ဗီတာမင် B (Vitamin B) ဆိုတာ
ဗီတာမင် B ဆိုတာက ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အမျိုးအစား (၈) မျိုး ပါဝင်နေတဲ့ ဗီတာမင် အုပ်စုတစ်ခုပါ။ ဗီတာမင်တစ်မျိုးချင်းစီတိုင်းက ခန္ဓာကိုယ်အတွက် မတူညီတဲ့ တာဝန်တစ်ရပ်ဆီကို ထမ်းဆောင်ပေးနေပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ ဗီတာမင် B အုပ်စု တစ်စုလုံးက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့၊ အင်အားပြည့်ဝစေဖို့၊ အာရုံကြောတွေ စွမ်းဆောင်ရည်ကောင်းစေဖို့၊ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့နဲ့ အရေပြားကျန်းမာစေဖို့၊ ဦးနှောက်နဲ့ အခြားသော တစ်ရှူးတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ မျိုးဗီဇဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။ဗီတာမင် B အခန်းကဏ္ဍ
ဗီတာမင် B အုပ်စုထဲမှာ ဗီတာမင် အမျိုးအစား (၈) မျိုး ပါဝင်ဖွဲ့စည်းထားပါတယ်။ တစ်ခုချင်းစီအလိုက် လုပ်ဆောင်ပေးနေတဲ့ တာဝန်တွေကလည်း မတူကြပါဘူး။ - ဗီတာမင် B1 (Thiamin) - အာရုံကြောတွေ ကျန်းမာသန်စွမ်းစေဖို့နဲ့ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ - ဗီတာမင် B2 (Riboflavin) - ခန္ဓာကိုယ်မှာ အားရှိစေဖို့နဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေ ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ - ဗီတာမင် B3 (Niacin) - မျိုးဗီဇဆဲလ်တွေကို ပြုပြင်ပေးပြီး အသားအရေ ကျန်းမာစေပါတယ်။ - ဗီတာမင် B5 (Pantothenic Acid) - ခန္ဓာကိုယ်မှာ အင်အားထွက်ရှိစေဖို့နဲ့ Fatty Acid ထုတ်လွှတ်မှုကောင်းစေဖို့အတွက် Coenzyme A ကို ချက်လုပ်ဖြိုခွဲမှုမှာ ပါဝင်လုပ်ဆောင်ပေးပါတယ်။ - ဗီတာမင် B6 (Pyridoxine) - ပရိုတင်းတွေကို ဖြိုခွဲချေဖျက်တာနဲ့ အာရုံကြောဆဲလ်တွေအကြား ဆက်သွယ်ချိတ်ဆက်မှုတွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ - ဗီတာမင် B7 (Biotin) - အသားအရေ၊ ဆံသားနဲ့ လက်သည်းခြေသည်းတွေ ကျန်းမာစေပါတယ်။ - ဗီတာမင် B9 (Folate) - ဆဲလ်တွေ ကွဲပွားစေဖို့နဲ့ မျိုးဗီဇဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ကိုယ်ဝန်ဆောင်ကာလမှာ ရင်သွေးလေးအတွက် မျိုးဗီဇဆဲလ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ - ဗီတာမင် B12 (Cobalamin) - သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့နဲ့ အာရုံကြောစနစ် လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ရပ်ပါ။ https://lotoshinnlifestyle.com/about-vitamin-a/ဗီတာမင် B အာဟာရ အရင်းအမြစ်များ
ဗီတာမင် B အုပ်စုတွေကို အစားအစာတော်တော်များများမှာ တွေ့ရှိရနိုင်ပြီး ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အမျိုးအစားဖြစ်တာကြောင့် ဆေးကြော၊ ချက်ပြုတ်ပြင်ဆင်မှု လုပ်ငန်းစဉ်တွေအတွင်းမှာ အလွယ်တကူ ပျက်စီးဆုံးရှုံးသွားတာမျိုး ဖြစ်နိုင်ခြေများပါတယ်။ အစားအစာတွေကို ထုတ်လုပ်ပြင်ဆင်တဲ့ အချို့သော အဆင့်တွေမှာလည်း ဗီတာမင် B တွေပျက်စီးသွားတာမျိုး ရှိနိုင်ပါတယ်။ဂျုံတွေ ဆန်တွေကို ဖြူနေအောင် အရောင်ချွတ်လိုက်တဲ့အခါမျိုးမှာလည်း ဗီတာမင် B ကို ဆုံးရှုံးသွားတာမျိုး ဖြစ်နိုင်ပါတယ်။- ဗီတာမင် B1 ( Thiamin)
