ဒီ article လေးကနေတစ်ဆင့် Domestic Violenceရဲ့ သံသရာစက်ဝန်းအကြောင်းတွေကိုမျှဝေပေးသွားပါမယ်။ သာမန်လူအနေနဲ့ကတော့ ဒီလောက်နှိပ်စက်နေတာ အနိုင်ကျင့်နေတာ ပစ်လိုက်ပေါ့။ ရုန်းထွက်လိုက်ပေါ့။ ထားခဲ့ပေါ့။ စသဖြင့် အလွယ်အတကူ ကရုဏာနဲ့ ပြောလေ့ရှိကြပါတယ်။ တကယ်တမ်းတော့ နစ်နာသူဟာ မမြင်နိုင်တဲ့ အကြောင်းအရာတွေ ခံစားချက်တွေကို ရင်ဆိုင်နေရတာမို့… အဲ့လောက်မလွယ်ကူနေရတာပဲဖြစ်ပါတယ်။
ဒီ “အိမ်တွင်းအကြမ်းဖက်မှု” မှာ တွေ့ရတတ်တဲ့ အဆင့်(၃)ဆင့်ကတော့
၁။ တင်းမာမှုများ စတင်ခြင်း (Tension Building): ဒီအဆင့်မှာ နှုတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှုတွေ၊ အပြစ်တင်တာတွေ စတင်လာပါတယ်။ နစ်နာသူအနေနဲ့ ပြဿနာမဖြစ်အောင် "ကြက်ဥခွံပေါ် လမ်းလျှောက်ရသလို" အမြဲသတိထားပြီး ချော့မော့နေထိုင်ရတဲ့ အဆင့်ဖြစ်ပါတယ်။
၂။ အကြမ်းဖက်မှု ဖြစ်ပွားခြင်း (Acute Battering): စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ နှုတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ တကယ်ဖြစ်လာပါတယ်။ နစ်နာသူဟာ ထိတ်လန့်ကြောက်ရွံ့ပြီး ရုန်းထွက်ဖို့ ကြံစည်တတ်ပေမဲ့၊ ကျူးလွန်သူကတော့ အစွမ်းကုန် ထိန်းချုပ်နှိမ်ချဖို့ ကြိုးစားပါတယ်။
၃။ ပြန်လည်ချော့မော့ခြင်း (Honeymoon Phase): ဒါကတော့ ရုန်းထွက်ဖို့ ခက်အောင်လုပ်တဲ့ အဆင့်ပါ။ ကျူးလွန်သူက နောင်တရသလိုနဲ့ တောင်းပန်တာ၊ ကတိပေးတာ၊ လက်ဆောင်ပေးတာတွေ လုပ်လာပါတယ်။ "နောင်ဆို ပြောင်းလဲပါ့မယ်" ဆိုတဲ့ မျှော်လင့်ချက်ကြောင့် နစ်နာသူက ခွင့်လွှတ်မိသွားပြီး မကြာခင်မှာပဲ ဒီသံသရာက အစကနေ ပြန်လည်ပတ်ပါတော့တယ်။
ဒီအဆင့်တွေအကြားမှာ နစ်နာသူက ကျူးလွန်သူရဲ့ အကြမ်းဖက်အပြုအမူတွေကို ကြောက်လန့်နေရတယ်။ မိသားစုမိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဝေးကွာပြီး အားကိုးရာမဲ့မယ်။ အကြမ်းဖက်သူရဲ့ အပြုအမူတွေဟာ သူ့တာဝန်မကင်းဘူးဆိုတဲ့ အပြစ်ရှိသလို ခံစားနေရမယ်။ အချိန်ပေးလိုက်ရင် အခုထက်ပိုကောင်းလာမယ်/ အကျင့်တွေပြင်လာမယ်ဆိုပြီး ယုံကြည်မျှော်လင့်နေတတ်တယ်။ အကြမ်းဖက်သူကတော့… ထိန်းချုပ်ချင်တယ်။ ခြယ်လှယ်ချင်တယ်။ ကိုယ်ချင်းစာစိတ် မရှိသလောက် ခေါင်းပါးမယ်။ တရားမျှ တတဲ့အပြုအမူတွေ အတွေးအခေါ်တွေ မရှိတော့ဘူး။ ကြီးပြင်းလာတဲ့အခါမှာ သင်ယူရရှိတဲ့ အပြုအမူတွေကို ထုတ်ပြမယ်။ repetition (ထပ်ခါတလဲလဲဖြစ်ခြင်း)၊ escalation (တင်းမာမှုမြင့်တက်လာခြင်း) နဲ့ isolation (သီးခြားဖြစ်လာခြင်း) စတဲ့ လက္ခဏာတွေ ကို မြင်ရမှာဖြစ်ပါတယ်။
