မိခင်နှင့်ကလေးကျန်းမာရေး
မိခင်နှင့်ကလေးကျန်းမာရေးဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးနောက်မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပြီး၊ ရောဂါများကိုကာကွယ်ရန်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ စားပေးသင့်တာလေးများ
ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ခက်တာကို ကိုယ်ဝန်ဆောင်မိခင်တိုင်းလိုလို ခံစားကြရပါတယ်။ ဒီလို ခံစားရတာကို သက်သာစေဖို့ နေထိုင်စားသောက်မှုလေးတွေကို သေချာလေး ဂရုစိုက်ပေးတာက အတိုင်းအတာ တစ်ခုအထိကို ညဘက် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင် ဘယ်လို အစားအသောက်လေးတွေကို စားပေးသင့်လဲဆိုတာကို ပြောပြလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်အိပ်မပျော်ခြင်း ဆိုတာ ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာက အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ နောက်တစ်ခု ဖြစ်နိုင်တာက အိပ်နေပေမယ့်လည်း ကောင်းကောင်း အိပ်မပျော်ဘဲ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာ၊ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပြောင်းလဲတာ၊ ခန္ဓာကိုယ် အခြေအနေ ပြောင်းလဲတာတွေက သက်တောင့်သက်သာနဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ ညဘက်မှာ အိပ်ရေးပျက်များတာက ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် အနေနဲ့ တစ်ညတာကို ပျမ်းမျှ ၇ နာရီ ကနေ ၉ နာရီလောက် အိပ်စက်ဖို့ လိုပါမယ်။ https://lotoshinnlifestyle.com/sleep-disturbances-in-pregnancy/ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ စားပေးသင့်တာလေးများ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ ဘယ်လို အစားအစာလေးတွေကို စားသုံးပေးသင့်လဲဆိုတာကို မျှဝေပေး ပါရစေ။ နှံစားသီးနှံတွေ နှံစားသီးနှံတွေမှာ ကစီဓာတ်ကြွယ်ဝစွာ ပါဝင်နေပြီး ကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တဲ့ ဆီရိုတိုနင်နဲ့ မယ်လ်လာတိုနင် ဟော်မုန်းတွေ ထွက်ရှိမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင် - ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်ညို၊ ဘာလီစတာတွေကို စားပေးလို့ ရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့နဲ့ နေရထိုင်ရတာကို သက်တောင့်သက်သာ ဖြစ်စေနိုင်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလ အိပ်မပျော်တာကို သက်သာစေဖို့အတွက် ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်နံနံ၊ မုန်ညှင်းစတာတွေကို စားပေးလို့ ရပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေက မဂ္ဂနီဆီယမ်၊ tryptophan နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်နေတဲ့ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ ဖရုံစေ့၊ နေကြာစေ့လိုမျိုး အစေ့အဆန်တွေနဲ့ အခွံမာသီးတွေ စားပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ နို့နဲ့နို့ထွက်ပစ္စည်းတွေက မယ်လ်လာတိုနင် ထွက်ရှိမှုကို တိုးစေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ tryptophan တို့ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့ဆိုရင် နွားနို့ပူပူလေး သောက်ပေးတာ၊ ဒိန်ချဉ်စားတာ၊ ချိစ်စားတာတွေ လုပ်ပေးလို့ ရပါတယ်။ အဆီနည်းပရိုတင်း အဆီနည်းတဲ့ ပရိုတင်းတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်မှုကြောင့် အိပ်ပျော်ဖို့ခက်တာကို သက်သာစေနိုင်တဲ့ tryptophan ကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင် အရေခွံမပါတဲ့ ကြက်ရင်အုံသား၊ ကြက်ဆင်သား၊ ပဲပြား၊ ပဲအမျိုးမျိုး၊ ငါးစတာတွေကို စားပေးလို့ ရပါတယ်။ သစ်သီးများ အချို့သော သစ်သီးတွေက သဘာဝအချိုဓာတ် ပါဝင်နေသလို ဗီတာမင်တွေလည်း ပါဝင်နေတာက ဆီရိုတိုနင်နဲ့ မယ်လ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို ကောင်းစေဖို့ ထောက်ကူပေးတာကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှု ရရှိစေဖို့ဆိုရင် ငှက်ပျောသီး၊ ချယ်ရီသီး၊ ကီဝီသီး၊ ဘယ်ရီသီးတွေ၊ ပန်းသီး စတာတွေကို စားပေးလို့ ရပါတယ်။ ဆေးဖက်ဝင် ရေနွေးကြမ်းများ ဆေးဖက်ဝင်ရေနွေးကြမ်းတွေ ဖြစ်ကြတဲ့ ချာမိုမိုင်းရေနွေးကြမ်း၊ ပူဒီနံရေနွေးကြမ်း၊ လာဗင်ဒါရေနွေးကြမ်းတွေကို သောက်သုံးပေးတာကလည်း ကိုယ်ဝန်ဆောင် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ် ဒီနေရာမှာ သတိထားရမှာက တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်ဖို့နဲ့ ညနေပိုင်းတွေမှာ မသောက်ဘဲ မနက်ခင်းပိုင်းမှာ သောက်ဖို့ပါ။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်ကာလ အိပ်မပျော်တာကို သက်သာစေဖို့ အတွက် ကြက်ဥအနှစ်စားပေးတာ၊ မှိုစားပေးတာ၊ နေရာင်နွေးနွေးလေး ခံပေးတာ၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ ဆီရီယယ်လိုမျိုး အစားအစာတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။ https://lotoshinnlifestyle.com/risks-of-sleepless-during-pregnancy/ Lotoshinn ရဲ့ စကားလက်ဆောင် ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်တွေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အာဟာရ လုံလောက်အောင် စားဖို့ လိုသလို ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ရရှိစေဖို့လည်း လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင်တော့ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ tryptophan နဲ့ Omega-3 Fatty Acid ကြွယ်ဝတဲ့ အစားအစာလေးတွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်နိုင်လဲ!
အိပ်ရေးပျက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီလို အိပ်ရေးပျက်တာက မိခင်ရော ကလေးအတွက်ပါ အရေးပါတဲ့ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင်ရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေနိုင်မလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်ချိန် ဘယ်လောက်ရှိဖို့ လိုမလဲဆိုတာလေးတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်မှု အရေးကြီးသလား! ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် မေမေက အိပ်ရေးဝဝ အိပ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အိပ်ရေးဝဝဆိုတဲ့နေရာမှာ တစ်ညကို အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီကြား ရှိမယ်ဆိုရင် အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့နဲ့ ဗိုက်ထဲက ဘေဘီလေး ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ လုံလောက်တဲ့အိပ်စက်ချိန် ရှိနေဖို့ လိုပါမယ်။ ဒီအချက်က မေမေတစ်ဦးနဲ့တစ်ဦးမှာ ထပ်တူညီနေမယ်လို့တော့ မဆိုလိုပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဇီဝကမ္မဖြစ်စဉ်တွေပေါ်လိုက်ပြီး ကွာခြားတာမျိုးတော့ ရှိနိုင်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ခန္ဓာကိုယ်ရဲ့ စည်းချက်ကို နားထောင်ပြီး လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိဖို့ပါ။ ဘယ်လိုအချက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်စေတာလဲ! ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်မှုအပေါ် သက်ရောက်နေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။ ကိုယ်ဝန်ဆောင် ပထမ သုံးလပတ် - ဒီကာလမှာဆိုရင် ကိုယ်တွင်းဟော်မုန်း အတက်အကျမြန်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေက ကောင်းကောင်းအိပ်ပျော်ဖို့ ခက်စေပါတယ်။ ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပတ် - ဒီကာလမှာတော့ ကိုယ်အလေးချိန်တက်လာတာ၊ အရွတ်တွေ လျော့ရဲတာ၊ ခြေထောက်ကြွက်တက်တာ၊ နှာခေါင်းပိတ်တာတွေက ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ အခက်တွေ့စေပါတယ်။ ကိုယ်ဝန်ဆောင် တတိယ သုံးလပတ် - ဆီးခဏခဏသွားရတာ၊ ရင်ပူတာ၊ ခါးနာတာ၊ ကလေးက လှုပ်ရှားနေတာကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ပါတယ်။ အခြားသော အခြေအနေများ - အိပ်မပျော်တာ၊ နေ့ခင်းဘက် အိပ်ချိန်များနေတာ၊ ကောင်းကောင်းအိပ်မပျော် တာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်နိုင်လဲ! ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာ များမယ်ဆိုရင် ဘေဘီလေးမှာ - အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ - လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အိပ်ရေးပျက်တာ များမယ်ဆိုရင် အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ ဒုတိယ (၃)လပတ်မှာ ဖြစ်မယ်ဆိုရင်တော့ ကလေးမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာရှိတာ၊ အိပ်စက်ရခက်တာနဲ့ ADHD လိုမျိုး ဦးနှောက်နဲ့အာရုံကြော ဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သိမြင်မှုစွမ်းရည်ပိုင်းနဲ့ လှုပ်ရှားနိုင်စွမ်းဖွံ့ဖြိုးမှု နောက်ကျတာ - ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အိပ်ရေးပျက်တာများမယ်ဆိုရင် ကလေးက လှုပ်ရှားမှုစွမ်းရည် ဖွံ့ဖြိုးမှု နောက်ကျတာ၊ စကားပြောနောက်ကျတာ၊ သိမြင်မှုစွမ်းရည် အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အချင်းပြဿနာ -ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်များတာက အချင်းရဲ့ တည်ဆောက်မှုနဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး အချင်းက ရှိသင့်တဲ့ အလေးချိန်ထက်နည်းတာ သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေးအဝလွန်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အိပ်ရေးပျက်တာတွေ များမယ်ဆိုရင် သန္ဓေသားက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေပြီး မီးဖွားချိန်မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်များတာက ဒီလို အခြေအနေတွေအပြင် လမစေ့ဘဲမွေးဖွားတာ၊ ကလေးဖွံ့ဖြိုးမှု ပုံမှန်ထက် နည်းနေတာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ ကလေးကျန်းမာရေး အားနည်းတာလိုမျိုး နောက်ဆက်တွဲ အခြေအနေတွေကိုလည်း ခံစားရနိုင်ပါတယ်။ https://lotoshinnlifestyle.com/sleep-disturbances-in-pregnancy/ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက မေမေ့အတွက်ရော ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ! ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက မေမေတွေမှာလည်း အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာ များတာက ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာနဲ့ လမစေ့ဘဲ မွေးဖွားတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေး - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများတာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ မီးဖွားပြီးချိန်မှာ စိတ်ကျရောဂါ ခံစားရတာတွေကို ခံစားရနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ ထိခိုက်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ကာလမှာ ခြေကုန်လက်ပမ်းကျတာ၊ အာရုံစိုက်ဖို့ ခက်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ခက်ခဲတာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရစေနိုင်တာ- ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်များတာက နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်အနေနဲ့ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ သွေးတိုးစေနိုင်တာ - ကိုယ်ဝန်ဆောင်ကာလအတွင်း အိပ်စက်ချိန်က တစ်ညကို ၇ နာရီထက် နည်းနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိနိုင်ခြေကို ထိခိုက်စေနိုင်သလို သွေးတိုးခံစားရနိုင်ခြေကိုလည်း ပုံမှန်ထက် ပိုများစေတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ရှည်တာ - ကိုယ်ဝန်ဆောင်ချိန် မေမေက ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းက ကိုယ်ဝန်ဆောင်ကာလကို ပုံမှန်ထက်ပိုရှည်ကြာတာမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ မီးဖွားပြီးချိန် အဝလွန်တာ - ကိုယ်ဝန်ဆောင်ကာလမှာ အိပ်ရေးပျက်ထားမယ်ဆိုရင် ကလေးမီးဖွား ပြီးချိန်မှာ မေမေမှာ အဝလွန်တာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက အခုလိုမျိုးကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ တတ်နိုင်သမျှ အိပ်ရေးဝဝအိပ်ဖြစ်အောင် ဂရုစိုက်ဖို့ လိုပါမယ်။ https://lotoshinnlifestyle.com/foods-that-promote-restful-nights-during-pregnancy/ Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ နေထိုင်စားသောက်မှုပုံစံက ကိုယ်တိုင်အတွက်ရော ရင်သွေးလေးအတွက်ပါ အများကြီး သက်ရောက်မှု ရှိနေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားချိန်မှာပါ မေမေရာ ဘေဘီလေးပါ ကျန်းမာမှာပါနော်။