Understanding Trauma
အထွေထွေ

Understanding Trauma

Admin

📅 15.05.2026


“Trauma” ဒါမှမဟုတ် “စိတ်ဒဏ်ရာ” ဆိုတဲ့ စကားလုံးကို ဒီဘက်ခေတ်မှာ တော်တော်များများ သုံးနှုန်းလာကြတာ တွေ့ရမှာပါ။ ဒါပေမဲ့ ရိုးရိုးစိတ်ထိခိုက်ရုံလောက်ကိုပဲ စိတ်ဒဏ်ရာရတယ်လို့ ခေါ်ဆိုနိုင်မလား?


ဒီနေ့မှာတော့ Trauma ဆိုတာ အမှန်တကယ် ဘာလဲ၊ သူ့ရဲ့ အမျိုးအစားတွေက ဘာလဲဆိုတာနဲ့ ဒီဒဏ်ရာတွေက လူတစ်ယောက်ရဲ့ အပြုအမူတွေကို ဘယ်လိုတောင် ရိုက်ခတ်ပြောင်းလဲပစ်နိုင်သလဲ ဆိုတာကို အကျဉ်းချုပ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။


Trauma ဆိုတာ လူတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းအားထက် ကျော်လွန်ပြီး ပြင်းထန်လွန်းတဲ့ ထိခိုက်နာကျင်စရာ အဖြစ်အပျက်တစ်ခုအပေါ် စိတ်ပိုင်းဆိုင်ရာက တုံ့ပြန်မှုကို ခေါ်တာပါ။ ဒီအဖြစ်အပျက်ဟာ ကျွန်မတို့ရဲ့ ဗဟိုအာရုံကြောစနစ် (Central Nervous System) ကိုပါ လွှမ်းမိုးသွားပြီး မှတ်ဉာဏ်တွေ သိမ်းဆည်းပုံနဲ့ ဦးနှောက်အလုပ်လုပ်ပုံတွေကိုပါ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။


လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ခံနိုင်ရည် (Resilience) မတူညီတာကြောင့် Trauma ဖြစ်စေတဲ့ Level ကွာခြားနိုင်ပေမဲ့ အတွေ့အများဆုံး အချက်တွေကို အောက်မှာ ဆက်လက်လေ့လာကြည့်ရအောင်ပါ။


Trauma အမျိုးအစားနှင့် ဖြစ်စေသောအကြောင်းရင်းများ 


စိတ်ဒဏ်ရာဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ယုံကြည်ကိုးကွယ်မှုပိုင်းနဲ့ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းလာတဲ့ စိတ်ဒဏ်ရာ (Intergenerational Trauma) ဆိုပြီး ပုံစံမျိုးစုံ ရှိနိုင်ပါတယ်။


  • အဖြစ်အများဆုံး အကြောင်းရင်းများ: သဘာဝဘေးအန္တရာယ်၊ ချစ်ရသူကို ဆုံးရှုံးရခြင်း၊ မတော်တဆမှုများ၊ အနိုင်ကျင့်နှိပ်စက်ခံရခြင်း၊ စစ်ပွဲနှင့် အကြမ်းဖက်မှုများ။

  • Primary Trauma: ကာယကံရှင်ကိုယ်တိုင် တိုက်ရိုက် ကြုံတွေ့ခံစားရခြင်း။

  • Secondary Trauma: တခြားသူရဲ့ Trauma ကို မြင်တွေ့/ကြားသိရရာကနေ ကိုယ်တိုင်ခံစားရသလို စိတ်ဒဏ်ရာရခြင်း။


ဒီကနေ ကြုံတွေ့ရတဲ့ပုံစံပေါ်လိုက်ပြီး Acute, Chronic, Complex trauma  ဆိုပြီး (၃)မျိုးခွဲထားပါတယ်။ Acute ပုံစံက အဖြစ်အပျက်တစ်ခုကနေ ၁ကြိမ်ကြုံရတဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာမျိုးကို ခေါ်ပါတယ်။ (ကားအက်စီးဒင့်ဖြစ်ခြင်း၊ သဘာဝဘေးကြုံရခြင်း၊ ချစ်ရသူကိုဆုံးရှုံးရခြင်း စသဖြင့်)။ 


Chronic ကတော့… စိတ်ဒဏ်ရာဖြစ်စေမယ့် ကိစ္စကို ထပ်ခါတလဲလဲ အချိန်ကာလတစ်ခုကြာတဲ့ထိခံစားရတဲ့အခါဖြစ်လာပါတယ်။ (ဥပမာ− အိမ်တွင်းအကြမ်းဖက်မှု၊ နာတာရှည်ရောဂါ၊ အနိုင်ကျင့်ခံရခြင်း စသဖြင့်) 


