နုံးချိချိနဲ့ အားမရှိသလို ဖြစ်နေတာ စိတ်ကြောင့်များလား
အထွေထွေ

နုံးချိချိနဲ့ အားမရှိသလို ဖြစ်နေတာ စိတ်ကြောင့်များလား

Admin

📅
စိတ်နဲ့ ရုပ်ဆိုတာ အတူယှဉ်တွဲတည်ရှိနေတာပါ။ ဒါကြောင့် စိတ်ပျော်ရွှင်မှုနဲ့ ရုပ်ခန္ဓာ ကျန်းမာမှုဆိုတာ ခွဲခြားမရအောင်ကို ဆက်စပ်နေတတ်ပါတယ်။ လူတစ်ယောက်က စိတ်မပျော်မရွှင် မကြည်မလင်ဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်လာတတ်တာကို လူအတော်များများက မေ့နေတတ်ကြပါတယ်။ စိတ်အရမ်းညစ်နေရတာတွေများလာတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့အခါမျိုးနဲ့ စိတ်ဖိစီးမှု များလွန်းနေတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကြီးမှာပါ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ကြုံလာရတော့မှာပါ။ ဘယ်လိုပြဿနာမျိုးတွေလဲ ဆိုရင်တော့ ✔၁။ နုံးချိနွမ်းလျပြီး အားမရှိသလိုဖြစ်လာတာ - ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေသူတွေအားလုံးနီးပါးမှာ မကြာခဏ ဖြစ်တတ်တဲ့ ရုပ်လက္ခဏာတစ်ခုပါပဲ။ စိတ်မှာ အားနည်းနေတဲ့အခါ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ပုံမှန်ထက် ဖိအားပိုဖြစ်စေပြီး ကိုယ့်ပြဿနာကို အာရုံပိုစိုက်စေတဲ့အတွက် ကြွက်သားတွေနဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပိုအသုံးပြုရပါတယ်။ ဒီအတွက် စိတ်အားနည်းတဲ့အခါ ခန္ဓာကိုယ်ကလည်း လိုက်ပါအားနည်းလာတာပဲ ဖြစ်ပါတယ်။ ✔၂။ နှလုံးအားနည်းပြီး မောဟိုက်လာတာ - လူတစ်ယောက်ငိုပြီဆိုရင် နှလုံးခုန်သံမြန်လို့ မောဟိုက်လာတာ သတိထားမိကြမှာပါ။ ခဏလေးငိုတာတောင် ကိုယ့်နှလုံးအတွက် ဒီလောက်ရိုက်ခတ်စေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကို ကာလရှည်ကြာအောင် ခံစားနေရသူတွေမှာ နှလုံးရဲ့ လုပ်ဆောင်အားတွေ ကျဆင်းပြီး အားနည်းလာမှာ အသေအချာပါပဲ။ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပြဿနာတွေထဲမှာ နှလုံးခုန်နှုန်း မြန်လာခြင်း၊ ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူမဝခြင်း၊ သွေးစီးဆင်းမှု ကမောက်ကမဖြစ်ခြင်း၊ နှလုံးသွေးကြောကျဉ်းလာခြင်း၊ သွေးဖိအားများလာခြင်း စတာတွေ ပါဝင်ပါတယ်။ ✔၃။ မူးဝေအော့အန်ချင်လာတာ - စိတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ ဦးနှောက်ကို ဖိအားသက်ရောက်မှုများလာတဲ့အခါ အကျိုးဆက်အနေနဲ့ ခေါင်းမူးပြီး ရီဝေဝေ ဖြစ်လာတာ၊ အန်ချင်လာတာ၊ သတိလစ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ✔၄။ ကြွက်သားတွေ တောင့်တင်းနာကျင်လာတာ - အပေါ်မှာ ပြောထားခဲ့သလိုပါပဲ၊ စိတ်ခံစားချက်ပြဿနာတွေကြောင့် ကြွက်သားတွေကို ဖိအားဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကြွက်သားကို နာကျင်ကိုက်ခဲလာစေမှာပါ။ မကြာခဏဆိုသလို စိတ်ဖိစီးမှုဒဏ်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ကျဆင်းပြီး ကြွက်သားအတွင်း ဒဏ်ဖြစ်စေကာ ကြွက်သားတင်မကဘဲ အရိုးအဆစ်တွေကိုပါ နာကျင်လာစေနိုင်ပါတယ်။ ✔၅။ အစာစားချင်စိတ် ပျောက်ဆုံးလာတာ - စိတ်ကြောင့် လူတွေဟာ အစာစားချင်စိတ် နည်းလာတာ၊ အစာကောင်းကောင်း မစားနိုင်တော့တာ၊ စားလိုက်တဲ့အစားအစာတွေကို အစာအိမ်ကနေ ချေဖျက်နိုင်စွမ်း အားနည်းလာတာ၊ လေပွလေအောင့်ဖြစ်တာ၊ ဝမ်းပုံမှန်မသွားနိုင်တော့တာ၊ ရင်ပူတာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ တချို့အစားအစာတွေကို ခန္ဓာကိုယ်ကနေ လက်ခံနိုင်စွမ်းမရှိတော့တာ စတဲ့ အစာခြေစနစ်ဆက်စပ် ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ✔၆။ အာရုံကြော အားနည်းလာတာ - စိတ်ကြောင့် ဦးနှောက်က လိုတာထက်ပိုပြီး အလုပ်ပိုလုပ်ရတဲ့အတွက် အာရုံကြောစနစ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းပြီး ပင်ပန်းလာပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်အတိုင်းဖြစ်စေဖို့ ဦးနှောက်က အဓိကလုပ်ပေးရတာဖြစ်ပြီး လိုအပ်တဲ့ Signal တွေ ပို့ဆောင်ပေးဖို့ နှောင့်နှေးလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ညစ်စေတဲ့ ပြဿနာတွေရှိနေရင် ဒီပြဿနာတွေကို အရင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ဆိုရတာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို မျိုသိပ်ရင်း ပြဿနာတွေ ပိုဆိုးလာတဲ့အခါ ယာယီကနေ နာတာရှည်အဆင့်ကို ပြောင်းလဲသွားပြီး ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာမှာ ကျန်းမာရေးပြဿနာတွေ အမျိုးမျိုးဖြစ်လာနိုင်တဲ့အတွက် ဒါကို သတိထားသင့်ပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!