လည်ချောင်းနာ ဖျားနာမှုတွေအပြီး အသံဝင်သွားတာက အတော်လေး နေရခက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဖျားသက်သာလာပေမယ့် ဆက်လက်ခံစားနေရဆဲဖြစ်တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
အသံဝင်တာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!
အဖျားအပြီး ကျန်ခဲ့တဲ့ လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေဖို့ဆိုရင် ဆေးသောက်တာအပြင် အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။
အသံကို အနားပေးပါ
လည်ချောင်းနာတာကို သက်သာစေပြီး အသံဝင်တာကိုပါ သက်သာစေဖို့ဆိုရင်တော့ အရင်ဆုံးလုပ်ရမယ့် အချက်က အသံအိုးနဲ့ အသံကြိုးတို့ကို အနားပေးဖို့ပါ။ ဒီလို အနားပေးလိုက်မှသာ လည်ချောင်းအတွင်းနံရံ ရောင်တာ၊ အသံအိုးနဲ့ အသံကြိုးရောင်တာတွကို သက်သာစေမှာပါ။
ဒါကြောင့် အသံဝင်နေတဲ့ကာလအတွင်းမှာ အသံကို အနားပေးထားဖို့ လိုပါမယ်။ စကားတွေ အများကြီးပြောတာ၊ အသံကျယ်စွာ အော်ဟစ်ပြောတာမျိုးတွေ မလုပ်ပါနဲ့။ လေချွန်တာမျိုးကိုလည်း ရှောင်ပါ။
အရည်များများသောက်ပါ
အသံဝင်နေပြီဆိုရင်တော့ ရေများများ သောက်တာအပြင် ရေနွေးခပ်နွေးနွေးလေးကို သောက်ပါ။ စွပ်ပြုတ်လိုမျိုး အရည်နွေးနွေးလေးကို သောက်ပါ။ ဒီလိုလုပ်ပေးတာက အသံအိုးရောင်ရမ်းတာ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းတာကို သက်သာစေပါတယ်။
ပျားသံပုရာရည်သောက်ပါ
ပျားရည်၊ သံပုရာရည်နဲ့ ဆားအနည်းငယ် ရေနွေးနွေးတို့ကို ရောစပ်ထားတဲ့ ပျားသံပုရာရည်ကို ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးတာက အသံဝင်တာကို သက်သာစေသလို လည်ချောင်းနာတာကိုလည်း သက်သာစေမှာပါ။
ဆားရည်ငုံပေးပါ
ဆားရည်နွေးနွေးငုံပေးတာက လည်ချောင်းနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ရောင်ရမ်းမှုတွေကို သက်သာစေပြီး အသံဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနဲ့ တစ်နေ့ကို (၃) ကြိမ်လောက် ငုံပေးပါ။
ကဖင်းတွေကို ရှောင်ပါ
ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်တွေကိုလည်း ရှောင်ပါ။ အသံဝင်နေချိန်မှာ ကဖင်းပါတာတွေကို စားသောက်တာက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး အသံဝင်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို မသက်သာမချင်း ရှောင်ထားဖို့ လိုပါမယ်။
ရေနွေးငွေ့ ရှူပေးပါ
ရေနွေးငွေ့ရှူပေးတာက လည်ချောင်းတွင်းရောင်ရမ်းတာကို သက်သာစေသလို အသံဝင်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ရေနွေးငွေ့ရှူပေးပါ။
ငုံဆေး ငုံပေးပါ
ငုံဆေးလေး ငုံပေးတာကလည်း အသံဝင်တာကိုရော လည်ချောင်းနာတာကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ငုံဆေးလေး ငုံပေးပါ။
ဆေးလိပ် နဲ့ ဆေးလိပ်ငွေ့ရှောင်ပါ
ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေက လည်ချောင်းနာတာ၊ အသံဝင်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသံဝင်နေပြီဆိုရင်တော့ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။
ဆေးလိပ်နဲ့ Vapes ရှောင်ပါ
အသံဝင်ပြီး လည်ချောင်းနာနေချိန်မှာ ဆေးလိပ်နဲ့ vapes ကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။
အယ်လ်ကိုဟောရှောင်ပါ
အယ်လ်ကိုဟောတွေကို အများကြီးသောက်တာက ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေသလို လည်ချောင်းနာတာနဲ့ အသံဝင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အသံဝင်နေပြီး လည်ချောင်းနာနေချိန်မှာ အယ်လ်ကိုဟောကို ရှောင်ပါ။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။
လည်ချောင်းနာပြီး အသံဝင်နေတာကို သက်သာစေဖို့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
အဖျားပျောက်ပြီး လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ အသံဝင်တာတွေကျန်ခဲ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!