နောက်တစ်ခုကတော့ မတူညီတဲ့ စိတ်ဒဏ်ရာရစရာတွေကို ဆက်တိုက် ခံစားရတဲ့အခါ ဖြစ်လာတဲ့ complex trauma ဖြစ်ပါတယ် (ဥပမာ− ငယ်ဘဝမှာ အနိုင်ကျင့်နှိပ်စက်ခံရခြင်း၊ လျစ်လျူရှုခံရခြင်း၊ စသဖြင့်)


ဒီလိုစိတ်ဒဏ်ရာကြုံရပြီးတဲ့အချိန်မှာ အပြုအမူနဲ့ ပုံစံတွေပြောင်းလဲလာပါတယ်။ လူတွေနဲ့ ဝေးရာမှာနေလာတာမျိုး၊ စိတ်တိုလာတာ ရန်လိုလာတာ၊ အအိပ်နည်းလာတာ၊ အစားအသောက်ပုံစံပြောင်းလာတာ၊ အာရုံစူးစိုက်မှုနည်းလာတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ နေရာတွေ/အကြောင်းအရာတွေကို အစွန်းရောက်တဲ့ထိ ကြောက်တာ/ရှောင်တာ၊ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ အရမ်းမြင့်လာတာ၊ တက်တက်ကြွကြွ မရှိတော့ပဲ အမြဲမှိုင်နေတာ၊ စိတ်ဓါတ်ကျတာ၊ မျှော်လင့်ချက်မဲ့တာ၊ ဘာမှမခံစားနိုင်တော့တာ၊ ဘာခံစားနေရလဲမသိတော့တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိတော့တာ၊ အလေးအနက်မထားတော့တာ၊ စတာတွေဖြစ်လာပါတယ်။ (ယေဘုယျသဘောပြောတာဖြစ်ပြီး ဒါတွေပဲဖြစ်မယ်လို့ သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။) 


ဒီလိုစိတ်ဒဏ်ရာတွေကိုကြုံလာခဲ့သည်ရှိသော်… အလိုအလျောက်ပြန်တုံ့ပြန်တဲ့ပုံစံတွေလဲရှိပါတယ်။ ဥပမာ− အဖြစ်အပျက်ကိုငြင်းဆိုတာ၊  ရှောင်လွှဲတာ၊ စိတ်ခံစားချက်တွေကို တခြားနေရာကိုလွှဲပစ်တာ၊ ခံစားရတာတွေကို ဖိသိပ်လျစ်လျူရှုလိုက်တာ၊ ဒီအဖြစ်အပျက်ကြုံရတာနဲ့ပတ်သက်ပြီး ကိုယ့်စိတ်က လက်ခံနိုင်တဲ့ အကြောင်းရင်းကို ကိုယ့်ဘာသာထုတ်လိုက်တာ… စသဖြင့်။ တချို့အချက်တွေက အချိန်အတိုင်းအတာ တစ်ခုအနေနဲ့ အဆင်ပြေပေမယ့် ရေရှည်မှာတော့ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ရွေးချယ်နည်းမဟုတ်တာကို သတိပြုဖို့လိုပါတယ်။ ဒီTrauma ကနေ စိတ်အခြေအနေ ပိုဆိုးလာမယ်ဆိုရင် Post-Traumatic Stress Disorder (PTSD) အဆင့်ထိရောက်သွားမှာဖြစ်ပါတယ်။ 


စိတ်ဒဏ်ရာတွေအကြောင်းကို သိထားမယ်ဆိုရင်… ကိုယ့်ကိုယ်ကိုယ် သတိပြုနိုင်ပြီး ကျန်းမာတဲ့ ရင်ဆိုင်ပုံတွေ ပြုလုပ်နိုင်မယ်။ (ဥပမာ−ကုထုံးတွေခံယူမယ်၊ လိုအပ်တဲ့ အထောက်အပံ့အကူအညီတွေယူမယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်လာမယ်။) ဒီလို စိတ်ခွန်အားတွေ ပြန်တည်ဆောက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာသုခနဲ့ပြည့်ဝတဲ့ ဘဝကို ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ 


ဤဆောင်းပါးကို Counselling Corner မှပံ့ပိုးကူညီပေးထားပါသည်။ 



#CounsellingCorner #ASafePlaceforChange #TraumaAwareness #MentalHealthMyanmar #HealingJourney





0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!