ကျောက်ကပ်ကျန်းမာရေးကောင်းစေဖို့  ဘေဘီလေးတွေကို ပျိုးထောင်ပေးသင့်တဲ့ အလေ့အထများ
အထွေထွေ

ကျောက်ကပ်ကျန်းမာရေးကောင်းစေဖို့ ဘေဘီလေးတွေကို ပျိုးထောင်ပေးသင့်တဲ့ အလေ့အထများ

Admin

📅 14.05.2025
ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျောက်ကပ်က သွေးတွေကို သန့်စင်ပေးတာ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ၊ ကိုယ်တွင်းက အညစ်အကြေးတွေကို ပြင်ပကို စွန့်ထုတ်ပေးတာအပါအဝင် ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့ ထိန်းညှိပေးပါတယ်။  ကျောက်ကပ်ကျန်းမာနေမှ နေ့စဉ်ဘဝမှာ ကျန်းမာစေမှာဖြစ်ပြီး ငယ်စဉ်ကတည်းက နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ပေးနိုင်မှလည်း ကျောက်ကပ်က ကျန်းမာစေမှာပါ။ ဒါကြောင့် ကလေးတွေကို အရွယ်ရောက်လာချိန်မှာ ကျောက်ကပ်ပြဿနာ ကင်းစေဖို့နဲ့ ကျန်းမာပျော်ရွှင်စေဖို့ ငယ်စဉ်ကတည်းက ကျောက်ကပ် ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ အလေ့အထလေးတွေကို ပျိုးထောင်ပေးဖို့ လိုပါမယ်။  ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဖေဖေမေမေတို့အနေနဲ့ ဘေဘီလေးတွရဲ့ ကျောက်ကပ်ကျန်းမာရေး ကောင်းစေဖို့ ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်တဲ့ အလေ့အထလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

ကျောက်ကပ်ကျန်းမာရေးကောင်းစေဖို့ ဘေဘီလေးတွေကို ပျိုးထောင်ပေးသင့်တဲ့ အလေ့အထများ

အသက်အရွယ်ရလာချိန်မှာ ကျောက်ကပ်ကျန်းမာရေး ကောင်းစေဖို့ဆိုရင် ဘေဘီလေးတွေကို ငယ်စဉ် ကတည်းက အခုလို အလေ့အကျင့်လေးတွေ မွေးမြူပေးဖို့ လိုပါမယ်။ 
  • ရေသောက်တတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးပါ
ကလေးကို ရေတစ်နေ့ကို ၁ လီတာလောက် သောက်ဖြစ်အောင် အလေ့အကျင့်လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို ရေသောက်မပျင်းစေဘဲ ရေသေချာသောက်ဖြစ်စေမယ့်အပြင် ကိုယ်တွင်းရေဓာတ်ပြည့်ဝတာက ကျောက်ကပ် ကျန်းမာစေဖို့ရော ကိုယ်ခံအားကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
  • ကျန်းမာရေးနဲ့ညီညွတ်စွာ စားတတ်တဲ့ အလေ့အကျင့်လုပ်ပေးပါ
ကလေးကို အသင့်စား၊ အမြန်စားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေအစား သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန် စားသုံးဖြစ်အောင် အလေ့အကျင့်လုပ်ပေး ပြင်ဆင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက ကလေးကို ကျန်းမာစေဖို့ရော ကျောက်ကပ်ကျန်းမာစေဖို့ပါ အားဖြည့်ပေးရာရောက်မှာပါ။ 
  • အချိုကဲ၊ အငန်ကဲတာတွေကို လျှော့စားဖြစ်အောင် လုပ်ပေးပါ
ကလေးကို ငယ်စဉ်ကတည်းက အချိုကဲတဲ့ အစားအသောက်တွေ အငန်ကဲတဲ့ အရာတွေကို အလွန်အကျွံ မစားစေတာ တတ်နိုင်သမျှ လျှော့စားစေတာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို အသက်အရွယ် ရလာချိန်မှာ သွေးတိုး၊ ဆီးချိုလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကိုရော ကျောက်ကပ်ထိခိုက်နိုင်ခြေကိုပါ လျှော့ချပေးနိုင်မှာပါ။ 
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တတ်အောင် ပျိုးထောင်ပါ
ကလေးကို ပြေးပြေးလွှားလွှား ကစားစေတာအပြင် နေ့စဉ်တိုင်းမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင် ပျိုးထောင်ပေးတာက ကလေးကို အဝလွန်တာမျိုး မဖြစ်စေဖို့နဲ့ အသက်အရွယ်ရလာချိန်မှာ ကျောက်ကပ် ထိခိုက်တာနဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 
  • ဆီးသွားချင်ရင် အောင့်မထားဖို့ ပြောပါ
ဆီးသွားချင်တာကို အောင့်ထားတာက ဆီးလမ်းကြောင်းပိုးဝင်တာကို ခံစားရစေနိုင်သလို ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက ဆီးသွားချင်ရင် အောင့်မထားဘဲ သွားဖို့ အလေ့အကျင့် လုပ်ပေးပါ။ ဒီအလေ့အကျင့်လေးတွေက ကြီးကြီးမားမား မဟုတ်ပေမယ့် ကလေးကို ကျောက်ကပ်ထိခိုက်မှု ကင်းစေဖို့ရော အရွယ်ရလာချိန်မှာ နာတာရှည်ကျန်းမာရေးပြဿနာ ကင်းစေဖို့ပါ အများကြီး ထောက်ကူပေးနိုင်မှာပါ။ 
Lotoshin ရဲ့ စကားလက်ဆောင် ကျောက်ကပ်ထိခိုက်တာ ကောင်းကောင်းအလုပ်မလုပ်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကျောက်ကပ်ကျန်းမာစေမယ့် အလေ့အထတွေကို မွေးမြူပေးဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!