ဆေးလိပ်သောက်မှ အဆုတ် ထိခိုက်တာ မဟုတ်ဘူးနော်
အထွေထွေ

ဆေးလိပ်သောက်မှ အဆုတ် ထိခိုက်တာ မဟုတ်ဘူးနော်

Admin

📅 15.08.2025
တော်တော်များများ အလွယ်တကူ မှတ်ထားမိနိုင်တာက ဆေးလိပ်သောက်မှ အဆုတ်ထိခိုက်ပျက်စီးတာ လို့ပေါ့။ တကယ်ကတော့ ဆေးလိပ်သောက်တာကြောင့် အဆုတ်ထိခိုက်နိုင်သလို အခြားသော နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိရှိ သတိထားနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ 

ဆေးလိပ်သောက်တာက အဆုတ်ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်

ဆေးလိပ်သောက်တာက အဆုတ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ သက်ရောက်မှုကြီးတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် ဆေးလိပ်သောက်တာ တစ်ခုကပဲ အဆုတ်ကို ပျက်စီးစေတာမျိုး မဟုတ်ပါဘူး။ တဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့တာ၊ လေထုညစ်ညမ်းတာ၊ အန္တရာယ်ရှိတဲ့ အရာတွေနဲ့ ထိတွေ့နေရတာ၊ လေထုညစ်ညမ်းမှုတွေလိုမျိုးအရာတွေနဲ့ နေ့စဉ်ဘဝမှာ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော ကျန်းမာရေး ပြဿနာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့လည်း အဆုတ် ထိခိုက်ပျက်စီးတာမျိုးတွေ ရှိနိုင်ပါတယ်။ 

ဆေးလိပ်သောက်မှ အဆုတ် ထိခိုက်တာ မဟုတ်ဘူးနော်

ဆေးလိပ်သောက်မှ အဆုတ်ထိခိုက်တာ မဟုတ်ပါဘူးနော်။ အခုလို အခြေအနေတွေကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။
  • တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့တာ
တဆင့်ခံဆေလိပ်ငွေ့နဲ့ ထိတွေ့တာက ကလေးတွေရော လူကြီးတွေမှာပါ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာနဲ့ အဆုတ်ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။ 
  • လေထုညစ်ညမ်းတာ
ညစ်ညမ်းတဲ့ လေထုနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာကလည်း အဆုတ်တွေကို ထိခိုက်ပျက်စီးစေပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့်ရော ပြင်ပလေထု ညစ်ညမ်းမှုကြောင့်ပါ အဆုတ် ထိခိုက်နိုင်ပါတယ်။ 
  • အန္တရာယ်ရှိတဲ့ အရာတွေကို ထိတွေ့ ရှူရှိုက်နေရတာ
အချို့သော လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေ ( ဓာတုပစ္စည်း စက်ရုံ၊ ဘိလပ်မြေ၊ ကြိတ်ခွဲစက်၊ ဓာတ်မြေဩဇာစက်ရုံလိုမျိုး နေရာတွေမှာ လုပ်ကိုင်နေရသူတွေ) အနေနဲ့လည်း ဒီလိုအရာတွေကို နေ့စဉ် ရှူရှိုက်နေရတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး အချိန်ကြာလာတဲ့အခါ အဆုတ် ထိခိုက် ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။ 
  • အထိုင်များတာ
ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ အထိုင်များတာတွေကလည်း အဆုတ်ကြွက်သားတွေကို အားနည်းစေပြီး အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါ အဆုတ်ထိခိုက်ပျက်စီးစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ 
  • ကျန်းမာရေးပြဿနာရှိတာ
အဝလွန်နေတာ၊ ဗီတာမင် D ချို့တဲ့တာ၊ မျိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုခု ခံစားနေရတာ၊ နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာကြောင့်လည်း အဆုတ်ကျန်းမာရေး ထိခိုက်တာမျိုး ခံစားရနိုင်ပါတယ်။ 
  • အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ခံစားရတာ 
တီဘီရောဂါ၊ ကိုဗစ်ကူးစက်ခံရတာ၊ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှုတွေကြောင့်လည်း ရေရှည်မှာ အသက်ရှူလမ်းကြောင်းကိုရော အဆုတ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ 

အဆုတ်ထိခိုက်မှုကင်းစေဖို့ ဘယ်လို ကာကွယ်ကြမလဲ!

အဆုတ်ကို ထိခိုက်မှုကင်းစေဖို့ဆိုရင် - 
  • ဆေးလိပ်မသောက်ပါနဲ့။
  • တဆင့်ခံဆေးလိပ်ငွေ့ရှောင်ပါ။
  • အိမ်တွင်းလေထု သန့်ရှင်းစေဖို့ ဂရုစိုက်ပါ။ (ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆေးလိပ်ငွေ့တွေ ကင်းစင်စေဖို့ သေချာ ဂရုစိုက်ပါ)
  • လေဝင်လေထွက်ကောင်းဖို့ ဂရုပြုပါ။
  • အလုပ်ခွင်မှာ လိုအပ်ရင် ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ပါ။
  • အာဟာရပြည့်ဝမျှတအောင် စားသုံးပါ။
  • နာတာရှည် ကျန်းမာရေးပြဿနာရှိရင် သေချာ ဂရုစိုက်ပါ။
  • ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။ 
  • အချိုလျှော့စားပါ။
  • စိတ်ဖိစီးမှုလျှော့ချပါ။ 
Lotoshinn ရဲ့ စကားလက်ဆောင် အဆုတ်ကို ဆေးလိပ်ကမှ ထိခိုက်တာမဟုတ်ပါဘူး။ အိမ်တွေမှာ သုံးနေကြတဲ့ ခြင်နိုင်ဆေးတွေ၊ ကြွေချေးချွတ်ဆေးလိုမျိုး ဓာတုပစ္စည်း ပါဝင်နေတဲ့ အရာတွေ၊ အမွှေးတိုင်၊ အိမ်တွင်း ဖုန်မှုန့်တွေ၊ တဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ထိခိုက်စေနိုင်သလို အထိုင်များတာ၊ ကိုယ်အလေးချိန် အရမ်းများနေတာတွေကလည်း အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်တာမျိုး ကျန်းမာတဲ့ နေ့စဉ်ဘဝနေထိုင်မှုကို ဖန်တီးရင်း အဆုတ်ကျန်းမာရေးကို သေချာလေး ဂရုစိုက်ကြဖို့ အကြံပြုလိုက်ပါရစေ။
 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!