ဒီကနေရုန်းထွက်ဖို့က နစ်နာသူအနေနဲ့ သူ့ရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းရေး၊ ငွေရေးကြေးရေး၊ သံယောဇဉ်၊ မျှော်လင့်ချက်၊ အပြစ်မကင်းသလို ခံစားရခြင်း၊ ဗဟုသုတနည်းခြင်း၊ မိသားစု၊ အသိုင်းအဝိုင်း၊ ဂုဏ်သိက္ခာ၊ Support၊ ယဉ်ကျေးမှု၊ လူမှုအသိုင်းအဝိုင်း စတဲ့ တခြားငဲ့ညှာစရာအချက်တွေ အများကြီးပေါ်မှာ မူတည်ပါတယ်။
ဒီနေရာမှာ အမြဲတမ်းရိုက်နှက်နေတာ ညှင်းပန်းနေတာကို ခံစားနေရလို့ သူတို့ရဲ့ ဦးနှောက်တွေ တွေးခေါ်ပုံတွေ ပြောင်းလဲ သွားတတ်ပါတယ်။ တွေ့ရများတဲ့ ပုံစံတွေက အမြဲတမ်း Alert ဖြစ်နေတယ်။ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေက အမြဲလိုလိုခံ စားနေရတယ်။ အာရုံစူးစိုက်မှုတွေ မှတ်ဉာဏ်တွေ ချို့ယွင်းလာမယ်။ ဆုံးဖြတ်ချက်ချတာတွေ နှေးလာမယ်။ ရုတ်တရက် တုံ့ပြန်မှုတွေကို ထိန်းချုပ်ရ ခက်လာမယ်။ အမြဲတမ်း စိတ်တွေကျမယ်။ ပူပန်မယ်။ နောက်ဆုံးတစ်ခုက မြန်မာစကားပုံဖြစ်တဲ့ “အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင် ချစ်မယ်” ဆိုတဲ့ စကားလိုမျိုး ညှင်းပန်းနှိပ်စက်သူကို စိတ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုတွေဖြစ်စေပြီး ရုန်းထွက်ဖို့ ခက်ခဲစေတဲ့ အဖြစ်တွေလဲ ရှိတတ်တာကို တွေ့ရပါတယ်။ ဒီ Bonding ပုံစံတွေက ရုန်းထွက်ဖို့ ခက်ခဲတဲ့အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒီသံသရာထဲကရုန်းမထွက်ဖို့ခက်ခဲနေသူကို ဂရုဏာနဲ့ သူမလုပ်နိုင်တာ မလုပ်ရဲတာကို ဝေဖန်ထောက်ပြမယ့်အစား လူမှုအသိုင်းအဝိုင်းအနေနဲ့ “အိမ်တွင်းအကြမ်းဖက်မှု”တွေပပျောက်သွားအောင် အဘက်ဘက်ကနေ နစ်နာသူများ လိုအပ်တဲ့အကူအညီများ၊ သတင်းအချက်အလက်များ၊ လုံခြုံမှု၊ အထောက်အပံ့နဲ့ အကာအကွယ်များ ရရှိအောင် ပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးနိုင်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
ဤဆောင်းပါးကို Counselling Corner မှပံ့ပိုးကူညီပေးထားပါသည်။
#Counselling_Corner #ASafePlaceforChange #Cycle_of_Domestic_Violence
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!