ဘာတွေကြောင့် ခြေသည်းလက်သည်း မှိုပိုးဝင်ရတာလဲ!
ခြေသည်းလက်သည်းကို မှိုပိုးဝင်တာကို ဖြစ်စေနိုင်တဲ့ မှိုပိုးအမျိုးအစားက အများကြီး ရှိပါတယ်။ ဒီမှိုပိုးတွေက keratinလို့ခေါ်တဲ့ ဆံသား၊ အသားအရေနဲ့ ခြေသည်းလက်သည်းတွေမှာရှိတဲ့ ပရိုတင်းတစ်မျိုးကို စားသုံးကြပါတယ်။ ဒီမှိုပိုး အမျိုးအစားက ပွေး၊ ဒက်၊ ရေဝဲ၊ သဲဝဲ နဲ့ ဂျွတ်ပွေးနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပိုးကို လက်သည်းခြေသည်းတွေနဲ့ ထိတွေ့မိရုံနဲ့ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေသူနဲ့ တိုက်ရိုက်ထိတွေ့မိတာကနေ ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ သဲဝဲ၊ ရေဝဲ ခံစားနေရသူတွေမှာတော့ ခြေသည်းမှိုပိုးဝင်နိုင်ခြေက တော်တော်လေးများပါတယ်။ ခြေသည်းတွေပေါ်မှာ မှိုပိုးကူးစက်ခံရပြီဆိုတာနဲ့ ခြေသည်းတွေရဲ့ အပေါ်ဆုံးအလွှာကနေ အောက်ဆုံး အလွှာအထိ ထိုးဖောက်ပြီး ခြေသည်းတွေကို ပျက်စီးစေပါတယ်။ ခြေသည်းလက်သည်းတွေမှာ ထိခိုက်မိ တာမျိုးဖြစ်မယ်ဆိုရင်တော့ မှိုပိုးဝင်ရောက် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ!
ခြေသည်းလက်သည်းတွေမှာ မှိုပိုးဝင်ပြီဆိုရင်တော့ အစောပိုင်းမှာ နာကျင်တာမျိုးလည်း မရှိတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ အချိန်ကြာလာတဲ့အခါမှ သိသာမြင်သာလာလာမျိုးပါ။ လက္ခဏာတွေ အနေနဲ့ကတော့ -- ခြေသည်းလက်သည်း အရောင်ပြောင်းလာတာ - ခြေသည်းလက်သည်းတွေက အဝါရောင် ဒါမှမဟုတ် ညိုတိုတို အရောင်ပြောင်းလာတာ၊ ခြေသည်းထိပ်ဖက်နားကနေ စဖြစ်လေ့ရှိပြီး ခြေသည်း အရင်းပိုင်း ဆီကို ရောက်ရှိသွားပါတယ်။
- ခြေသည်းလက်သည်းတွေ ထူလာတာ - ခြေသည်းလက်သည်းတွေက ကျွတ်ဆတ်ပြီး ခြေသည်း အလွှာတွေကြားထဲမှာ မှိုပိုးတွေ ကူးစက်ဝင်ရောက်လာနိုင်ပါတယ်။
- ခြေသည်းတွေ အက်ကွဲလာတာ - မှိုပိုးဝင်တာက ခြေသည်းလက်သည်းတွေ ကွဲအက်တာ၊ ကြေမွတာ၊ ထိခိုက်လွယ်တာတွေ ဖြစ်လာပါတယ်။
- ခြေသည်းလက်သည်းတွေ ဟလာတာ - ခြေသည်းလက်သည်းတွေမှာ မှိုပိုးဝင်တဲ့အခါ ခြေသည်း လက်သည်းတွေက အောက်ခြေက အသားတွေနဲ့ ခြေသည်း လက်သည်းတွေကြားမှာ ဟတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
- နာကျင်လာတာ - ခြေသည်းလက်သည်းတွေမှာ မှိုပိုးဝင်တဲ့အခါ မကုသဘဲ ထားမယ်ဆိုရင်တော့ ပြင်းထန်လာတာနဲ့အမျှ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ လမ်းလျှောက်ရခက်တာ မျိုးအထိ ခံစားရနိုင်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ များလဲ!
