အထွေထွေကျန်းမာရေး
အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။
စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ
စိတ်ဖိစီးမှုဆိုတာက ကလေးရော လူကြီးပါ ကြုံတွေ့ခံစားရနိုင်တဲ့ ရှောင်လွှဲဖို့ခက်တဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလိုတောင် ဖြစ်လာနေပါတယ်။ ဒီလိုရှောင်လွဲဖို့ ခက်တဲ့စိတ်ဖိစီးမှုကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာ တွေကို စွမ်းဆောင်နိုင်စွမ်းအပေါ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ လို့ အကြံပြုချင်ပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင် ဘယ်လို ဖန်တီးရမလဲ မသိဘူးဆိုရင်တော့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်တော့နော်။ စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးဖို့ဆိုရင် အခုလို အလေ့အထလေးတွေကို ပျိုးထောင်လိုက်နာကျင့်သုံးဖို့ လိုပါမယ်။ အလောတကြီး မလုပ်ပါနဲ့ အရေးကြီးတဲ့ အလုပ်တွေကိုရော နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေကိုပါ လုပ်ဆောင်တဲ့အခါ အလောတကြီး လုပ်ဆောင်တာမျိုး မလုပ်ဘဲ လုံလောက်တဲ့ အချိန်တစ်ခုထားလို့ စိတ်အေးလက်အေး အာရုံစူးစိုက်ပြီး လုပ်ပေးပါ။ အလောတကြီးလုပ်တာက မလိုအပ်ဘဲ စိတ်ဖိစီးမှု များစေလို့ပါ။ ဒါကြောင့် နေ့တိုင်း အလုပ်တိုင်းကို လောလော လောလော မလုပ်ပါနဲ့။ အိပ်ရေးဝဝအိပ်ပါ ညတိုင်းမှာ အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီလောက်အထိ ရှိဖို့ ဂရုစိုက်ပေးပါ။ ညဘက်မှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ နေ့တိုင်းမှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် အနားပေးပါ ကိုယ်တိုင်ကို အနားပေးဖို့ မေ့နေတာကလည်း စိတ်ဖိစီးမှု များစေတဲ့ အကြောင်းအရာပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အနားပေးတာ၊ ဝါသနာပါရာတွေ လုပ်ရင်း စိတ်ရောကိုယ်ပါ အနားယူပေးပါ။ ရယ်မောပါ ရယ်မောခြင်းက စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ဒါကြောင့် ရယ်မောစရာ တစ်ခုခု တွေ့တဲ့အခါ ဘာကိုမှ စိုးထိတ်မနေဘဲ ကျယ်ကျယ်လောင်လောင် ရယ်မောပေးပါ။ တစ်ယောက်တည်း ဖြစ်နေရင်တောင် ရယ်မောလိုက်ပါ။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ရင်းရင်းနှီးနှီးနေပါ နေ့စဉ်တိုင်းမှာ ချစ်ခင်ရင်းနှီးရသူတွေနဲ့ ပြောဆိုတွေ့ဆုံတာ အချိန်ပေးတာတွေက စိတ်ဖိစီးမှုကင်းစေမယ့် အကောင်းဆုံး ဆေးဝါးတစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ မိသားစုအချိန်လေး ပါဝင်အောင် ဖန်တီးဖို့ မမေ့ပါနဲ့။ စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ အလုပ်တွေကို အစီအစဉ်ချထားပါ တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် အလုပ်တွေကို စီကာစဉ်ကာရေးချထားဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကနေ စလို့ အသေးဆုံးအထိပေါ့။ ဒီလိုမျိုး အလုပ်တွေကို အစီအစဉ်တကျ လုပ်ဆောင်တာကလည်း စိတ်ဖိစီးမှု ကင်းစေဖို့ နည်းလမ်းကောင်းတစ်ရပ်ပါပဲ။ အခြားသူတွေကို ကူညီပေးပါ အားတဲ့အချိန်လေးတွေကို သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ အကူအညီ လိုအပ်သူတွေကို ကူညီပေးတာက လည်း စိတ်ကျေနပ်မှု ရစေပြီး စိတ်ဖိစီးမှု ကင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးနိုင်မှာပါ။ နေ့တိုင်း တက်တက်ကြွကြွနေပါ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာ တင်းအားတွေကိုရော ရုပ်ပိုင်းဆိုင်ရာ တင်းအားတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းမှာ လမ်းလျှောက်တာကစလို့ တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှု လေးတွေ လုပ်ဆောင်ပေးပြီး နေ့တိုင်း တက်တက်ကြွကြွ နေပါ။ အကျင့်ဆိုးတွေကို စွန့်လွှတ်ပါ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကင်းစေဖို့ အကျင့်ဆိုးတွေ ဖြစ်ကြတဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး အသုံးပြုတာမျိုးတွေ မလုပ်ပါနဲ့။ နောက်တစ်ချက်က ကဖင်း အလွန်အကျွံ သုံးစွဲတာမျိုးပါ။ ဒီအခြေအနေတွေက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု ကင်းစေဖို့ အကျင့်ဆိုးတွေကို စွန့်လွှတ်ပေးပါ။ အသစ်တွေကို သင်ယူပါ အချိန်အားတဲ့အချိန်တွေမှာ အသစ်အသစ်သော နည်းလမ်းတွေကို သင်ယူပါ။ ဘာသာစကား အသစ်တွေကို သင်တာမျိုး၊ အသစ်အသစ်သော ပညာရပ်တွေကို သင်ကြားတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် စိတ်ဖိစီးမှုက နေ့စဉ်ဘဝမှာ ရှောင်လွှဲဖို့ ခက်ပေမယ့် စိတ်ဖိစီးမှုကြောင့် သက်ရောက်မှု လျော့ကျစေဖို့ နေ့စဉ်တိုင်းမှာ ကျန်းမာတဲ့ အလေ့အထတွေကို လိုက်နာလုပ်ဆောင်ရင်း ကျန်းမာပျော်ရွှင်ပြီး စိတ်ဖိစီးမှု ကောင်းတဲ့ နေ့စဉ်ဘဝတွေကို ဒီနေ့ကစပြီး ကိုယ်တိုင်ဖန်တီးလိုက်တော့နော်။
အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ
ဝမ်းချုပ်တာက ရေသောက်နည်းလို့ ကောက်ညှင်းလိုမျိုး စေးကပ်တဲ့ အစားအစာတွေကို စားလို့ စသဖြင့် အရပ်ထဲမှာ အမျိုးမျိုးပြောကြပေမယ့် ဒါက လုံးဝကြီးမှန်တယ်လို့တော့ဆိုလို့ မရပါဘူး။ ဝမ်းချုပ်တာက နေထိုင်စားသောက်မှုကြောင့် ဖြစ်နိုင်သလို အစာအိမ်အူလမ်းကြောင်းစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုခု ပုံမှန် အလုပ်မလုပ်နိုင်တာ မကျန်းမာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်တိုင်ရဲ့ ဝမ်းချုပ်ရခြင်း အကြောင်းရင်းခံက ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ် သိရှိနိုင်စေဖို့အတွက် အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသည်းမကောင်းလို့ ဝမ်းချုပ်တာဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ အသည်း ကျန်းမာရေး မကောင်းတာ၊ လုပ်ဆောင်မှုတွေ ကောင်းကောင်းမလုပ်ဆောင်နိုင်ခြင်းရဲ့ လက္ခဏာ တစ်ရပ်အနေနဲ့လည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့အတူ လေတွေပွနေတာ၊ ဗိုက်အောင့်တာ၊ ဝမ်းပုံမှန် မသွားတာ၊ ဝမ်းတွေက မာလွန်းနေတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီအခြေအနေလေးတွေကို ခံစားနေရကြောင်း ဘယ်လို သိရှိနိုင်မလဲဆိုတော့ - ဗိုက်အောင့်တာ အသည်းက စွမ်းဆောင်ရည် ကျဆင်းလာချိန်မှာ ဗိုက်ထဲမှာ လေတွစုလာတာ၊ အဆိပ်အတောက်တွေ စုလာတာမျိုးဖြစ်စေပြီး ဗိုက်ထဲက အောင့်တာမျိုး၊ လေထိုးသလို ပြင်းပြင်းထန်ထန် အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။ ဝမ်းပုံမှန်မသွားတာ၊ ဝမ်းတွေ မာလွန်းတာ ဝမ်းချုပ်တာရဲ့ အမြင်သာဆုံး လက္ခဏာ တစ်ရပ်ဖြစ်ပြီး အသည်းရောဂါ ခံစားနေရချိန်မှာ ဝမ်းက ပုံမှန်မသွားတော့ဘဲ ၃ - ၄ ရက်ကြာမှ တစ်ခါလောက် ဝမ်းသွားတာ၊ ဝမ်းသွားတဲ့အခါမှာလည်း ဝမ်းတွေက မာနေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အမြဲလိုလို ဗိုက်ပြည့်နေပြီး အစားစားချင်စိတ် မရှိတာ အသည်းမကောင်းတဲ့အခါ အူမကြီးထဲမှာ အစာဟောင်းတွေ စုပုံနေပြီး အစာအိမ်အူလမ်းကြောင်းထဲမှာ နေရာလပ်မကျန်တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အမြဲလိုလို ပြည့်အင့်သလို ခံစားရပြီး အစားစားချင်စိတ် မရှိတာမျိုးကို ခံစားရနိုင်ပါတယ်။ မအီမသာဖြစ်တာ အသည်းက စွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ အဆိပ်အတောက်တွေကို မဖြိုခွဲနိုင်တော့တာကြောင့် နေရထိုင်ရတာ မအီမသာဖြစ်တာ။ ခြေကုန်လက်ပမ်းကျတာ၊ အမြဲလိုလို ပင်ပန်းနေတာမျိုးကို ခံစားရနိုင်ပါတယ်။ အသားဝါတာ အသည်းက ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တဲ့အခါ ကိုယ်တွင်းမှာ (အထူးသဖြင့် သွေးထဲမှာ) bilirubinတွေ စုပုံလာပြီး အသားတွေဝါတာ၊ မျက်ဖြူသားတွေ ဝါလာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ရေဖျဉ်းစွဲတာ ဝမ်းဗိုက်ပိုင်းက အမြှေးပါးလေးတွေထဲမှာ အရည်တွေစုပုံနေပြီ ဗိုက်က အရည်တွေနဲ့ ပြည့်နှက်စုပုံလာတာ ကြောင့် ဗိုက်ကြီးက တအားပူလာတာမျိုး ခံစားရနိုင်ပါတယ်။ လက္ခဏာက ပြင်းထန်မယ်ဆိုရင်တော့ ဝမ်းချုပ်တာကိုပါ ခံစားရနိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ! ဝမ်းချုပ်တာက ၃ ပတ်ထက်ကျော်နေပြီး စအိုကနေ သွေးကျတာ အပါအဝင် အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါ ခံစားနေရမယ်။ အမြဲလိုလို ပင်ပန်းနေမယ်၊ ဗိုက်က ဖောင်းနေမယ်ဆိုရင်တော့ တတ်ကျွမ်း နားလည်သူနဲ့ အမြန်ဆုံးပြသဖို့ လိုပါမယ်။ Lotoshinn ရဲ့ စကားလက်ဆောင် အသည်းဆိုတာက ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သလို မနားမနေ အလုပ်လုပ်နေရတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အမြန်စား အသင့်စားတွေကို ရှောင်တာ၊ ရေလုံလောက်အောင် သောက်တာ၊ ဆေးတွေကို မလိုဘဲ မသောက်တာ၊ ကာကွယ်ဆေးတွေ ထိုးနှံပြီး အသည်းရောင်အသားဝါပိုးတွေကို ကာကွယ်တာတွေ လုပ်ဖို့ အကြံပြုလိုက်ပါရစေ။