အသက်ရှည်ချင်ရင် ကော်ဖီသောက်ပါ
အထွေထွေ

အသက်ရှည်ချင်ရင် ကော်ဖီသောက်ပါ

Admin

📅
သင်က ကော်ဖီချစ်သူ တစ်ယောက်လား? ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါနော်။ ပုံမှန်ဆိုရင် ကော်ဖီကို နှစ်ခြိုက်စွာ သောက်သုံးကြတဲ့အခါ အမြဲတမ်း ကြားနေရတတ်တဲ့ သတိပေးစကားတစ်ခွန်းရှိပါတယ်။ ‘ကော်ဖီတွေ အများကြီးသောက်ရင် ကျန်းမာရေးထိခိုက်မယ် လျှော့သောက်’ ဆိုတဲ့စကား မဟုတ်လား။ နှစ်ပေါင်းမြောက်များစွာတိုင်အောင် လူတွေက ကော်ဖီကို တစ်နေ့ တစ်ခွက်ထက်ပိုသောက်ရင် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ယုံကြည်ထားခဲ့ကြတာပါ။ ဒီကနေ့ထက်တိုင်ပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်း တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကတော့ ကော်ဖီကို သောက်သုံးတာဟာ အသက်ပိုရှည်စေတယ်ဆိုတဲ့ သတင်းကောင်းပါပဲ။ ကွမ်ကျိုးတက္ကသိုလ်က သိပ္ပံပညာရှင်တွေနဲ့ ဗြိတိန်အခြေစိုက် UK Biobank တို့ရဲ့ သုတေသန ရလဒ်တွေအရ သိလာရတာကတော့ ကော်ဖီကို ပုံမှန် မှီဝဲသောက်သုံးသူတွေဟာ ကော်ဖီမသောက်သူတွေထက် ၇ နှစ်လောက် အသက်ပိုပြီး ရှည်ပါတယ်တဲ့။ ဒီရလဒ်ကတော့ တစ်နေ့ကို ပျမ်းမျှ ကော်ဖီ ၁.၅ ခွက်ကနေ ၃.၅ ခွက်အကြား သောက်သုံးတဲ့သူ သန်းတစ်ဝက်ဝန်းကျင်ကို နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ထားတဲ့ရလဒ်ဖြစ်ပါတယ်။ သုတေသနမှာ စမ်းသပ်ခံခဲ့ကြသူတွေရဲ့ ပျမ်းမျှအသက်က ၅၅.၆ နှစ်ပါ။ ကော်ဖီထဲမှာ သကြားကို ထည့်သွင်း မှီဝဲကြသူတွေဟာ စောလျှင်စွာ သေဆုံးနိုင်ခြေ ၃၁% အထိရှိပြီး သကြားထည့်မသောက်သူတွေကတော့ ၂၁% သာရှိပါတယ်တဲ့။ ဒါ့အပြင် စမ်းသပ်ခံပုဂ္ဂိုလ်တွေထဲကမှ  ကော်ဖီသောက်သုံးသူ အများစု (၁၇၁၆၁၆ ဦး) ဟာ နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာကို ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိသလို တခြားဝေဒနာတွေ ကြုံတွေ့ရမှုကလည်း နည်းပါးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်က Wexner Medical Center ကလည်း ကော်ဖီသောက်သုံးတာဟာ သွေးတိုး၊ အမျိုးအစား - ၂ ဆီးချို၊ လေဖြတ်၊ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အရက်နဲ့မသက်ဆိုင်တဲ့ အသည်းအဆီဖုံးနာနဲ့ ကျောက်ကပ်နာရောဂါတွေ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ထောက်ခံပေးထားပြန်ပါတယ်။ ချွင်းချက်ကတော့ သကြားမှီဝဲမှု ပမာဏ အနည်းအများပေါ်မူတည်ပြီး ရောဂါဖြစ်နိုင်ခြေ အနိမ့်အမြင့်ကွာခြားတယ်ဆိုတဲ့ အချက်ပါပဲ။ သကြားလျှော့စားရင် ပိုကျန်းမာမယ်ပေါ့။ နောက်ထပ် စဉ်းစားစရာ တစ်ခုကတော့ ကော်ဖီဟာ ကိုယ်အလေးချိန်လျော့ကျဖို့လည်း အထောက်အကူပေးနိုင်စွမ်း ရှိနေတယ်ဆိုတာပါပဲ။ စင်ကာပူက ပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုအရဆိုရင် ကော်ဖီကို တစ်နေ့ ၄ ခွက် သောက်သုံးသူတွေဟာ ၆ လအတွင်း ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားခဲ့ပြီး ကိုယ်တွင်း အဆီပမာဏလည်း ၄% လောက် လျော့ကျသွားပါတယ်တဲ့။ ကော်ဖီဆိုတဲ့အရာက အရသာရှိရုံတင်မက ကျန်းမာရေးပါ ကောင်းမွန်စေတယ်ဆိုပါတော့။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားလည်း ရှိသေးတယ်မဟုတ်လား။ ဘယ်လို အစားအစာကိုမဆို သင့်လျော်ရုံမှီဝဲတာကသာ သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ်ဆိုတာကို သတိချပ်ထားဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ သင်က ဒီနှစ်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ ရည်မှန်းထားတယ်ဆိုပါစို့။ ဒါမှမဟုတ် အသက်ရှည်ရှည် နေမယ်လို့ စိတ်ကူးထားတယ်ဆိုပါစို့။ ဒါဆိုရင် ကော်ဖီသောက်ပါလို့ တိုက်တွန်းပါရစေ။ ဒါပေမယ့် သင့်လျော်ရုံ ပမာဏတော့ဖြစ်ပါစေနော် …

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!