ဆယ်ကျော်သက် သားသားမီးမီးလေးတွေ အများဆုံးတွေ့ရတဲ့ အရေပြားပြဿနာ တစ်ခုရှိပါတယ်။ ဒါကတော့ ဝက်ခြံပါ။ ဆယ်ကျော်သက် လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့အတူ ဝက်ခြံတွေထွက်တာ၊ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေထွက်လာတာ၊ အသံတွေပြောင်းတာ၊ အသားအရေပြောင်းလဲတာတွေ ဖြစ်လာပါတယ်။ ဒီထဲမှာမှ ဆယ်ကျော်သက် သားသားမီးမီးတွေကို စိတ်အဖိစီးစေဆုံး အပြောင်းအလဲတစ်ခုက ဝက်ခြံထွက်တာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆယ်ကျော်သက်ဝက်ခြံတွေကို ဘယ်လိုဂရုစိုက်ကြမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ဆယ်ကျော်သက်ဝက်ခြံ ဘယ်လိုဂရုစိုက်ကြမလဲ!
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ အများအပြားဖြစ်တာကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။ ဒီလိုမျိုး ဆယ်ကျော်သက်အရွယ်မှာ ဖြစ်လာတဲ့ ဝက်ခြံတွေကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးပါမယ်။
တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
မျက်နှာကို မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးနဲ့ သစ်ပေးရပါမယ်။
အဆီပါတာတွေ မျက်နှာမှာ မလိမ်းပါနဲ့
အဆီပြန်တာမျိုး၊ ချွေးပေါက်ပိတ်တာမျိုးတွေကြောင့် ဝက်ခြံတွေထွက်တာ နီးမြန်းရောင်ရမ်းတာတွေ မဖြစ်စေဖို့အတွက် အဆီပါတဲ့ အရာတွေကို မျက်နှာပေါ်မှာ မလိမ်းပါနဲ့။
ဝက်ခြံတွေကို ညှစ်တာ၊ ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့
ဝက်ခြံတွေကို ညှစ်ရင်း ကုတ်ဖဲ့ရင်းက မလိုအပ်ဘဲ ပိုးဝင်ပြီး အမာရွတ်ကျန်တာနဲ့ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့် မကုတ်ဖဲ့ပါနဲ့။
နေလောင်ကာခရင်မ်လိမ်းပါ
နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာကြောင့် အပြင်ထွက်တိုင်းမှာတော့ အဆီပါဝင်မှုနည်းတဲ့ နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။
မိတ်ကပ် မလိမ်းပါနဲ့
အဆီများတဲ့ မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာကြောင့် အဆီများတဲ့ မိတ်ကပ်တွေကို မလိမ်းပါနဲ့။
လက်ဖက်ဆီတွေကို တို့ပေးပါ
Tea Tree Oil လေးတွေကို ဝက်ခြံပေါ်မှာ တို့ရုံလေး တို့ပေးတာကလည်း ဘက်တီးရီးယားတွေကို သေစေပြီး ဝက်ခြံတွေကို အရောင်ကျသက်သာစေနိုင်ပါတယ်။
ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ
မျက်နှာကို ရေနွေးနွေးလေးနဲ့ သစ်ပေးတာက ဘက်တီးရီးယားတွေကို သေစေနိုင်သလို ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။
မျက်နှာကို လက်နဲ့ပဲသစ်ပါ
မျက်နှာသစ်တဲ့အခါ မျက်နှာကို တဘက်စတွေ အဝတ်စတွေနဲ့ သစ်တာမျိုး မလုပ်ပါနဲ့။ သေချာသန့်စင်ထားတဲ့ မိမိရဲ့ လက်ချောင်းလေးတွေနဲ့သာ မျက်နှာသစ်ပါ။
ဆံပင်တွေကို သေချာစည်းနှောင်ပါ
မျက်နှာပေါ်ကို ဆံပင်တွေ ထိတွေ့တာကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေ ဖြစ်စေနိုင်လို့ ဆံပင်တွေကို သေချာစည်းနှောင်ပါ။
အစားအသောက် ဂရုစိုက်ပါ
တစ်နေ့တာမှာ ရေကို လုံလောက်အောင်သောက်ပါ။ အသီးအရွက်တွေ၊ အသား၊ ငါးတွေကို မျှတအောင် စားပါ။ အချိုများ၊ အငန်ကဲ၊ အဆီများတာနဲ့ အပူအစပ်တွေကိုရှောင်ပါ။ အသင့်စား၊ အမြန်စားတွေကို ရှောင်ပါ။ အဆီကဲတဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
ချွေးတွေကို သုတ်ပါ
ချွေးထွက်တာကို ဒီအတိုင်းထားတာက ဘက်တီးရီးယားတွေကို အားပေးရာရောက်ပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်လာတိုင်း တစ်ရှူး ဒါမှမဟုတ် အဝတ်သန့်သန့်နဲ့ သုတ်ပေးပါ။
အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝခြင်းကလည်း ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာမို့ အိပ်စက်ချိန်ကို ပြည့်ပြည့်ဝဝ ထားရှိပေးပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ဟော်မုန်းဝက်ခြံတွေ အဖြစ်များတာဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် ဝက်ခြံတွေ သက်သာစေမှာပါ။ နောက်ပြီး အပျိုဖော် လူပျိုဖော်ဝင်ပြီးချိန်မှာ ထိုဝက်ခြံတွေက သိသိသာသာ သက်သာသွားမှာဖြစ်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!