သိထားသင့်စရာ
-
- ဟန်တာဗိုင်းရပ်စ် (Hantaviruses) က ပြင်းထန်တဲ့ ဖျားနာမှုနဲ့ အသက်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။
-
-
- ကြွက်နဲ့ ကိုက်ဖြတ်စားသောက်တတ်တဲ့ သတ္တဝါတွေဆီကနေတဆင့် ကူးစက်တတ်ပါတယ်။
-
-
- ဟန်တာဗိုင်းရပ်စ် အမျိုးအစားထဲမှာ Andes ဆိုတဲ့ ဗိုင်းရပ်စ် အမျိုးအစားက လူတစ်ဦးကနေ တစ်ဦးဆီကို ကူးစက်စေနိုင်တဲ့ တစ်ခုတည်းသော ဗိုင်းရပ်စ် အမျိုးအစားပါ။
-
ဟန်တာဗိုင်းရပ်စ် ဆိုတာ ဘာလဲ!
ဟန်တာဗိုင်းရပ်စ် (Hantaviruses)ဆိုတာက ကူးစက်တတ်ပြီး ပြင်းထန်တဲ့ရောဂါကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ကြွက်နဲ့ ကိုက်ဖြတ်စားသတ္တဝါတွေရဲ့ ဆီး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်နဲ့ တံထွေး စတာတွေနဲ့ ထိတွေ့မိတာကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကြွက်ကိုက်ခံရတာ၊ ကုတ်ခံရတာတွေက နေလည်း ကူးစက်နိုင်ပေမယ့် ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါတယ်။
ဟန်တာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာစု နှစ်ခုရှိပါတယ်။
-
- အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာစု [Hantavirus pulmonary syndrome (HPS)] (အမေရိကန်ပြည်ထောင်စုမှာ အတွေ့ရများတယ်)
-
- ကျောက်ကပ်မှာဖြစ်တဲ့ ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာစု [Hemorrhagic fever with renal syndrome (HFRS)] (ဥရောပနဲ့အာရှတိုက်တွေမှာ အတွေ့ရများတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတလွှားမှာလည်း တွေ့ရနိုင်တယ်) တို့ပါ။
-
လက္ခဏာတွေက ဘာတွေလဲ!
အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာစု [hantavirus pulmonary syndrome (HPS)]
HPS ကပြင်းထန်ပြီး အဆုတ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ရောဂါလက္ခဏာတွေက ရောဂါပိုးနဲ့ထိတွေ့မိပြီး ၁ ပတ် ကနေ ၈ ပတ်အတွင်းမှာ စခံစားရနိုင်ပါတယ်။
အစောပိုင်းလက္ခဏာတွေအနေနဲ့ -
-
- ခြေကုန်လက်ပမ်းကျမယ်
- အဖျားဝင်မယ်
-
- ကြွက်သားတွေနာမယ် (အထူးသဖြင့် ကြွက်သားကြီးတွေဖြစ်တဲ့ ပေါင်၊ တင်ပါး၊ နောက်ကျော၊ ခါးနဲ့ ပခုံးတဝိုက်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်)
အချို့သောလူနာတွေမှာတော့ -
-
- ခေါင်းကိုက်တာ
-
- ညီးစီစီဖြစ်တာ
-
- ချမ်းတုန်တာ
-
- ဝမ်းဗိုက်ပြဿနာအနေနဲ့ ဗိုက်ထဲမှာ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဗိုက်အောင့်တာတွေ ခံစားရနိုင်ပါတယ်။
ရောဂါအစပျိုးလက္ခဏာကို ခံစားရပြီး ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ နောက်ပိုင်းလက္ခဏာတွေအနေနဲ့
- ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီးခံစားရတာ
- ချောင်းဆိုးတာ
-
- အသက်ရှူတာ ပြတ်တောင်းတောင်းဖြစ်တာ
-
- အဆုတ်ထဲမှာ အရည်တွေစုလာတာမျိုးတွေကို ခံစားရနိုင်ပါတယ်
ဒီဗိုင်းရပ်စ်အမျိုးအစားကူးစက်ခံရတာက သေဆုံးသည်အထိပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီအမျိုးအစား ကူးစက်ခံရသူတွေထဲက ၃၈%က အသက်ဆုံးရှုံးတာမျိုးအထိ ခံစားကြရပါတယ်။
ကျောက်ကပ်မှာဖြစ်တဲ့ ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာစု [Hemorrhagic fever with renal syndrome (HFRS)]
HFRS က ပြင်းထန်ပြီး အချို့သောအခြေအနေမှာ သေဆုံးစေနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ရောဂါပိုး ကူးစက်မှုကြောင့် အဓိကထိခိုက်ပျက်စီးတာက ကျောက်ကပ်ပါ။ ဒီအခြေအနေမှာတော့ ရောဂါလက္ခဏာတွေက ရောဂါပိုးနဲ့ထိတွေ့မိပြီး ၁ ပတ် ကနေ ၂ ပတ်အတွင်းမှာ စခံစားရနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာ တော့ ရောဂါပိုးနဲ့ထိတွေ့မိပြီး ၈ ပတ်အကြာမှာမှ လက္ခဏာတွေ စခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ အနေနဲ့ -