ခြေသည်းလက်သည်းတွေမှာ မှိုပိုးကူးစက်တာက လူတိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အခုလိုသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။- အသက်အရွယ် ကြီးရင့်လာတာ - အသက်အရွယ် ကြီးရင့်လာလေလေ ခြေသည်းလက်သည်း မှိုပိုးဝင်နိုင်ခြေက များလာလေလေပါ။ အသက်အရွယ်ရလာချိန်မှာ ကိုယ်ခံအားကျလာတာကလည်း မှိုပိုးကူးစက်ခံရနိုင်ခြေကို ပိုများလာတာပါ။
- လက်သည်းတွေ ထိခိုက်တာ - လက်သည်းခြေသည်းတွေမှာ ထိခိုက်ဒဏ်ရာရတာ၊ လက်သည်းခြေသည်း ခွဲစိတ်ကုသမှု ခံယူထားရတာမျိုး ရှိမယ်ဆိုရင်လည်း ခြေသည်းလက်သည်း မှိုပိုးဝင်တာကို ခံစားရနိုင်ပါတယ်။
- အချို့သော ကျန်းမာရေးအခြေအနေတွေ ရှိနေတာ - ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ ဆီးချိုရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရမယ်ဆိုရင်လည်း ခြေသည်းလက်သည်း မှိုပိုးဝင်နိုင်ခြေ များနေပါတယ်။
ခြေသည်းလက်သည်း မှိုပိုးဝင်တာကို သက်သာစေဖို့
ခြေသည်းလက်သည်းမှိုပိုးဝင်တာကို သက်သာစေဖို့ဆိုရင်တော့ ဆေးသောက်တာ လုပ်လို့ရသလို မှိုသတ်ဆေးတွေကို ခြေသည်းလက်သည်းတွေပေါ်မှာ တိုက်ရိုက်လိမ်းပေးလို့လည်း ရပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ ခြေသည်းလက်သည်းတွေကို နှုတ်ပစ်လိုက်တာမျိုးပါ။ ဒီနည်းလမ်းတွေအပြင် အိမ်တွင်းကုထုံးနည်းလမ်းများအနေနဲ့- လက်ဖက်ဆီလိမ်းပေးတာ
- မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးတာ
- စိမ်းပြာရေညှိလိမ်းပေးတာ
- တမာဆီ လိမ်းပေးတာမျိုးတွေ လုပ်ပေးလို့လည်း ရပါတယ်။
ဘယ်လို ကာကွယ်လို့ ရမလဲ!
ခြေသည်းလက်သည်း မှိုပိုးဝင်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ -- ခြေသည်းလက်သည်းတွေကို ပုံမှန် ညှပ်ပေးပါ
- ခြေသည်းလက်သည်းတွေကို သန့်သန့်ရှင်းရှင်း ထားပါ
- ခြေထောက်တွေ လက်တွေကို ဆေးကြောပြီးတိုင်း ခြောက်သွေ့အောင် ထားပါ
- လက်သည်းညှပ်တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့
Lotoshinn ရဲ့ စကားလက်ဆောင် ခြေသည်းလက်သည်းတွေကို မှိုပိုးဝင်တာက ကြီးမားတဲ့ ထိခိုက်မှုတွေ မဖြစ်လောက်ပါဘူးလို့ ယူဆစရာ ရှိပေမယ့် တကယ်ကတော့ ခြေသည်းလက်သည်း မှိုပိုးဝင်တာက ကူးစက်တတ်ပြီး ပျောက်ကင်းဖို့ဆိုရင် သေချာလေး ရေရှည်ကုသမှု လုပ်ဆောင်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!