ငလျင်အပြီးမှာ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်စေမယ့် အကြံပြုချက်များ
အထွေထွေ

ငလျင်အပြီးမှာ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်စေမယ့် အကြံပြုချက်များ

Admin

📅 05.04.2025
ငလျင်ဒါဏ်သင့်ဒေသခံများအတွက် ဝမ်းပျက်ဝမ်းလျှော (Cholera) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Acute Watery Diarrhea) နှင့် ရေမှတဆင့် ကူးစက်နိုင်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရေး အကြံပြုချက်များ ငလျင်ဒါဏ်ကို ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေဟာ ငလျင်ဘေးကြီး ပြီးဆုံးသွားတာနဲ့ အမျိုးမျိုးအဖုံဖုံသော နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ငလျင်ဘေးကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းဖြစ်လာတာက တစ်ကြောင်း တစ်ဖက်မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ကွယ်လွန်ပြီးသူတွေရဲ့ အလောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် သက်ရောက်မှုတွေ အများကြီးရှိလာတတ်တာကြောင့်ပါ။ ဒါကြောင့်လည်း ငလျင်ဒါဏ်သင့်ဒေသတွေမှာ ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ ကူးစက်ရောဂါတွေ ဖြစ်ပွားနှုန်းမြင့်တက်လာတတ်တာဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားနှုန်းမြင့်တက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ Risk အများဆုံး ကျန်းမာရေးပြဿနာလို့ ဆိုလို့ရနိုင်တဲ့အရာကတော့ ဝမ်းပျက်ဝမ်းလျှောအပါအဝင် ရေမှတဆင့်ကူးစက်တတ်တဲ့ ရောဂါမျိုးတွေပါပဲ။ ငလျင်ဒါဏ်သင့်ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်အနေအထားကလည်း အမှိုက်သရိုက်တွေ၊ မသန့်ရှင်းတဲ့အညစ်အကြေးတွေနဲ့ ရှုပ်ထွေးသွားတတ်သလို ရေအရင်းအမြစ်တွေလည်း ထိခိုက်ပျက်စီးသွားတတ်တာမို့ သန့်စင်တဲ့ရေအရင်းအမြစ်ရနိုင်ဖို့ ခက်ခဲသွားလေ့ရှိပါတယ်။ ဒီအခြေအနေမှာ ရေလိုအပ်ချက်အရ မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲမိ၊ အသုံးပြုမိရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေက ကပ်လျက်ပါလာတတ်ပါတယ်။ ဒီအခြေအနေမျိုးဖြစ်မလာစေဖို့အတွက် နည်းလမ်းတွေကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာဖြစ်သလို ငလျင်ဒါဏ်သင့်ဒေသတွေမှာ ဝမ်းပျက်ဝမ်းလျှောအပါအဝင် ရေမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေဘယ်လောက်များတယ်၊ ရောဂါလက္ခဏာတွေက ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုကာကွယ်ကုသလို့ရနိုင်တယ် ဆိုတဲ့အချက်တွေကိုလည်း မျှဝေပေးသွားပါမယ်။ ကူးစက်နိုင်တဲ့ရောဂါပိုးတွေ ဘယ်ကနေရောက်လာနိုင်သလဲ (Risk Factors) မသန့်ရှင်းသော ရေအရင်းအမြစ် - ငလျင်က ရေအရင်းအမြစ်တွေ၊ ရေဖြန့်ဝေရေးစနစ်တွေကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက ငလျင်ဘေးသင့်ဒေသတွေမှာ ရေမသန့်ရှင်းမှုကို အများဆုံးဖြစ်စေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ မိလ္လာစနစ် ပျက်ယွင်းခြင်း - ငလျင်ဒါဏ်က ရေအရင်းအမြစ်တွေကိုသာမက မိလ္လာစွန့်ပစ်မှုစနစ်ကိုလည်း ပျက်ယွင်းစေနိုင်ပါတယ်။ မိလ္လာစနစ်ပျက်ယွင်းသွားသည့်တိုင် ၎င်းအခြေအနေကို ပြင်ဆင်ဖို့နဲ့ကိစ္စက ငလျင်ဘေးဒါဏ်သင့်ဒေသတွေမှာ အဓိက ဦးစားပေးလုပ်ဆောင်ဖို့ အခြေအနေ ဘယ်တုန်းကမှ မဟုတ်ပါဘူး။ ဒါ့အပြင် ငလျင်ကြောင့် နေအိမ်ပျက်စီးမှုတွေ ရှိလာတဲ့ ဒေသခံတွေအနေနဲ့လည်း နေ့စဉ် အပေါ့အလေးသွားချင်တဲ့ ပြဿနာကို အဆင်ပြေသလို ဖြေရှင်းတာမျိုးတွေ ပြုလုပ်မိကြတဲ့အခါ အခြေအနေတွေဟာ ပိုဆိုးသွားလေ့ရှိပါတယ်။ အထူးသဖြင့် ဒီနည်းလမ်းနဲ့ ရေအရင်းအမြစ်တွေ မသန့်ရှင်းမှု ပိုတိုးသွားစေနိုင်ပါတယ်။ လူနေထူထပ်လာခြင်း - ငလျင်ဘေးဒါဏ်သင့်ပြီးချိန်တွေမှာ လူတွေဟာ ကယ်ဆယ်ရေး ဧရိယာတွေ၊ ဘေးအန္တရာယ်ကင်းရာနေရာတွေမှာ အစုအဖွဲ့လိုက်စုစည်းပြီး နေထိုင်ကြရတာ သဘာဝပါ။ တစ်ဖက်မှာလည်း ဒီလိုလူစုလူဝေးနဲ့ စုဖွဲ့နေထိုင်ခြင်းဟာ ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက်နိုင်စေဖို့အတွက် ပိုပြီး Risk များစေပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသွားခြင်း - ငလျင်ဘေးသင့်ထားချိန်မှာ ရေချိုးချိန်၊ ကိုယ်လက်သန့်ရှင်းချိန်တွေ နည်းသွားတတ်သလို၊ သန့်ရှင်းရေးပြုလုပ်ရာမှာလည်း မသန့်ရှင်းတဲ့ရေတွေကို အသုံးချနေရတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒီအချက်ကြောင့် ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုမြင့်လာလေ့ရှိပါတယ်။ ရောဂါ လက္ခဏာများ (Symptoms) ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့
  • ဝမ်းပျက်ဝမ်းလျှော
  • ရုတ်တရက် ဝမ်းခဏခဏသွားတာ
  • အော့အန်တာ
  • ရေဓာတ်ခန်းခြောက်တာ
  • ကြွက်သားနာကျင်တာ
  • အဖျားတက်တာ စတာတွေပဲဖြစ်ပါတယ်။
ရေမှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကတော့
  • ဝမ်းပျက်ဝမ်းလျှော
  • ဖျားနာခြင်း
  • အော့အန်ခြင်း
  • ပုံမှန်မဟုတ်တဲ့ ကြွက်သားနာကျင်မှုဝေဒနာ
  • အသားဝါရောဂါ စတာတွေပဲဖြစ်ပါတယ်။
ငလျင်အပြီးမှ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်စေမယ့် အကြံပြုချက်များ ကာကွယ်နိုင်မယ့် နည်းလမ်းများ (Prevention) ရေသန့်ရှင်းရေး
  • သောက်သုံးမည့်ရေကို ရေကို ကြိုချက်သောက်သုံးတာ
  • ပိုးသတ်ထားသည့် သောက်ရေသန့်ကို သောက်သုံးခြင်း
  • မိမိတွင်ရှိသည့်ရေကို သန့်ရှင်းသည့်နေရာတွင် သေချာဖုံးအုပ်သိမ်းဆည်းထားခြင်း
  • မိမိအသုံးပြုမည့်ရေသည် သန့်ရှင်းသည်ဟု မသေချာပါက ကြိုချက်ပြီးမှ အသုံးပြုပါ (သို့) အသုံးမပြုပါနှင့်။
