ဝမ်းချုပ်ခြင်း (Constipation)
အထွေထွေ

ဝမ်းချုပ်ခြင်း (Constipation)

Admin

📅 16.07.2025
ဝမ်းချုပ်တယ်ဆိုတာက တော်တော်များများ တွေ့ကြုံခံစားဖူးနိုင်တဲ့ အစာခြေစနစ်ပြဿနာတစ်ခုပါ။ အရွယ်မရွေး အဖြစ်များတဲ့ ကျန်းမာရေးကိစ္စလေး တစ်ခုပေါ့။ ဒီတစ်ခေါက်မှာတော့ ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။

ဝမ်းချုပ်ခြင်း (Constipation)

ဝမ်းချုပ်ခြင်း (Constipation) ဆိုတာက ဝမ်းသွားရခက်နေတဲ့ အခြေအနေတစ်ရပ်ပါပဲ။ မြင်သာအောင် ပြောပြရမယ်ဆိုရင် ဝမ်းသွားတဲ့ အကြိမ်ရေက တစ်ပတ်ကို (၃) ကြိမ်ထက် နည်းနေတာ၊ ဝမ်းသွားတဲ့အခါ ဝမ်းသွားရခက်နေတာမျိုးကို ဆိုလိုချင်တာပါ။ ဝမ်းချုပ်တာက အတော်လေး အဖြစ်များပြီး ဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းကတော့ နေ့စဉ်ရဲ့ စားသုံးမှုမှာ အမျှင်ဓာတ်ပါဝင်မှု မရှိတာ၊ ရေဓာတ် မပြည့်ဝတာ နဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာတွေကြောင့်ပါ။  များသောအားဖြင့်ကတော့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တာက ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။  တကယ်လို့ ဝမ်းချုပ်တာက နာတာရှည်လိုမျိုး အချိန်ကာလအတော်ကြာတဲ့အထိ ခံစားနေရတာမျိုး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုမှာပါ။ 

လက္ခဏာများ

ဝမ်းချုပ်တာကို ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေကို တွေ့ရှိရနိုင်ပါတယ်။ 
  • ဝမ်းသွားတဲ့ အကြိမ်ရေက တစ်ပတ်မှာ (၃) ကြိမ်ထက်နည်းနေတာ
  • ဝမ်းသွားတဲ့အခါ ဝမ်းက မာပြီး ခြောက်တာမျိုးဖြစ်နေတာ
  • ဝမ်းသွားချိန်မှာ နာကျင်တာ
  • ဝမ်းသွားပြီးပေမယ့် ဝမ်းကျန်နေသလို ခံစားရတာ
  • စအိုက ပိတ်ဆို့နေသလို ခံစားရတာ
  • ဝမ်းကို စအိုကနေ ထွက်စေဖို့ လက်ချောင်းကို အသုံးပြုရတာမျိုးတွေပါ။ 

ဘယ်လို အခြေအနေမှာ ဆရာဝန်ပြဖို့ လိုမလဲ!

ဝမ်းချုပ်တဲ့လက္ခဏာတွေကို ခံစားရတာက ရက်သတ္တပတ် (၃) ပတ်ထက် ပိုကြာနေမယ်ဆိုရင်
  • ဝမ်းချုပ်တာကြောင့် နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ ခက်ခဲတာမျိုး ခံစားလာရပြီဆိုရင်
  • ဝမ်းသွားတဲ့အခါ စအိုက သွေးကျတာမျိုး ဖြစ်နေပြီဆိုရင်
  • ဝမ်းမည်းမည်းတွေ သွားနေမယ်ဆိုရင်
  • ဝမ်းရဲ့ ပုံစံ၊ အရောင်တွေက ပုံမှန်မဟုတ်တာမျိုး ဖြစ်နေမယ်ဆိုရင်
  • ဗိုက်အဆက်မပြတ်အောင့်နေပြီဆိုရင်
  • အကြောင်းအရင်းမရှိဘဲ ဝိတ်ကျလာမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသမှု ခံယူဖို့လိုပါမယ်။

ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းများ

ဝမ်းသွားတဲ့ပုံစံက လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီနိုင်ဘူးဆိုပေမယ့် တစ်ပတ်ကို (၃) ကြိမ်အောက်ပဲ ဝမ်းသွားတာမျိုး ဆိုရင်တော့ ဝမ်းချုပ်နေပြီလို့ သတ်မှတ်ရမှာပါ။ ဝမ်းချုပ်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဝမ်းချုပ်နိုင်သလို သောက်သုံးနေတဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။

နေ့စဉ်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်တိုင်းမှာ
  • ရေလုံလောက်အောင် မသောက်တာ
  • အမျှင်ဓာတ်ပြည့်ပြည့်ဝဝ မစားတာ
  • ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ
  • ဆေးတွေ သောက်နေရတာ
  • ဝမ်းသွားချင်တာကို အောင့်ထားတာမျိုးတွေလုပ်မိမယ်ဆိုရင်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။

ဆေးဝါးများ

အချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ 
  • အကိုက်အခဲပျောက်ဆေးတွေ
  • သွေးပေါင်ချိန်ထိန်းပေးတဲ့ ဆေးတွေ
  • အတက်ရောဂါ သောက်ဆေး
  • စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ဆေး
  • ဓာတ်မတည့်မှု သက်သာစေတဲ့ဆေး
  • သံဓာတ်အားဖြည့်ဆေး
  • အာရုံကြောဆေးတွေ သောက်သုံးနေရတညကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

ကျန်းမာရေး အခြေအနေများ

အချို့သော ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။
  • တင်ပဆုံကြွက်သား အားနည်းတာ
  • အူမကြီးပိတ်ဆို့တာ
  • အာရုံကြောပြဿနာရှိတာ
  • ဟော်မုန်းပြဿနာ
  • Irritable bowel syndrome (IBS) ခံစားနေရတာ
  • ဆီးချိုရောဂါရှိတာ
  • ပါကင်ဆန်ရောဂါ ခံစားနေရတာ
  • အူမကြီးမှာ အသားပို၊ အကျိတ်စတာတွေ ဖြစ်နေတာ
  • ကိုယ်ဝန်ဆောင်နေရတာတွေပါ။ 
တစ်ခါတလေမှာ အကြောင်းအရင်း တိတိကျကျ မရှိဘဲ ကာလရှည်ကြာ ဝမ်းချုပ်တာကို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ 

အခြားအကြောင်းအရင်းများ

ဝမ်းချုပ်တာကို ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းများ ကတော့ - 
  • အသက်အရွယ်ကြီးရင့်နေတာ
  • အမျိုးသမီးဖြစ်နေတာ
  • ကိုယ်လက်လှုပ်ရှားမှု အားနည်းတာ
  • စိတ်ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာမျိုးပါ။

နောက်ဆက်တွဲ ပြဿနာတွေ

ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲပြဿနာများ - 
  • စအိုဝ တစ်ရှူးတွေ ရောင်ရမ်းတာ
  • လိပ်ခေါင်းဖြစ်တာ
  • စအိုစုတ်ပြဲတာ
  • စအိုကျွံတာ
  • အစာဟောင်းအိမ်မှာ ဝမ်းတွေပိတ်တာမျိုးပါ။

ကာကွယ်နည်းများ

ဝမ်းချုပ်တာ မဖြစ်စေဖို့ဆိုရင်တော့ - 
  • နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါဝင်နေတဲ့ အသီးအရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ နှံစားသီးနှံတွေကို စားပေးပါ။
  • ရေများများ သောက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု မှန်မှန် လုပ်ပါ။
  • ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။
  • ဝမ်းသွားချိန် ပုံမှန်လေး သတ်မှတ်ထားပါ။
Lotoshinn ရဲ့ စကားလက်ဆောင် ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် နေ့စဉ်နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ ဝမ်းချုပ်တာကို သက်သာစေမှာပါ။ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ပေမယ့် ဝမ်းချုပ်တာက မသက်သာဘူးဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!