စိတ်ကလေး ဖိစီးမှုဒဏ်ပိနေသလား!
အထွေထွေ

စိတ်ကလေး ဖိစီးမှုဒဏ်ပိနေသလား!

Aye Thi Mon

📅 28.10.2026


စိတ်ဖိစီးတယ်ဆိုတာက တကယ်တော့ စိတ်သောက ရောက်မှုတွေ၊ စိုးရိမ်သောကတွေ များနေတဲ့ အခြေအနေပါ။ စိတ်ဖိစီးမှုရဲ့ ဒီဂရီ အနိမ့်ဆုံး စိတ်အခြေအနေကို ပြောပြရရင် စိတ်ညစ်တယ်ပေါ့နော်။ စိတ်ညစ်လိုက်တာ အလုပ်တွေ မပြီးသေးဘူး။ လက မကုန်သေးဘူး ပိုက်ဆံကုန်နေပြီ စိတ်ညစ်လိုက်တာတွေ ဆိုတာက စိတ်ဖိစီးမှုရဲ့ ပထမဆုံးအဆင့် စိတ်ဖိစီးမှုရဲ့ မြစ်ဖျားခံရာလို့ ဆိုရပါမယ်။


ဒီလိုကနေ တစ်ခုထက်ပိုလာတဲ့ စိတ်ညစ်စရာတွေ၊ ပူပန်စရာတွေ ရှိလာချိန်မှာတော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ စိတ်ကလေးက သောကတွေ၊ ပူပန်မှုတွေရဲ့ နှိပ်စက်ဖိစီးမှုကို ခံရပါတော့တယ်။ ဒါကို ကိုယ်တိုင်တောင် သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။


စိတ်ကလေးဖိစီးနေတာကို ကိုယ်တိုင်က သတိမထားမိပေမယ့် နေ့စဉ်ဘဝမှာ လာထင်ဟပ်နေတဲ့ အချက်ပြလက္ခဏာလေးတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ! ဆက်ကြည့်လိုက်ရအောင်နော် ……


စိတ်ကလေး ဖိစီးမှုဒဏ်ပိနေသလား!


စိတ်နဲ့ခန္ဓာကိုယ်က မနိုင်ဝန်ထမ်းနေရတာမျိုး ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီဆိုရင် အချက်ပြ လက္ခဏာလေးတွေ ပေါ်လာတတ်ပါတယ်။ ဘယ်လိုလက္ခဏာလေးတွေလဲဆိုတော့ - 


  • အမြဲလိုလို ခြေကုန်လက်ပမ်းကျနေမယ်


ကိုယ်ထဲမှာ အားမရှိသလိုဖြစ်နေမှုကို အချိန်တိုင်း ခံစားမိနေမယ်။ အားတွေကုန်နေသလို ခံစားရမယ်။ မနက် အိပ်ရာထထချင်းမှာကို ကိုယ်ထဲမှာ အားမရှိနေသလို နုံးချိနေတာမျိုးကို ခံစားရနိုင်ပါတယ်။ 


  • ကောင်းကောင်း အိပ်ပျော်ဖို့ ခက်နေမယ်


ညတိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ကို အတော်လေးကို ရုန်းကန်နေရတာမျိုးဖြစ်မယ်။ အိပ်နေရင်း ခဏခဏ ပြန်နိုးလာတာမျိုး၊ အိပ်နေရင်းတောင် အတွေးတွေက မရပမ်ဘဲ ဆက်တွေးနေမိရင်းက အိပ်မက်တွေထဲမှာပါ အလုပ်တွေ လုပ်နေရတာ နေ့စဉ်ဘဝထဲက အခက်အခဲတွေကို ဖြေရှင်းနေရတာမျိုး ခံစားရနိုင်ပါတယ်။


