အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခု
အထွေထွေ

အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခု

Aye Thi Mon

📅 24.07.2026


အခုတလော နေရာတကာမှာ ကြားနေရတာက ချောင်းသံလေး တဟွတ်ဟွတ်နော်။ ဒီလို ချောင်းဆိုးတာက အလုပ်ထဲ အာရုံစိုက်ဖို့ ခက်သလို တစ်ရက်ထက်တစ်ရက် ပိုကြာလာလေလေ ရင်ဘတ်တွေပါအောင့်တာ အိပ်ရေးတွေပါ ပျက်တာမျိုးကိုပါ ခံစားရပြီး လူကတစ်နေ့တာလုံးမှာ နုံးချိပြီး ခြေကုန်လက်ပမ်းကျ နေတတ် ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ဖျားပြီးလို့ ကျန်နေတဲ့ ချောင်းဆိုးတာလေး သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 


ဖျားတာသက်သာပြီး ချောင်းဆိုးကျန်တာ ဘာကြောင့်လဲ!


ဖျားတာ သက်သာပြီးတာတောင် ဘာလို့ချောင်းဆိုးနေရသေးတာလဲဆိုတော့ ဖျားနာမှုဖြစ်ရတာက အသက်ရှူလမ်းကြောင်းကနေ ဗိုင်းရပ်စ်တွေ ဝင်ရောက်ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီလိုအခြေအနေမှာ တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ရတဲ့ အသက်ရှူလမ်းကြောင်းက ရောင်ရမ်းမှုတွေကို ခံစားခဲ့ရပြီး အဖျားသက်သာသွားတဲ့အထိ ဆက်လက်ရောင်နေတာမျိုး ဖြစ်နေတာကြောင့် ချောင်းဆိုးက အဖျားပျောက်ပေမယ့် ကျန်နေခဲ့ရတာပါ။


နောက်တစ်ချက်ကတော့ အာရုံကြောဆဲလ်လေးတွေက ပုံမှန်ထက် ပိုပြီး sensitive (တုံ့ပြန်လွယ် မြန်ဆန်မှု)ဖြစ်သွားတာကြောင့်လည်း ချောင်းဆိုးတာက ဆက်ပြီး ကျန်နေခဲ့တာပါ။ ဖျားနာစဉ်က ချွဲသလိပ်တွေ လည်ချောင်းထဲရောက်လာတာ၊ နှာစေးတာကြောင့် နှာရည်နောက်ပြန်စီးပြီး လည်ချောင်းထဲ ရောက်တာမျိုးတွေ ကြောင့်လည်း အဖျားသက်သာပြီးချိန်မှာ ချောင်းဆိုးတာက ကျန်နေခဲ့တာပါ။ 


ဒါကိုတော့ ဖျားနာမှုကူးစက်ခံရပြီးချိန်မှာ ခံစားရတဲ့ ချောင်းဆိုးတာလို့ ခေါ်ပါတယ်။ အဖျားပျောက်ပြီး ၂ ပတ်ကနေ ၈ ပတ်လောက်အထိ ချောင်းဆိုးတာက ကျန်နေနိုင်ပါတယ်။


အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခု


အဖျားပျောက်သွားပေမယ့် ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်တိုင်းမှာ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိသလို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။ 


ချောင်းဆိုးသက်သာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာစရာ


အဖျားပျောက်သွားတာတောင် ကျန်နေခဲ့တဲ့ ချောင်းဆိုးတာ သက်သာစေဖို့ဆိုရင် နေ့စဉ်ဘဝမှာ အခုလို အချက်လေးတွေကို သတိထား လိုက်နာစေချင်ပါတယ်။


  • ရေလုံလောက်အောင် သောက်ပါ


ရေဓာတ်ပြည့်ဝနေမှုက ကိုယ်ခံအားကို အားဖြည့်ပေးသလို အသက်ရှူလမ်းကြောင်းတလျှောက်ကိုလည်း အစိုဓာတ်ရစေနိုင်တာကြောင့် ချောင်းဆိုးတာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေမှာပါ။


  • အသံကျယ်ကျယ် မအော်ပါနဲ့


အသံကျယ်ကြီးနဲ့အော်တာ၊ စကားကျယ်ကျယ်ပြောတာတွေကလည်း ချောင်းဆိုးတာကို သက်သာဖို့ အချိန်ကြာစေပြီး ချောင်းဆိုးသက်သာဖို့ ရက်ကြာစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေပြီဆိုရင် အသံကျယ်ကျယ် မအော်ပါနဲ့။


  • ဆေးလိပ်မသောက်ပါနဲ့


ချောင်းဆိုးနေချိန်မှာ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့နဲ့ ထိတွေ့တာက ချောင်းဆိုးတာကို ပိုပြင်းထန်စေ နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ပါနဲ့။ 


