ဗီတာမင် C (Vitamin C) ဆိုတာ
ဗီတာမင် C ဆိုတာက ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးပါ။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သွေးကြောတွေ၊ အရိုးနု၊ ကြွက်သားနဲ့ အရိုးအတွက် ကော်လာဂျင်တွေ ရရှိစေဖို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် တစ်ရပ်ပါ။ အနာကျက်စေဖို့ အတွက်လည်း အရေးပါသလို ကိုယ်ခံအားကို မြှင့်တင်ပေးဖို့လည်း အဓိကကျတဲ့ ဗီတာမင် တစ်ရပ်ပါ။ နေ့စဉ်စားသုံးမှုကနေ ရရှိနိုင်ပြီး အထူးသဖြင့် အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကနေ ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ဗီတာမင် C အခန်းကဏ္ဍ
ဗီတာမင် C က - ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ရပ်ဖြစ်တယ် - ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်တာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်စေနိုင်တဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားသော နာတာရှည် ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။ - သွေးအားနည်းရောဂါ ခံစားရနိုင်ခြေ လျှော့ချပေးတယ် - ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေဖို့လည်း ထောက်ကူပေးတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ - ကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးတယ် - ဗီတာမင် C က အရေပြား၊ အရိုး နဲ့ သွေးကြောတွေ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ ကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ - အနာကျက်စေနိုင်တယ် - ဗီတာမင် C က တစ်ရှူးတွေကို ပြုပြင်ပေးပြီး အနာကျက်စေဖို့ လုပ်ဆောင်ပေးပါတယ်။ - ကိုယ်ခံအားကောင်းစေတယ် - ဗီတာမင် C က ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ https://lotoshinnlifestyle.com/about-vitamin-a/ဗီတာမင် C အာဟာရ အရင်းအမြစ်များ
အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အရေးပါတဲ့ ဗီတာမင် C ကို နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့- သံပရာသီး၊ ရှောက်သီး တို့လိုမျိုး အချဉ်ဓာတ် ရှိတဲ့ အသီးတွေ
- ခရမ်းချဉ်သီး
- ဘယ်ရီသီးအမျိုးမျိုး
- အာလူး
- ငရုတ်ပွ
- ပန်းဂေါ်ဖီစိမ်း
- ဂေါ်ဖီထုပ်
- ဟင်းနုနွယ်
- ငရုတ်သီးစိမ်း
- သခွားမွှေး စတာတွေကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် C ပြည့်ဝခြင်းရဲ့ ကောင်းကျိုးများ
လေ့လာချက်တွေအရ သိရတာက နေ့စဉ်တိုင်းမှာ ဗီတာမင် C ကို လုံလောက်ပြည့်ဝအောင် စားသုံးမယ်ဆိုရင်- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ် - ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာလိုမျိုး ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အဖျားကာကွယ်ပေးတယ် - ဗီတာမင် C ပြည့်ဝတာက ကိုယ်ခံအားကောင်းမွန်စေပြီး ဖျားနာမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနာမှုကို ခံစားရချိန်မှာလည်း ဗီတာမင် C ဖြည့်စွက်အာဟာရကို သောက်သုံးပေးတာက အဖျားတာတိုစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- မျက်စိကျန်းမာစေတယ် - ဗီတာမင် C ပြည့်ဝတာက အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာကို လျှော့ချပေးနိုင်ပါတယ်။ ရေတိမ်ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
- အသားအရေလှပ ကျန်းမာစေတယ် - ဗီတာမင် C က အသားအရေကို ဖြူဝင်းစေပြီး အမဲစက်နဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အနာကျက်မြန်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဗီတာမင် C လွန်ကဲမယ်ဆိုရင်
ဗီတာမင် C က ကောင်းကျိုးများတဲ့ ဗီတာမင် တစ်ရပ်ဖြစ်သလို သင့်တင့်မျှတတဲ့ ပမာဏအတွင်း သောက်သုံးမယ်ဆိုရင် ကောင်းကျိုးများနိုင်ပေမယ့် အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ -- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းသွားတာ
- ရင်ပူတာ
- ဗိုက်အောင့်တာ၊ လေပွတာ၊
- ခြေကုန်လက်ပမ်းကျပြီး အိပ်မရတာ၊ ကောင်းကောင်းအိပ်မပျော်တာ
- ခေါင်းကိုက်တာ
- အရေပြားမှာ နီမြန်းတာ
- ကျောက်ကပ် ကျောက်တည်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဗီတာမင် C ချို့တဲ့မှုအတိုင်းအတာ
လူတော်တော်များများက ဗီတာမင် C ကို နေ့စဉ်စားသုံးမှုကနေ ပြည့်ပြည့်ဝဝ ရရှိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့သူတွေ၊ တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှု များတဲ့သူတွေနဲ့ အချို့သော ကင်ဆာ ခံစားနေရသူတွေ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ ရှိသူတွေမှာတော့ ဗီတာမင် C မပြည့်ဝတာမျိုး ခံစားရနိုင်ပါတယ်။ ဗီတာမင် C ချို့တဲ့မယ်ဆိုရင် scurvy (စကာဘီ) လို့ခေါ်တဲ့ သွေးအားနည်းတာ၊ သွားဖုံးသွေးယိုတာ၊ အနာကျက်နှေးတာ၊ ပင်ပန်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဗီတာမင် C ကို အစားအစာတွေကနေ အလွယ်တကူ ရရှိနိုင်တာကြောင့် ဗီတာမင် C ချို့တဲ့မှု ဖြစ်ပွားတာက နည်းတယ်ဆိုပေမယ့် ဝင်ငွေနည်းတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်သာရှိတဲ့ နိုင်ငံတွေမှာတော့ ဗီတာမင် C ချို့တဲ့မှုတွေ ရှိနေပါတယ်။ဗီတာမင် C လိုအပ်မှု အတိုင်းအတာ
ဗီတာမင် C လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အရွယ်ရောက်ပြီး အမျိုးသား တစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C 90 mg နဲ့ အမျိုးသမီးဆိုရင် 75 mg အသီးသီးလိုအပ်မှာပဲ ဖြစ်ပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ဗီတာမင် C က ခန္ဓာကိုယ် ကျန်းမာလှပဖို့ရာ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး ဗီတာမင် C ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!