စူပါအယ်လ်နီညိုဆိုတာက ပြင်းထန်တဲ့ အစွန်းရောက် ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်တာကို ဆိုလိုချင်တာပါ။ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်တာ၊ ရေကြီးရေလျှံတာနဲ့ တစ်ကမ္ဘာလုံးမှာ အပူချိန်တွေ သိသိသာသာ မြင့်တက်တာကို ဆိုလိုချင်တာပါ။
ဒီလို အစွန်းရောက်ရာသီဥတုကြောင့် ကျန်းမာရေးမှာလည်း ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စူပါအယ်လ်နီညိုကာလအတွင်း ဘာတွေကို သတိထားရမလဲ! ဆိုတာကို မျှဝေပေးချင်ပါတယ်။
စူပါအယ်လ်နီညိုကာလ ဘာတွေ သတိထားရမလဲ!
အပူချိန်ပြင်းထန်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားရတဲ့ စူပါအယ်လ်နီညိုကာလအတွင်းမှာ ကိုယ်တိုင်ရာ မိသားစုဝင်တွေပါ ကျန်းမာစေဖို့ဆိုရင်တော့ -
ရေလုံလောက်အောင် သောက်ပါ
အပူချိန်ပြင်းထန်တာကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးပြီး အပူရှပ်တာ အပါအဝင် ရေဓာတ်ခမ်းပြီး သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ သွေးပေါင်ချိန် မြင့်တက်တာတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်တော့ ကိုယ်အလေးချိန်၊ ကျား/မ ကွားခြားချက်နဲ့ ကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး ရေကို ၁ လီတာခွဲကနေ ၃ လီတာအထိ သောက်ဖို့ လိုပါမယ်။
ဟင်းသီးဟင်းရွက် များများ စားပါ
ဟင်းသီးဟင်းရွက်တွေကိုလည်း နေ့စဉ်စားသုံးမှုမှား များများပါဝင်အောင် စားသုံးပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေက ကိုယ်တွင်းအပူချိန်ကို ထိန်းပေးသလို ရေဓာတ်ဖြည့်ပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မလိုဘဲ အပြင်မထွက်ပါနဲ့
နေအရမ်းပြင်းနေချိန်မှာ (အထူးသဖြင့် မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်း) အပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။ ဒီလိုထွက်တာက အပူရှိန်ကြောင့် ထိခိုက်နိုင်ခြေကို ပိုစေနိုင်ပါတယ်။ ဒါကြောင့် နေပူနေချိန်မှာ အပြင်ကို မထွက်ပါနဲ့။
ချည်သား ပွပွချောင်ချောင်လေးကို ဝတ်ဆင်ပါ
အရမ်းပူနေချိန်မှာ အရောင်ဖျော့ဖျော့ ချည်သားပွပွချောင်ချောင် လုံခြုံစွာ ဝတ်ဆင်တာ အပူချိန်ကြောင့် အသားအရေ ထိခိုက်စေနိုင်တာကိုရော ချွေးထွက်များတာကြောင့် ထိခိုက်နိုင်ခြေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နားနားနေနေ နေပါ
အရမ်းပူနေချိန်မှာ ရေဓာတ်ဆုံးရှုံးတာမျိုး မဖြစ်စေဖို့ လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ နေဖို့ လိုပါမယ်။ အသက်အရွယ်ကြီးရင့်နေသူတွေနဲ့ ကလေးငယ်တွေ၊ နာတာရှည် ကျန်းမာရေးပြဿနာရှိသူတွေ အနေနဲ့ အထူးသတိထားဖို့ လိုပါမယ်။
အပူအစပ်တွေနဲ့ အဆီများတာတွေကို ရှောင်ပါ
အပူအစပ်တွေနဲ့ အဆီများတဲ့ အစားအစာတွေက နေပူနေချိန်မှာ ကိုယ်အပူချိန်ကို မြင့်တက်စေသလို မအီမသာဖြစ်စေပြီး ရောဂါအခံရှိသူတွေမှာ ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေနိုင်တာမို့ နေပူနေချိန်မှာ အပူအစပ်နဲ့ အဆီများတာတွေကို ရှောင်ပါ။
အပြင်က ပြန်လာလာချင်း ရေခဲရေသောက်တာမျိုး မလုပ်ပါနဲ့
အပြင် နေပူပူကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေ သောက်ချတာမျိုး၊ အချိုရည်အေးအေးတွေ သောက်ချတာမျိုး မလုပ်ပါနဲ့။
အရက်နဲ့ကဖင်းပါတဲ့အရာတွေကို ရှောင်ပါ
အရက်သောက်တာမျိုး မလုပ်သင့်သလို ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့် အချိုရည်ကစလို့ ကဖင်းပါဝင်မှု များတဲ့ သောက်စရာတွေကို ရှောင်ပါ။
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် နေပူနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်တာက ကျန်းမာစေဖို့ထက် ကျန်းမာရေးကို ထိခိုက်စေနိုင်ခြေ ပိုများတာကြောင့် ရာသီဥတု အရမ်းပူနေချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာကို ရှောင်ဖို့ လိုပါမယ်။
ချွေးထွက်များရင် ဓာတ်ဆားဖြည့်ဖျော်ရည်သောက်ပေးပါ
ရာသီဥတု အရမ်းပူလို့ ချွေးထွက်များမယ်ဆိုရင်တော့ ဓာတ်ဆားဖြည့်ဖျော်ရည်လေးကို သောက်ပေးဖို့ လိုပါမယ်။ ဒါမှာ ချွေးနဲ့အတူ ကုန်ဆုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်နိုင်မှာဖြစ်ပါတယ်။
ဒီအချက်တွေအပြင် အရမ်းပူနေချိန်မှာ ကျန်းမာရေး ထိခိုက်မှုနည်းစေဖို့အတွက်
အပြင်ကပြန်လာလာချင်း အဲကွန်းခန်းထဲ ဝင်တာမျိုး မလုပ်ပါနဲ့
ကိုယ်ဝန်ဆောင်မေမေတွေ နားနားနေနေ နေပါ
ရောဂါအခံရှိသူတွေအနေနဲ့လည်း အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နားနားနေနေ နေပါ
နေပူနေချိန်မှာ ခေါင်းလျှော်ချတာမျိုး မလုပ်ပါနဲ့
အားဖြည့်အချိုရည်တွေကို မသောက်ပါနဲ့
အပြင်ကပြန်လာလာချင်း ရေချိုးချတာမျိုးတွေ မလုပ်ပါနဲ့
သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို သေချာလေး ဂရုစိုက်ပါ
ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အသင့်စား၊ အမြန်စားတွေကို ရှောင်ပါ
ခြင်ကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့ ခြင်မကိုက်အောင် သေချာလေး ဂရုစိုက်ပါ
တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ
ရေသန့်ကို သိုလှောင်ထားပါ
Lotoshinnရဲ့ စကားလက်ဆောင်
စူပါအယ်လ်နီညိုအပူဒဏ်ကြောင့် ကိုယ်တိုင်ကိုရော မိသားစုဝင်တွေမှာ ထိခိုက်မှုနည်းစေဖို့ သေချာလေး ဂရုစိုက်ပေးရင်း ရေလုံလောက်အောင် သောက်လို့ လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ သေချာလေး နားနေပါ။ ယင်နားစာတွေနဲ့ အပြင်စာတွေ မစားဘဲ သေချာလေး သန့်သန့်ရှင်းရှင်း ချက်ပြုတ် ပြင်ဆင်ထားတဲ့ အစားအစာတွေကို စားပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!