  • အဆီများတာတွေ မစားပါနဲ့


အဆီများတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေက ချောင်းဆိုးတာကို ပိုဆိုးစေနိုင်တာကြောင့် ချောင်းဆိုးနေတယ်ဆိုရင် အဆီများတာတွေကို တတ်နိုင်သမျှရှောင်ပါ။


  • ရေခဲနဲ့ အအေးခံထားတဲ့ အစားအစာတွေ


ရေခဲရေအပါအဝင် အချိန်ကြာမြင့်စွာ အအေးခံ အေးခဲထားတဲ့ အစားအစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုပါမယ်။


ဒီအချက်လေးတွေကို သေချာလေး လိုက်နာမယ်ဆိုရင် အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေမှာပါ။



အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်း (၅) ခု


အခုဆက်ပြီးတော့ အဖျားပျောက်ပြီး ကျန်ခဲ့တဲ့ ချောင်းဆိုး သက်သာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ အဖျားပျောက်ပြီးနောက်ကျန်ခဲ့တဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင်တော့ ချောင်းဆိုးပျောက်ဆေး သောက်တာနဲ့အတူ အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ 


  • ခပ်နွေးနွေးအရည်လေးတွေ သောက်ပါ


ရေနွေးကြမ်းကစလို့ ခပ်နွေးနွေးသောက်စရာလေးတွေ သောက်ပေးတာက လည်ချောင်းယားတာကိုရော ချောင်းဆိုးတာကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ချင်း(ဂျင်း) ရေနွေးကြမ်း၊ ပျားသံပုရာရည်နွေးနွေးလေးနဲ့ ရေကျက်အေးခပ်နွေးနွေးလေးကို သောက်ပေးလို့ ရပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်ပေးလို့လည်း ရပါတယ်။


  • ရေနွေးငွေ့ရှူပေးပါ


အဝကျယ်ကျယ်ဇလုံထဲကို ပွက်ပွက်ဆူထားတဲ့ ရေနွေးကို လောင်းထည့်ပေးပြီး ထိုက်သင့်တဲ့ အကွာအဝေးကနေ ရေနွေးငွေ့ရှူပေးပါ။ ဒီလိုလုပ်ပေးတာက အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဒီနေရာမှာ သတိပေးချင်တာက အရမ်းပူနဲ့နေရနွေးကို ရေနွေးငွေ့ ရှူဖို့အတွက် မသုံးဖို့ပါ။ အရမ်းပူတဲ့ ရေနွေးက အသက်ရှူလမ်းကြောင်းထဲက တစ်ရှူးလေးတွေကို ထိခိုက်စေနိုင်လို့ပါ။


  • အစိုဓာတ်ထိန်းစက်ဖွင့်ပါ


မိမိနေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးတာက အသက်ရှူလမ်းကြောင်းကို အစိုဓာတ်ရစေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးပါ။


  • ဆားရည်နဲ့ အာလုပ်ကျင်းပါ


ရေနွေးနွေးထဲကို အိမ်သုံးဆား စားပွဲတင်ဇွန်း တစ်ဇွန်းထည့်မွှေပြီး ခပ်နွေးနွေး အခြေအနေမှာ အာလုပ်ကျင်း ပေးပါ။ ဒီလို လုပ်ပေးတာက အသက်ရှူလမ်းကြောင်း တလျှောက်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေး နိုင်သလို ချွဲသလိပ်တွေထွက်စေပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။ 


  • နာနတ်သီးဖျော်ရည်သောက်ပါ


နာနတ်သီးလေးကို ပျားရည်နည်းနည်း၊ ချင်း(ဂျင်း) နည်းနည်း၊ ဆားလှော်လေးနည်းနည်း၊ သံပုရာသီးလေး နည်းနည်းညှစ်ထည့်ပြီး ဖျော်ပေးပါ။ ဒီဖျော်ရည်လေးကို ရေခဲမထည့်ဘဲ သောက်ပေးလို့ ရပါတယ်။ ဒီလိုသောက်ပေးတာက ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဒီနည်းလမ်းလေးတွေထဲက အဆင်ပြေဆုံး နည်းလမ်းလေးတွေနဲ့  အဖျားပြီးလို့ ကျန်ခဲ့တဲ့ချောင်းဆိုးတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရပါတယ်။


Lotoshinn ရဲ့ စကားလက်ဆောင်


ချောင်းဆိုးတာက ချောင်းဆိုးပျောက်ဆေးလည်း သောက်နေသလို အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေးလိုက်လုပ်နေပေမယ့်လည်း ချောင်းဆိုးတာက လျော့သွားတာမျိုး သက်သာသွားတာမျိုး မရှိတာ၊ ပိုဆိုးလာတာမျိုးဖြစ်လာမယ်။ ၃ ပတ် ကနေ ၄ ပတ်လောက်အထိကို ဆက်တိုက်ချောင်းဆိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးကုသမှု ခံယူစေချင်ပါတယ်။ 




ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!