓိက စားသင့်ပါတယ်။ ဆိုရီရေးစစ်ရှိသူတွေ အနေနဲ့ အစားအစာလေးတွေကို သေချာလေး ဂရုစိုက် စားပေးတာ၊ နေ့စဉ်ရဲ့ အပြုအမူလေးတွေကို ဂရုစိုက်ဆင်ခြင်တာက ဆိုရီရေးစစ်ကို သက်သာစေဖို့ရော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချို၊ အဝလွန်တာ၊ နှလုံးရောဂါလိုမျိုး ပြဿနာတွေ ဖြစ်နိုင်ခြေကိုပါ အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။ ဆိုရီရေးစစ် ရှိမယ်ဆိုရင် အစားအသောက် ဂရုစိုက်မှုနဲ့အတူ ပုံမှန် အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းတာ၊ လိုအပ်တဲ့ ဆေးကုသမှု ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။
စိတ်ဖိစီးမှု များရင် ဆံပင်ကျွတ်မှာလား!
စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာလားဆိုတော့ အဖြေလေးကတော့ လိုရင်းတိုရှင်းပြောရရင် ဟုတ်ပါတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာပါ။ စိတ်ဖိစီးမှုများတာကြောင့် ဆံပင်ကျွတ်တာကို အမျိုးအစားအနေနဲ့ ခွဲပြောရမယ်ဆိုရင် (၃) မျိုးရှိပါတယ်။ နံပါတ် (၁) >>> Telogen effluvium - ဒီ Telogen effluvium (TEL-o-jun uh-FLOO-vee-um)ဆိုတာက စိတ်ဖိစီးမှု သိသိသာသာ များနေတာကြောင့် ဆံပင်တွေရဲ့ မွေးညှင်းအိတ်လေးတွေက ဘာမှကို အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တဲ့ အခြေအနေမျိုးကိုရောက်သွားတာပါ။ ပြီးရင်တော့ လအနည်းငယ် အကြာမှာ ဆံပင်တွေက ရုတ်တရက် အများကြီး ကျွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်ကို ထိန်းသိမ်းတာ လျှော်တာတွေကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ နံပါတ် (၂) >>> Trichotillomania - ဒီ Trichotillomania (trik-o-til-o-MAY-nee-uh) ဆိုတာက စိတ်ဖိစီးမှု များနေချိန်မှာ ဆံပင်တွေကို မနားမနေ ဆွဲနှုတ်တာမျိုးပါ။ ဒီလို အခြေအနေမျိုးမှာ ဦးရေပြားကိုရော ဆံပင်မွေးညှင်းအိတ်လေးတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များချိန်တွေ၊ စိတ်ထဲမှာ ဖိအားတွေ အရမ်းများနေတာ၊ စိတ်ညစ်စရာတွေ များနေချိန်မှာ ဆံပင်တွေကို နှုတ်တာမျိုး ရှိသလို သက်တောင့်သက်သာမဖြစ်တဲ့ ခံစားချက်ကြောင့် မျက်ခုံးတွေကို နှုတ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ နံပါတ် (၃) >>> Alopecia areata - ဒီ (al-o-PEE-she-uh ar-e-A-tuh) ဆိုတာက ပြင်းထန်တဲ့ စိတ်ဖိအားတွေ ကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာမျိုးပါ။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းတော့ ဖြစ်နိုင်ပါတယ်။ ဥပမာ - ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဆံပင်ရဲ့ မွေးညှင်းအိတ်လေးတွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်တာမျိုးပါ။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာက နာတာရှည် ကျန်းမာရေး ပြဿနာလိုမျိုး ရေရှည် ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်သွားတဲ့အခါမျိုးမှာ ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ထွက်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ရုတ်တရက်ကြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်တွေ အကွက်လိုက်ကြီး ကျွတ်တာမျိုးတွေက ပုံမှန်ထက် ပိုဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသတိုင်ပင်ဖို့ လိုပါမယ်။ ရုတ်တရက်ဆံပင်တွေ အများကြီး ကျွတ်တယ်ဆိုတာက ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နေတတ်တာကြောင့် သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ဆံပင်တွေ အရမ်းကျွတ်နေပြီဆိုရင်တော့ အရင်ဆုံး စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလေး တွေ ပုံမှန်လုပ်တာမျိုး၊ စိတ်အပန်းပြေစေမယ့် သီချင်းလေးတွေ နားထောင်တာမျိုး၊ အိပ်ရေးဝဝအိပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာမျိုးတွေ နေ့စဉ် အလေ့အထလေးတွေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။