  • စိတ်တိုလွယ်မယ်


စိတ်တိုလွယ်မယ်။ အချိန်တိုင်း၊ အခြေအနေတိုင်းနဲ့ အဖြစ်အပျက်တိုင်းအတွက် စိတ်တိုဒေါသဖြသစ်ဖို့ အသင့်ဖြစ်နေမယ်။ ကိစ္စရပ်သေးသေးလေးတွေကိုတောင် ပြင်းပြင်းထန်ထန် တုံ့ပြန်မိတာမျိုး ဖြစ်မယ်။ နေ့တိုင်းမှာ အဆင်မပြေတာတွေကိုပဲ ခံစားမိမယ်။ နေ့စဉ်ရဲ့ ဖြစ်နေကျကိစ္စလေးတွေကိုတောင် အဆင်မပြေဘူးလို့ ခံစားလာရတာမျိုးတွေ ဖြစ်မယ်။


  • အစာအိမ်အူလမ်းကြောင်းပြဿနာတွေ ခံစားရမယ်


ဗိုက်တအား အောင့်မယ်။ မအီမလည်ကြီးဖြစ်နေမယ်။ လေထိုးမယ်၊ လေပွမယ်။ အစားအစားချင်စိတ် မရှိတာမျိုးဖြစ်မယ်။ အကြိုက်တွေ ပြောင်းလာမယ်။ ဘာစားစား ခံတွင်းမတွေ့တာမျိုး ဖြစ်မယ်။ အစာအိမ်အောင့်တာလိုမျိုးတွေ ခံစားလာရမယ်။ 


  • အာရုံစိုက်ဖို့ ခက်မယ်


အာရုံစိုက်ဖို့ အရမ်းခက်ခဲနေမယ်။ စိတ်ထဲမှာ အတွေးတွေက ဝေဝေဝါးဝါးတွေပဲ ဖြစ်နေမယ်။ တစ်ခုခုကို တိတိကျကျ ဆုံးဖြတ်ချက်ချဖို့ ရှင်းရှင်းလင်းလင်း အဖြေထုတ်ဖို့ ခက်နေမယ်။ 


ပုံမှန်ထက် မေ့တတ်လာမယ်။ လုပ်နေကျ အလုပ်လေးတွေကိုတောင် လွဲလွဲချော်ချော် ဖြစ်လာမယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုတောင် အာရုံစိုက်ဖို့ အတော်လေး ရုန်းကန်နေရမယ်။ 


နေ့စဉ်ဘဝမှာ ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရပြီမို့ အမြန်ဆုံး စိတ်ရောကိုယ်ပါ အနားပေးမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။


Lotoshinn ရဲ့ စကားလက်ဆောင်


စိတ်ကလေးက ဖိစီးမှုကို ခံရတာများလာတာ၊ လက်ခံနိုင်တဲ့ ပမာဏထက် ကျော်လာတာမျိုးဖြစ်ချိန်မှာ ခန္ဓာကိုယ်မှာ ခေါင်းကိုက်တာကစလို့ အမျိုးမျိုးသော နာကျင်ကိုက်ခဲမှုတွေကို ခံစားရပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ကျော်လွှားဖို့ဆိုရင် - 


  • အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ

  • တရားထိုင်ပါ

  • ယောဂလေ့ကျင့်ပါ

  • လမ်းလျှောက်တာ၊ ပြေးတာကစလို့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်ပါ

  • စိတ်ရောကိုယ်ကိုပါ အချိန်တစ်ခုလောက် အေးဆေးစွာ အနားယူလိုက်ပါ။


စိတ်ကလေး ကျန်းမာပြီး ဖိစီးမှုကင်းမှ လူမှုပေါင်းသင်းဆက်ဆံရေးကစလို့ ရှင်သန်ရေးအတွက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ကဲ … စိတ်ကလေးရဲ့ အရောက်လေးက အဖြူရောင်ကနေ အနီရောင်အဆင့်ကြား ဘယ်အရောင်လေး ဖြစ်နေပြီလဲ ဆန်းစစ်လို့ ဖြူဖြူလွင်လွင် ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် ပြန်လည် ဖန်တီးကြစို့နော်…. 




0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!