စိတ်ချမ်းသာမှ လူကျန်းမာမယ်လို့ ပြောတာကြားဖူးကြတယ်မဟုတ်လား။ ဒါပေမယ့် စိတ်ကျန်းမာခြင်းက အသားအရေ အလှအပနဲ့ စပ်ဆက်နေတယ်ဆိုတာကိုရော သိကြရဲ့လား။ ဒီတော့ ဒီဆောင်းပါးလေးထဲမှာ စိတ်ကျန်းမာရေးနဲ့ အသားအရေ အလှအပအကြားက ဆက်စပ်မှုအကြောင်းလေး ပြောပြပေးမယ်နော်။
လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှု အခြေအနေတွေက အသားအရေလှပမှု အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသားအရေကို ထိန်းသိမ်းနေပေမယ့်လည်း တစ်ခါတလေမှာ မထိရောက်တာမျိုး ကြုံဖူးကြတယ်မဟုတ်လား။ ဒါက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ် များနေခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်နေတာကြောင့်ပါ။
ဒါကြောင့်ပဲ စိတ်ဖိစီးရင် ဝက်ခြံတွေ ထွက်လာတာ၊ ရှိရင်းစွဲ အရေပြားပြဿနာတွေ ပိုဆိုးလာတာမျိုးတွေ ဖြစ်ရတာပါ။ ဥပမာ - ပြောရရင် ဆိုရီရေးစစ်တို့ နှင်းခူတို့လိုမျိုး ကျန်းမာရေး ပြဿနာတွေပေါ့။
ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး …
?စိတ်ဖိစီးမှုက ရှိရင်းစွဲ အရေပြား ပြဿနာတွေကို ပိုဆိုးစေတယ်
စိတ်ဖိစီးစရာတွေကို တွေ့ကြုံနေရချိန်မှာ ကိုယ်တွင်းက ကော်တီစောလို့ ခေါ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီလို ထုတ်လွှတ်မှုက အနာကျက်တာကို နှေးစေသလို ဝက်ခြံ ထွက်စေတာ၊ အရေပြား ရောင်ရမ်းမှုတွေကို ပိုးဆိုးတာတွေအပြင် ဆိုးရီရေးစစ်နဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။
?စိုးရိမ်စိတ်များတာက အသားအရေကို ပျက်စီးစေတယ်
စိုးရိမ်စရာ အခိုက်အတန့်တွေ၊ စဉ်းစားရကြပ်တဲ့ အခိုက်အတန့်တွေမှာ ဆံပင်တွေကို နုတ်တတ်ကြတာမျိုးရှိသလို လက်သည်းကိုက်တာ၊ အသားကို အထူးသဖြင့် မျက်နှာ အသားအရေကို ကုတ်ဖဲ့တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာက အရေပြားရဲ့ အပေါ်ယံက အကာအကွယ်ပေးထားတဲ့ အလွှာလေးကို ပျက်စီးစေပြီး ဝက်ခြံတွေ ရောင်ရမ်း ပိုးဝင်တာ၊ အသားအရေ ထိခိုက် ပျက်စီးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
?စိတ်ဖိစီးမှုက အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အမှားအယွင်းတွေကို ဖြစ်စေတယ်
စိတ်ဖိစီးပြီဆိုရင် အသားအရေကို ထိန်းသိမ်းဖို့ ပျက်ကွက်တာမျိုး ရှိသလို အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆီကြော်စာတွေ၊ အပူအစပ်၊ ကဖင်း နဲ့ အရက်စတာတွေကို သောက်သုံး စားသုံးတာမျိုးတွေ ရှိလာပါတယ်။ နောက်ပြီး အိပ်ရေးဝအောင် အိပ်ပျော်ဖို့ ခက်တာမျိုးရောပေါ့။ ဒီလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေရဲ့ ဆိုးကျိုးတွေက အရေပြားပေါ်မှာလည်း တိုက်ရိုက် သက်ရောက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။
စိတ်ဖိစီးတာက အပေါ်မှာ ပြောခဲ့သလိုပဲ ရှိရင်းစွဲ အရေပြား ပြဿနာတွေကို ပိုပြီး ပြင်းထန်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်ရင် ဝက်ခြံတစ်လုံး ထွက်လာတတ်သူတွေကတော့ ဒီအခြေအနေကို ကောင်းကောင်း နားလည်မှာပါ။ မပျော်ရွှင်မှုတွေက အသားအရေ ကြည်လင်နိုင်စွမ်းကိုပါ ထိခိုက်စေတာပါ။
?ဒေါသဖြစ် အလိုမကျမှုက မျက်မှုန်ကြုတ်မိစေပြီး အရေးအကြောင်းထင်စေတယ်
စိတ်ဆိုး ဒေါသထွက်လာပြီဆိုရင် မျက်မှုန်ကြုတ်မိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုး မျက်မှုန်ကြုတ်တာ၊ မျက်နှာမှာ အရယ်အပြုံးနည်းသွားပြီး မှုန်သုန်သုန် ဖြစ်နေတာက အရေပြားတွေကို ဆွဲကျုံ့ထားသလို ဖြစ်ပြီး အရေပြားမှာ အရေးအကြောင်းထင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဆိုး ဒေါသဖြစ်တဲ့ စိတ်အခြေအနေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။
စိတ်ကျန်းမာရေး အပြောင်းအလဲတွေကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ဆိုရင်တော့ အောက်ပါအချက်လေးတွေကို လိုက်နာပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုရင်တော့
ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ မျှတတာတွေကို စားပေးပါ - အသားအရေလှပစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ အိမ်ချက် ထမင်း၊ ဟင်း၊ အသီးအရွက်၊ အသား၊ ငါး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ရေများများသောက်တာမျိုးတွေ လုပ်ပေးဖို့ လိုအပ်ပါမယ်။
စိတ်ဖိစီးမှု ဖြေလျော့ပါ - စိတ်ဖိစီးမှုများနေတာမျိုး စိုးရိမ်စိတ် လွန်ကဲနေတာမျိုးတွေများ ခံစားနေရလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ စိတ်ဖိစီးမှု ပြေလျော့အောင် လုပ်တာက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးရာ ရောက်သလို ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံဖြစ်တာမျိုးကိုလည်း လျော့ပါးစေမှာပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ - ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်စေပြီး စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ် လွန်ကဲတာမျိုးတွေကိုလည်း သက်သာစေနီုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
စိတ်ကျန်းမာရေး အခြေအနေက အသားအရေ ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိနေတာကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးတာမျိုး မဖြစ်အောင် ဂရုပြုဖို့ မှာချင်ပါတယ်။ ဒါမှသာ တစ်နေ့တာမှာ မလွှဲသာ မရှောင်သာ ကြုံတွေ့ရတဲ့ အသေးအမွှား စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေကြောင့် အသားအရေ ထိခိုက်မှုတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။
အထွေထွေ
စိတ်ချမ်းသာမှ အသားအရေလှမယ်နော်
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!