- ဗီတာမင် B2 (Riboflavin)
- ဗီတာမင် B3 (Niacin)
- ဗီတာမင် B5 (Pantothenic acid)
- ဗီတာမင် B6 (pyridoxine)
- ဗီတာမင် B7 (Biotin)
- ဗီတာမင် B9 (Folate or folic acid)
- ဗီတာမင် B12 (Cyanocobalamin)
ဗီတာမင် B ပြည့်ဝခြင်း ကောင်းကျိုးများ
ဗီတာမင် B က နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနေပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုကစလို့ အင်အားပြည့်ဝစေဖို့၊ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးသလို- ဆဲလ်တွေ ကျန်းမာစေတယ်
- သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေတယ်
- အားအင်ပြည့်ဝစေတယ်
- အမြင်အာရုံကောင်းစေတယ်
- အစာကြေစေတယ်
- အစားစားချင်စိတ် ဖြစ်စေတယ်
- အာရုံကြောလုပ်ဆောင်မှု ကောင်းစေတယ်
- ဟော်မုန်းနဲ့ သွေးတွင်းအဆီတွေ ထုတ်လုပ်မှုကို ထိန်းညှိပေးတယ်
- နှလုံးသွေးကြောကျန်းမာစေတယ်
- ကြွက်သားတက်စေတယ် စတဲ့ ကောင်းကျိုးတွေကိုလည်း ပေးစွမ်းပါတယ်။
ဗီတာမင် B လွန်ကဲမယ်ဆိုရင်
ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် B က ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွက် ဘေးကင်းပါတယ်။ ဗီတာမင် B အုပ်စုထဲမှာ အထူးသဖြင့် ဗီတာမင် B6 နဲ့ ဗီတာမင် B3 လွန်ကဲမယ်ဆိုရင် အာရုံကြောထိခိုက်ပျက်စီးတာ၊ အရေပြားပြဿနာ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ Niacin (ဗီတာမင် B3 )အရမ်းများနေမယ်ဆိုရင်လည်း သွေးတွင်းအဆီများတာ၊ အသည်းပျက်စီးတာ၊ အရေပြားတွေ နီမြန်းတာ၊ ယားယံတာ၊ မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ Pyridoxine (ဗီတာမင် B6)ကို လိုတာထက် ပိုပြီး သောက်သုံးမိမယ်ဆိုရင်တော့ အာရုံကြော ပျက်စီးစေနိုင်ပါတယ်။ Biotin (ဗီတာမင် B7) လွန်ကဲမှုက သွေးတွင်းအဆီကို တက်စေနိုင် ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုတွေကနေ ပမာဏအတိုင်းအတာ တော်တော်များများကို ရရှိနိုင်တဲ့ ဗီတာမင် B အုပ်စုကို ဖြည့်စွက်အာဟာရတွေ အနေနဲ့ မှီဝဲလိုတယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး စစ်ဆေး တိုင်ပင်ဖို့ လိုပါမယ်။ဗီတာမင် B ချို့တဲ့မှု အတိုင်းအတာ
- ဗီတာမင် B ချို့တဲ့မှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့်ကတော့ နေ့စဉ်စားသုံးမှုမှာ အသား၊ငါး၊ အသီးအရွက်၊ သစ်သီးတွေ ပါဝင်မှုနည်းတာတွေကြောင့်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ မွေးကင်းစနဲ့ ကလေးငယ်တွေမှာလည်း အာဟာရလုံလောက်အောင် မရရှိတာမျိုးဖြစ်မယ်ဆိုရင် ဗီတာမင် B ချို့တဲ့တာကို ခံစားရနိုင်ပါတယ်။
ဗီတာမင် B လိုအပ်မှု အတိုင်းအတာ
ဗီတာမင် B လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ဗီတာမင် B က ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး ဗီတာမင် B ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!