သိထားသင့်တဲ့ အချက်များ
ဒေါသဆိုတာက လူတစ်ယောက်ရဲ့ သာမန်စိတ်ခံစားမှု တစ်ခုပါ။ သေးငယ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုကနေစလို့ ပြင်းထန်တဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေအထိ ရှိနိုင်ပါတယ်
ဒေါသကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်
စိတ်လိုက်မာန်ပါ ပြုမူတာ၊ အကြမ်းဖက်တာတွေက ဒေါသကို ပုံစံမမှန်တဲ့ တုံ့ပြန်ဖော်ပြမှုတွေလို့ သတ်မှတ်လို့ ရပါတယ်။
ဒေါသနဲ့ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာရှိနေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကုထုံးခံယူတာ၊ အကူအညီရယူတာမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။
ဒေါသဆိုတာ ဘာလဲ!
ဒေါသဆိုတာက လူတစ်ယောက်ရဲ့ သာမန်စိတ်ခံစားမှုတစ်ရပ်ပါ။ တစ်ခုခုကို မျှတမှု မရှိဘူးလို့ ခံစားရတဲ့ အခါမျိုးနဲ့ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒေါသဖြစ်ခြင်းကို သိပ်မပြင်းထန်တဲ့ အဆင့်ကနေ အရမ်းပြင်းထန်တဲ့အဆင့်အထိ ခွဲခြားသတ်မှတ်လို့ ရပါတယ်။
ဒေါသဖြစ်တာကို လူတိုင်း တစ်ချိန်ချိန်မှာတော့ ခံစားရနိုင်ပါတယ်။ ဒေါသထွက်တာက ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အခါမျိုးရှိသလို ဒေါသဖြစ်ဖို့ လိုအပ်တဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ဒေါသထွက်တာက တစ်ခတြလေမှာ အခြေအနေတွေကိူ အကောင်းဘက်ကို ဖြစ်စေဖို့ ကောင်းမွန်တဲ့ တွန်းအား ဖြစ်စေပါတယ်။
ဒေါသကို မှန်ကန်တဲ့နည်းလမ်းနဲ့ ထုတ်ဖော်ပြသဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ မကျန်းမာတဲ့ နည်းလမ်းတွေနဲ့ မှားယွင်းစွာ ဖော်ပြခြင်းက မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းတွေမှာပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဥပမာ ပြောပြရရင် - ဒေါသကို အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖော်ပြတာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တာ၊ အသက်ဆုံးရှုံးစေတဲ့အထိ ပြုမူတာမျိုးတွေကို ဖြစ်စေနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။
ဒေါသထွက်တာက စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်လား!
ဒေါသထွက်တာက စိတ်ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှု တစ်ရပ်ပါ။ ဒေါသထွက်တာက တစ်ခါတလေမှာ ကောင်းကျိုးတွေတောင်ဖြစ်စေတာမျိုးလည်း ရှိပါတယ်။
စိတ်ကျန်းမာရေးပြဿနာရှိသူတွေမှာ ဒေါသဖြစ်တာထက် အခုလို အခြေအနေတွေကို ပိုခံစားရနိုင်ပါတယ်။
စိတ်ဓာတ်ကျတာ
ပုံမှန်မဟုတ်တဲ့ စိတ်ပူပန်မှု လွန်ကဲတာ
borderline personality disorder
bipolar disorder
schizophrenia
oppositional defiant disorderတွေကို ခံစားရနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ ဒေါသဖြစ်နိုင်လဲ!
ဒေါသဖြစ်တယ်ဆိုတာက အခြေအနေတွေအတွက် သာမန်တုံ့ပြန်မှု တစ်ရပ်ပါ။
မျှတမှု မရှိဘူးလို့ ခံစားရတဲ့ အခါမျိုး
စိတ်အနှောင့်အယှက်ဖြစ်တဲ့ အခါမျိုး
ကြောက်လန့်တုန်လှုပ်တဲ့ အခါမျိုး
ခြိမ်းခြောက်ခံရတဲ့ အခါမျိုးတွေမှာ ဒေါသဖြစ်နိုင်ပါတယ်။
ခြိမ်းခြောက်မှုတွေဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။
အချို့သောအခြေအနေတွေမှာတော့ ဒေါသဖြစ်စေနိုင်တဲ့ ပုံစံ မတူသလို တုံ့ပြန်တဲ့ပုံစံလည်း မတူနိုင်ပါဘူး။ စိတ်ပူပန်မှု လွန်ကဲတာ၊ မတရားသဖြင့် ပြုမူဆက်ဆံ ပြောဆိုခံရတယ်လို့ ခံစားရတဲပ အခိုက်အတန့်မျိုး တွေမှာ ဒေါသဖြစ်နိုင်ပါတယ်။
ဒေါသနဲ့ပတ်သက်ပြီး ပြဿနာရှိနေပြီလား!
