လူတစ်ယောက် တစ်နေ့တာလုံး လန်းရွှင်တက်ကြွနေစေဖို့အတွက်ဆိုရင် ညဘက်အိပ်စက်ချိန်ဟာ လုံလောက်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်ချိန်ဆိုတာ တစ်ညကို ၇ နာရီကနေ ၈ နာရီကြား ရှိနေဖို့ လိုအပ်မှာပါ။
တစ်ရက်တလေ အိပ်ချိန်နည်းသွားတာ ပြဿနာမဟုတ်ပေမဲ့ အမြဲလိုလို အိပ်ရေးပျက်နေရင်တော့ ကြာလာရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဒီအတွက် ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ခုပြောပြပေးမယ့် အလေ့အကျင့်တွေကို လိုက်နာရင်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြင်ဆင်ပေးနိုင်ပါတယ်။
✔၁။ ညအိပ်ချိန်ကို ပုံသေသတ်မှတ်ထားပါ။
ကိုယ့်အတွက် တစ်နေ့တာအိပ်စက်မှုပုံစံကို ပုံသေသတ်မှတ်ထားတဲ့အခါ ဒီအချိန်ရောက်ပြီဆိုတာနဲ့ မျက်လုံးက အိပ်ချင်လာပြီး ကြွက်သားတွေ ပြေပျော့လို့ အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါ့အပြင် အိပ်ချိန်ပုံသေထားခြင်းဖြင့် အိပ်ချိန်ပြည့်ဝစေရုံသာမက မနက်ပိုင်းမှာလည်း အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။
✔၂။ အိပ်ချိန်နဲ့ ညစာခွဲထားပါ။
ညစာကို တတ်နိုင်ရင် ညနေ ၆ - ၇ နာရီထက် နောက်ကျပြီး မစားပါနဲ့။ ညစာစားနောက်ကျတဲ့အခါ အစာအိမ်ကလည်း တစ်နေ့လုံး အလုပ်လုပ်ထားတာဖြစ်တဲ့အတွက် အမာစာတွေကို ချေဖျက်ဖို့ အားနည်းသွားသလို အချိန်ပိုကြာတဲ့အတွက် အစာမကြေဖြစ်ပြီး အစာအိမ်၊ ဝမ်း၊ အူလမ်းကြောင်းနဲ့ ဆက်စပ်ကျန်းမာရေးပြဿနာတွေ ပိုဖြစ်စေနိုင်ပါတယ်။
✔၃။ ညမအိပ်ဘဲ မနေပါနဲ့။
ဘယ်အကြောင်းအရာကမှ ညမအိပ်ဖို့လောက်အထိ အရေးမကြီးပါဘူး။ လူတစ်ယောက်ဟာ တစ်နေကုန်ပင်ပန်းထားသမျှ ညဘက်ကောင်းစွာ အိပ်ပျော်နိုင်မှပဲ ကုန်သွားတဲ့အားအင်တွေကို ပြန်ဖြည့်ရင်း နောက်နေ့အတွက် လိုအပ်တဲ့ အားအသစ်တွေပါ ရရှိစေနိုင်မှာပါ။ ဒါ့အပြင် ညမအိပ်တဲ့အခါ လူတွေဟာ အစာပိုစားတတ်သလို အချို၊ အငန်လွန်ကဲတဲ့ မုန့်ပဲသရေစာတွေကို ပိုစားတတ်တာကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။
✔၄။ အိပ်ချိန်မှာ ဖုန်းမသုံးပါနဲ့။
အီလက်ထရောနစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ အပြာရောင်အလင်းလှိုင်းဟာ မျက်လုံးထဲ ဝင်သွားတဲ့အခါ ညအိပ်ပျော်ဖို့ပိုခက်စေပြီး မျက်လုံးကြောင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းသုံးတဲ့အခါ Social Media ပေါ်က စိတ်မချမ်းသာစရာတွေမြင်ပြီး ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အိပ်ချိန်မှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးတာ အကောင်းဆုံးပါပဲ။
✔၅။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
တစ်နေ့တာမှာ Gym သွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိရင်တောင် ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးခြင်းဟာ အားအင်တွေကို သုံးစွဲပေးပြီး ကြွက်သားတွေအတွက် လှုပ်ရှားမှုဖြစ်စေတယ်၊ ချွေးကိုလည်း ပိုထွက်စေပြီး ကယ်လိုရီတွေ ပိုလောင်စေတယ်။ ဒီအခါ အားအင်ကုန်ခန်းသွားတာကြောင့် ညဘက်မှာ ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ အကယ်လို့ ကိုယ့်မှာ ဝါသနာပါတဲ့ အားကစားတစ်ခုခုရှိတယ်ဆိုရင်လည်း နေ့စဉ် ပုံမှန်လှုပ်ရှားမှုလုပ်ပေးနိုင်ပါတယ်။
✔၆။ ကဖင်းဓာတ် နည်းပါစေ။
ကဖင်းဓာတ်ပါဝင်မှုများတဲ့ ရေနွေးကြမ်း၊ ကော်ဖီ၊ အအေးဖျော်ရည်တွေဟာ ညဘက်မှာ လူတွေရဲ့ ဦးနှောက်အာရုံကြောစနစ်ကို နိုးကြားစေပြီး အလွယ်တကူ အိပ်မပျော်စေတဲ့အတွက် မဖြစ်မနေ သောက်ပေးမယ်ဆိုရင်လည်း မနက်ဘက်၊ နေ့လယ်ဘက်တွေမှာပဲ သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။
ဒီအလေ့အကျင့်တွေကို သေချာလုပ်ပေးခြင်းဖြင့် ညဘက်မှာ ကောင်းစွာအိပ်ပျော်စေနိုင်သလို ကိုယ့်အတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို တည်ဆောက်ဖန်တီးပေးရာ ရောက်ပါတယ်။ အကယ်လို့ ညအိပ်မပျော်တဲ့ ကျန်းမာရေးပြဿနာကို ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။
အထွေထွေ
ညည ကောင်းကောင်း အိပ်ပျော်စေမယ့် အမူအကျင့်လေးတွေ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!