-
- ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာ
-
- ခါးနဲ့ ဝမ်းဗိုက်ပိုင်း ပြင်းပြင်းထန်ထန် နာကျင်တာ
-
- အဖျားတက်တာ
-
- ချမ်းတုန်တာ
-
- မအီမသာဖြစ်တာ
-
- အမြင်အာရုံတွေ ဝါးတာ
- အချို့သူတွေမှာ မျက်နှာတွေ နီမြန်းလာတာ၊ မျက်လုံးတွေ နီရဲတာ၊ ရောင်ရမ်းတာ၊ အရေပြားပေါ်မှာ အနီကွက်တွေ ထွက်လာတာအပြင် -
-
- သွေးပေါင်တွေကျမယ်
-
- သွေးခုန်နှုန်းနှေးလာပြီး (ရှော့ခ်ရမယ်)
-
- ကိုယ်တွင်းသွေးယိုစီးမယ် (သွေးကြောတွေထဲက သွေးစိမ့်ထွက်လာမယ်)
-
- ရုတ်တရက်ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းတာ (ကျောက်ကပ်ထဲမှာ အရည်တွေ စုပုံနေတာ)
ကူးစက်ခံရတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေအပေါ်မှာ မူတည်ပြီး ရောဂါလက္ခဏာခံစားရမှု ပြင်းထန်တဲ့ အတိုင်းအတာလည်း ကွာခြားနိုင်ပါတယ်။ ဟန်တာဗိုင်းရပ်စ် အမျိုးအစားထဲမှာမှ Hantaan နဲ့ Dobrava ဗိုင်းရစ်တွေကို ကူးစက်ခံရတာမျိုး ဖြစ်မယ်ဆိုရင် ရောဂါလက္ခဏာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သလို သေဆုံးနိုင်ခြေက ၅-၁၅% အတွင်းရှိပါမယ်။
တကယ်လို့ Seoul၊ Saaremaa နဲ့ Puumala ဗိုင်းရပ်စ် အုပ်စုတွေ ကူးစက်ခံရတာ ဖြစ်မယ်ဆိုရင်တော့ လက္ခဏာတွေက သိပ်ပြင်းထန်တာမျိုး မရှိသလို သေဆုံးနိုင်ခြေကလည်း ၁%ထက်နည်းပါတယ်။ ရက်သတ္တပတ် အတော်ကြာ ဒါမှမဟုတ် လအတော်ကြာမှာ အပြည့်အဝပြန်လည်ကျန်းမာလာနိုင်ပါတယ်။
ရောဂါကူးစက်ခံရနိုင်ခြေကို ဘယ်လိုလျှော့ချမလဲ!
ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့ နေအိမ်မှာ ကြွက်တွေမရှိအောင် ဂရုစိုက်ပါ။ အမှိုက်တွေကို သေချာစွန့်ပစ်ပါ။ စားကြွင်းစားကျန်တွေကို သေချာစွန့်ပစ်ပြီး ကြွက်တွေ မလာအောင် ဂရုပြုပါ။ နေအိမ်နဲ့ နေ့စဉ်ထိတွေ့ အသုံးပြုနေတဲ့ အရာတွေ၊ စားသောက်စရာတွေထည့်တဲ့ ပန်းကန်တွေ အိုးခွက်တွေကို သေချာလေး သန့်စင်ဆေးကြောပြီး လုံခြုံစွာ သိမ်းဆည်းပါ။
အစားအသောက်တွေကို ကြွက်တက်တာမျိုး စားတာမျိုး မဖြစ်စေဖို့ သေချာသိမ်းဆည်းပါ။ ကြွက်တက်ထားတယ်၊ ကိုက်ထားစားထားတယ်လို့ သံသယရှိရင် မစားပါနဲ့။
ကုထုံးနဲ့ ပြန်လည်ကျန်းမာစေမယ့် နည်းလမ်းများ
ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရမှုအတွက် သီးသန့်ကုထုံး မရှိပါဘူး။ လူနာတွေအနေနဲ့ အထူးကြပ်မတ်ကုသမှုကို ခံယူဖို့လိုပါမယ်။ လုံလောက်စွာ အနားယူတာ၊ ရေဓာတ်ဖြည့်တာနဲ့ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ် အမျိုးအစားအလိုက် ကိုက်ညီတဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
အသက်ရှူလမ်းကြောင်း ထိခိုက်ခံရတဲ့ အခြေအနေအတွက် အသက်ရှူကိရိယာ အကူအညီရယူတာမျိုး လုပ်ဆောင်တာ အောက်ဆီဂျင်ပေးတာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်သလို ကျောက်ကပ်ကို ထိခိုက်ခံရတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကျောက်ကပ်ဆေးပြီး သွေးဆိပ်တွေကိုဖယ်ရှားပြီး ကိုယ်တွင်းမှာ စုပုံနေတဲ့ အရည်ဓာတ်တွေကို စွန့်ထုတ်ပစ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဟန်တာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်တာကြောင့် မှားယွင်းရောဂါ အဖြေထုတ်မိတာမျိုး ရှိနိုင်ပေမယ့် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိမယ်ဆိုရင် အမြန်ဆုံး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!