လူတိုင်းက အချိန်တိုင်းလိုလိုမှာ မတူတဲ့ပုံစံအမျိုးမျိုးနဲ့ ဒေါသကို ခံစားကြရပါတယ်။ ဒီလိုဖြစ်လာတဲ့ ဒေါသကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းမှု မလုပ်နိုင်တဲ့အခါမျိုးမှာ ပြဿနာတွေ ဖြစ်လာတော့တာပါပဲ။
သင့်အနေနဲ့ ဒေါသကို ထိန်းချုပ်မှု မလုပ်နိုင်ဘူးဆိုရင် ရန်လိုတဲ့ အပြုအမူတွေဖြစ်ကြတဲ့
ရိုင်းစိုင်းစွာပြောဆိုတာ
ဆဲဆိုတာ
ခြိမ်းခြောက်တာ
ပစ္စည်းတွေကို ပေါက်ခွဲတာ
နေရာတစ်ခုလုံးကို ရှုပ်ပွသွားအောင် ပစ်ပေါက်ခွဲတာမျိုးတွေလုပ်နိုင်ပါတယ်။
ဒေါသကို မှားယွင်းကြမ်းတမ်းစွာ ဖော်ပြမှုက ကိုယ်တိုင်ကိုရော အခြားသူတွေ သက်ရှိသတ္တဝါတွေနဲ့ အရာဝတထ္ထုတွေကို ထိခိုက်ပျက်စီးစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကိုတင်မက လူမှုပေါင်းသင်းဆက်ဆံရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် မှန်ကန်တဲ့နည်းလမ်းနဲ့ ဖော်ပြပြီး ဖြေရှင်းဖို့အကြံပြုချင်ပါတယ်။
ဒေါသကို ထိန်းချုပ်တတ်စေဖို့
ဒေါသကို ထိန်းချုပ်တတ်စေဖို့ဆိုရင်တော့ -
မပြောခင် စဉ်းစားပါ - တစ်ခုခုကို မပြောခင်မှာ အရင်ဆုံး ဆန်းစစ်ပါ။ ဒီလိုလုပ်ဆောင်တာက ဒေါသကြောင့် လူမှုဆက်ဆံရေးတွေ ထိခိုက်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချနိုင်မှာပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ - ကိုယ်လက်လှုပ်ရှားမှု လုပ်တာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိမှုကို လျော့နည်းစေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် စိတ်ဖိစီးမှု လျော့ကျသလို အလွယ်တကူ ဒေါသထွက်တာ စိတ်ဖိစီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ခဏလောက် စိတ်ပေါ့ပါးအောင်နေလိုက်ပါ - ဒေါသထွက်လာပြီဆိုရင် စိတ်ကလေးကို ခဏလောက် အနားပေးပြီး စိတ်ပေါ့ပါးစေမယ့်အရာတွေကို လုပ်ဆောင်တာ စိတ်သက်သာအောင် နေထိုင်တာမျိုး လုပ်ဆောင်ပါ။
ဖြစ်နိုင်တဲ့ အဖြေတွေကို ရှာပါ - ကိစ္စတစ်ခုခုကြောင့် ဒေါသထွက်လာပြီဆိုရင် ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို ဖြေရှင်းနိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကို ရှာပါ။
အခြားတစ်ခုခု ပြောင်းတွေးလိုက်ပါ - ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကို ဆက်မတွေးဘဲ အခြားအကြောင်းအရာ တစ်ခုခုကို ပြောင်းတွေးတာမျိုး လုပ်ပါ။
ပုံမှန်တရားထိုင်ပါ - တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်လေထွက်လေမှတ်ရင်း တရားထိုင်ပါ။ ဒီလိုလုပ်တာက စိတ်ကို အလေ့အကျင့်ရစေပြီး ဒေါသထွက်တဲ့အခါ ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်ခြေ နည်းသွားမှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
လူတိုင်းက ဒေါသကင်းဖို့ ခက်တာကြောင့် ဒေါသကြီးရင်းရလာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကို ကာကွယ်ဖို့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာစေမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!