ဝက်ခြံတွေက အလှပျက်စေနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဒီတော့ ဘာလုပ်တတ်ကြလဲဆိုရင် ဝက်ခြံကို မြင်တဲ့အခါ ညှစ်တတ် ကုတ်ဖဲ့တတ်ကြတာလေ။ ဒီလိုလေး လုပ်လိုက်ရမှပဲ စိတ်ထဲ ကျေနပ်သွားသလိုလိုလေ။ ဒီတစ်ခေါက် ပြောချင်တာက ဝက်ခြံဖြစ်ပြီဆိုရင် ဝက်ခြံကို မညှစ်ဖို့ပါ။ ဝက်ခြံကို ညှစ်တာက မလိုအပ်ဘဲ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်လို့ပါ။
ဝက်ခြံကို ဘာကြောင့် မညှစ်သင့်တာလဲ!
ဝက်ခြံကို ညှစ်လိုက်တာက ဝက်ခြံထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်စေနိုင်သလို ပြည်တည်တာလိုမျိုးတွေ လည်း ဖြစ်စေနိုင်ပါတယ်။ အရေပြားအတွင်းပိုင်အထိ ခပ်နက်နက် ထိခိုက်စေပြီး ရောင်ရမ်းတာကို ပိုဆိုးစေနိုင်သလို အမာရွတ်ကြီးတွေထင်တာ၊ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ဝက်ခြံညှစ်တာက အန္တရာယ်များလှပါတယ်
ဝက်ခြံကို ညှစ်လိုက်မယ်ဆိုရင်
အရေပြားအတွင်းပိုင်းထိ ပျက်စီးစေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်ချိန်မှာ ဝက်ခြံဖုရဲ့ အပေါ်ယံအရေပြား နံရံလေးတွေ ပျက်စီးသွားပြီး အရေပြား အပေါ်ယံလွှာကိုတင် မကဘဲ အရေပြား အောက်ပိုင်းအလွှာတွေထိကိုပါ ပျက်စီးစေနိုင်ပါတယ်။
အမာရွတ်တွေ ဖြစ်စေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်ချိန်မှာ ဖြစ်လာတဲ့ ရောင်ရမ်းမှုဖြစ်လာပြီး ဒီရောင်ရမ်းမှုက အရေပြားရဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပြီး ပျောက်ဖို့ခက်တဲ့ အမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။
အမဲစက်တွေ ကျန်စေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်ချိန်မှာ အရေပြားရဲ့ မယ်လ်လာနင် ထွက်ရှိမှုက စတင်ဖြစ်လာပြီး အရေပြားပေါ်မှာ အမဲစက်တွေ ရှိနိုင်ပါတယ်။
ဘက်တီးရီးယားတွေ ပျံ့နှံ့စေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်ချိန်မှာ အရည်တွေက ဘေးနားတဝိုက်ကို ပျံ့နှံ့သွားပြီး ဒီအရည်တွေကနေတဆင့် ဘက်တီးရီးယားတွေ ပြန့်သွားပြီး အသစ်အသစ်သော ဝက်ခြံ တွေဖြစ်လာစေပါတယ်။
ပိုးဝင်မှုတွေ ဖြစ်စေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်ချိန်မှာ အရေပြားအပေါ်ယံလွှာ (Barrier) ပျက်စီးသွားပြီး လက်ချောင်းတွေမှာရှိနေတဲ့ ဘက်တီးရီးယားတွေက အနာပေါက်ထဲကို ဝင်သွားပြီး ထပ်ဆင့်ပိုးဝင်ကူးစက်မှုကို ဖြစ်စေနိုင်သလို နာကျင်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။
ဝက်ခြံပျောက်ရင် လှမလားဆိုပြီး ဝက်ခြံကို ညှစ်လိုက်ခါမှ ပိုဆိုးတဲ့ အခြေအနေတွေ မဖြစ်သွားစေဖို့အတွက် ဝက်ခြံတွေကို မညှစ်ဖို့လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဝက်ခြံဖြစ်လာပြီဆိုရင်တော့ မှန်ကန်တဲ့နည်းလမ်းနဲ့ သေချာလေး ကုသပေးဖို့ လိုပါမယ်။ ဒါမှသာ မလိုအပ်ဘဲ နောက်ဆက်တွဲ ပြဿနာတွေကို ကင်းစေပြီး အလှပျက်မယ့် အခြေအနေကို ကာကွယ်နိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!