တစ်ကိုယ်ရေ သန့်ရှင်းရေး
  • အစားမစားမီအချိန်နှင့် အိမ်သာအသုံးပြုပြီးချိန်များတွင် လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် သန့်စင်အောင် ဆေးကြောပါ။
  • အညစ်အကြေးများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါ။
  • မစင်စွန့်ရာတွင် အိမ်သာအသုံးမပြုပဲ အဆင်ပြေရာနေရာတွင် မစင်စွန့်ခြင်းမျိုး မပြုလုပ်သင့်ပါ။
  • အစားအစာများကို စနစ်ကျ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ပါ။
အစားအစာ သန့်ရှင်းစိတ်ချရရေး
  • သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မစားသုံးမီ သို့မဟုတ် မချက်ပြုတ်မီအချိန်တွင် သန့်ရှင်းသောရေဖြင့် သေချာဆေးကြောပါ။
  • သေချာကျက်အောင် ချက်မထားသည့် အစားအစာများ သို့မဟုတ် အသားစိမ်း၊ ငါးစိမ်းများကို မစားပါနှင့်။
  • စနစ်တကျ သိမ်းဆည်းထားသော သို့မဟုတ် စနစ်တကျ ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ။
Outbreak မဖြစ်စေဖို့ ဘယ်လိုဖြေရှင်းကြမလဲ (Solution) ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဖြစ်ပေါ်လာပါက ထိမ်းချုပ်နိုင်စေရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အသုံးပြုနေသည့်ရေကို စိတ်ချရစေရန် ဆောင်ရွက်ခြင်း
  • ရေပိုက်များ ပေါက်ပြဲပျက်စီးနေပါက ပြုပြင်ပါ
  • ရေသန့် ရရှိစေရန် သန့်ရှင်းသည့် ရေအရင်းအမြစ်မှရေကို ရယူသုံးစွဲပါ၊ ဖြစ်နိုင်ပါက ရေသန့်စက်များ အသုံးပြုပါ
  • ရေသန့်ဆေးပြားနှင့် ကလိုရင်းဆေးပြားများကို အသုံးပြုပါ
သန့်ရှင်းရေးနှင့် မိလ္လာစနစ် စိတ်ချရစေရန် ဆောင်ရွက်ခြင်း
  • ပျက်စီးနေသည့် အိမ်သာနှင့် မိလ္လာစနစ်များကို ပြုပြင်ပါ
  • သန့်ရှင်းစွာ အသုံးပြုနိုင်စေမည့် တစ်ခါသုံးအိမ်သာနှင့် မိလ္လာစွန်ပစ်နိုင်မည့် နည်းလမ်းများကို စီစဉ်ပါ
  • အညစ်အကြေး စွန်ပစ်နိုင်မည့် (သို့) သန့်စင်ပေးနိုင်မည့် ပစ္စည်းများကို စီစဉ်ထားပါ
ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အကူပစ္စည်းများ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်လာပါက ဓာတ်ဆားရည်နိုင်နိုင်သောက်ပါ
  • အရေးပေါ် အသုံးပြုနိုင်စေရန် လက်လှမ်းမီသမျှ ဆေးဝါးများကို ဆောင်ထားပါ
  • ကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံးဆက်သွယ်ပါ။
ခုပြောပြခဲ့တဲ့အချက်တွေကတော့ ငလျင်ဒါဏ်သင့်ဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောလိုမျိုး ကျန်းမာရေးပြဿနာတွေ ဆက်လက်မကြုံတွေ့ရစေဖို့အတွက် သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေကို မျှဝေပေးထားခြင်းဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုးကား - WHO, CDC, Health Cluster Myanmar

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!