အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
မိုးအေးချိန်တွေမှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ
ခေါင်းကိုက်တယ်ဆိုတဲ့ စကားက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတာက ကျန်းမာရေး အခြေအနေ တစ်ခုခု ကြောင့် ဖြစ်ပြီး တစ်ခါတစ်လေမှာတော့ ပတ်ဝန်းကျင် အနေအထားတွေ၊ နေ့စဉ် လည်ပတ်နေတဲ့ နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒါဆို မိုးအေးရင်ရော ခေါင်းကိုက်တတ်လားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ရာသီဥတု အပြောင်းအလဲတွေဖြစ်တဲ့ မိုးအုံ့တာ၊ လေထုထဲမှာ စိုထိုင်းဆ များတာ၊ အပူချိန် မြင့်တက်တာ၊ မုန်တိုင်းထန်တာ အားလုံးလိုလိုဟာ လူတွေကို ခေါင်းကိုက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုက ဖိအားသက်ရောက်မှုကို ပြောင်းလဲစေတယ်။ ဒီဖိအား သက်ရောက်မှုဆိုတာက ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိအား သက်ရောက်မှုကို ဆိုလို ချင်တာပါ။ ဒီလို ဖိအားသက်ရောက်မှု ပြောင်းလဲတာက ဦးနှောက်ထဲမှာ Chemical နဲ့ Electrical ပြောင်းလဲမှုတွေကို စတင်ဖြစ်စေပါတယ်။ ဒီလို ပြောင်းလဲမှုဖြစ်စဉ်ကိ အာရုံကြောတွေကို မအီမသာ ဖြစ်စေပြီး ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ခွန်းတည်း အဖြေပြောရမယ်ဆိုရင်တော့ မိုးအေးရင် ခေါင်းကိုက်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုက ရာသီဥတု အပြောင်းအလဲကြောင့် အပူအအေး မြန်ဆန်စွာ ပြောင်းလဲရာကနေ ခေါင်းကိုက်တာမျိုး ဖြစ်စေတာပါ။ မုန်တိုင်းလိုမျိုး တိုက်မယ်ဆိုတဲ့အခါဖြစ်ဖြစ် ကိုယ်တိုင်က မိုးကို မကြိုက်တာမျိုး ဖြစ်ရင် ဖြစ်ဖြစ် မိုးရွာတာကို စိတ်ဖိစီးပြီး ဦးနှောက်ထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီစောဟော်မုန်းတွေ ထွက်ရှိမှုကြောင့် လည်း ခေါင်းကိုက်နိုင်ပါတယ်။ ဖျားနာတာကြောင့် မဟုတ်ဘဲ ခေါင်းကိုက်တာဖြစ်တာကြောင့် ခေါင်းကိုက်တာကို သက်သာစေမယ့် အိမ်တွင်း နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ ရေတစ်ခွက် ဝဝသောက်လိုက်တာ တိတ်ဆိတ်တဲ့နေရာမှာ နားနားနေနေနေတာ အိပ်ရေးဝဝအိပ်လိုက်တာ သစ်သီးဖျော်ရည်သောက်တာ ခေါင်းကိုက်သက်သာစေမယ့် OTC ဆေး တစ်မျိုးမျိုး သောက်ပေးတာ ဝင်သက်ထွက်သက်မှတ်တာမျိုးတွေ လုပ်ပြီး ဖြေရှင်းလို့ ရပါတယ်။
မျက်နှာကြီး ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ
မျက်နှာချည်းပဲ ကွက်ပြီး မဲနေတယ်လို့ ဆိုလိုက်တော့ စိတ်ထဲမယ် ဘယ်သူ့ ပြေးမြင်တုန်း။ ငယ်ငယ်က ကြည့်ဖူးတဲ့ ပေါင်ချိန်ပဲ မဟုတ်လား။ ဒီလိုပဲ သူငယ်ချင်းတွေမှာဆိုရင်လဲ မျက်နှာပိုမဲတဲ့သူကို မျက်နှာမဲ ပေါင်ချိန်လို့ စနောက်ခဲ့ဖူးကြမယ်ထင်ပါရဲ့။ အများအားဖြင့်တော့ မျက်နှာမဲတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ Hyperpigmentation လို့ခေါ်တဲ့ အသားအရေရှိသင့်တာထက် ပိုမိုအရောင်ရင့်သွားခြင်းဟာ ခန္ဓာကိုယ် အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Melanin တွေ ပိုမိုထုတ်လုပ်တာကြောင့် အသားအရောင် ပိုပြီး ညိုမောင်းလာတဲဖြစ်စဥ် ဆိုပါတော့။ တစ်ချို့လူတွေမှာတော့ မျက်နှာတစ်ဝိုက်မှာ ရှိသင့်တာထက်ပိုပြီး အသားအရောင် ရင့်နေတာမျိုးဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အသားအရောင်ဖြစ်ပေမယ့် မျက်နှာချည်းပဲကွက်မည်းနေတာကျ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးချင်စရာ၊ အများအမြင်မှာ နောက်ပြောင်ကျည်စယ်ချင်စရာ အနေအထားမျိုးပါ။ လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ Melanin အများဆုံး ထွက်တဲ့နေရာဖြစ်ပြီးတော့ နေရောင်လိုအရာမျိုးတွေနဲ့လည်း အဓိက ထိတွေ့ရလေ့ရှိတာမို့ ပုံမှန်အားဖြင့်ကို ခန္ဓာကိုယ်ထက် မျက်နှာက အသားအရောင် အနည်းငယ် ပိုရင့်တတ်ပါတယ်။ ဒါပေမယ့် သာမန်ထက်ပိုပြီး အသားအရောင်ပိုရင့်ကာ မျက်နှာကြီးက ကွက်ပြီးမဲနေတယ်၊ ဘယ်လိုလုပ်လုပ်လည်း ဖြူမလာဘူးဆိုရင်တော့ဖြင့် တခြားစဉ်းစားစရာကိစ္စတွေလည်းရှိနေပြန်ပါတယ်။ လေ့လောချက်တွေအရ မျက်နှာအသားအရောင်ကို မဲစေနိုင်တဲ့အကြောင်းအရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်တဲ့။ ?နေရောင်နဲ့ မကြာခနထိတွေ့ရတာ ?အရေပြားပြဿနာဖြစ်နေတာ ?ကင်ဆာဆေးတွေ မှီဝဲနေရတာ ?ဟိုမုန်း ပြောင်းလဲနေတာ ?ကျောက်ကပ်ရှိ အက်ဒရီနယ်ဂလင်းတွေ ပျက်ဆီးမှုကြောင့်ဖြစ်တဲ့ Addison Disease ရှိနေတာ စတာတွေပါပဲ။ မျက်နှာအသားအရောင် ရှိသင့်တာထက်ပိုမို ရင့်နေတာဟာ နေရောင်ထဲကို ပုံမှန်သွားလာနေရသူတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေမယ့် ပုံမှန်မျက်နှာသန့်စင်မှု နည်းလမ်းတွေ၊ Sunscreen တွေ၊ အသားဖြူစေမယ့် နည်းနာတွေ အသုံးပြုတာတောင်မှ အဆင်မပြေဆက်ဖြစ်နေမယ်ဆိုရင်တော့ဖြင့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်မှာဖြစ်တယ်လို့ အကြံပေးပါရစေ။