ကလေးတွေမှာ Hyperactive တွေ့ရတာပုံမှန်ပဲလား!
Hyperactive ဖြစ်တယ်ဆိုတာက ကလေးက တစ်ချိန်လုံး ငြိမ်ငြိမ်မနေဘဲ ပြေးလွှားဆော့ကစားတာကစလို့ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ အခြေအနေပါ။ ဒါက ယေဘုယျ အားဖြင့်ဆိုရင် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ လူတော်တော်များများက သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်ရဲ့ အချို့သော အခိုက်အတန့်တွေမှာ ပုံမှန်ထက် တက်ကြွလွန်းနေတဲ့ အခြေအနေကို တွေ့ကြုံခံစားကြရပါတယ်။ ဒါကြောင့် အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် Hyperactive ဖြစ်တာက ကလေးတစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ် ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။Hyperactive ဖြစ်နေတဲ့ ကလေးမှာ ဘယ်လို အပြုအမူတွေ တွေ့ရလဲ!
Hyperactive ဖြစ်နေတဲ့ ကလေးတစ်ယောက်မှာ အခုလို အပြုအမူတွေကို တွေ့ရနိုင်ပါတယ်။- ခြေထောက်တွေ လက်တွေကို လှုပ်နေတာ
- ထိုင်ခုံမှာ ငြိမ်ငြိမ် မထိုင်တာ
- တစ်နေရာရာမှာ အကြာကြီး ငြိမ်ငြိမ်မနေတာ
- တစ်နေရာရာရောက်ရင် လျှောက်ပြေးနေတာ
- တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်လေး မကစားတတ်တာ
- စကားအရမ်းပြောလွန်းတာ
- မေးခွန်းဆုံးအောင် မစောင့်ဘဲ အဖြေကို ဖြေတာ
- သူတို့အလှည့်ကို စောင့်ဖို့ စိတ်မရှည်တာ
- အခြားသူတွေကီု အနှောင့်အယှက်ဖြစ်စေတာမျိုးတွေလိုမျိုး အပြုအမူလေးတွေ ရှိနေနိုင်ပါတယ်။
ADHD ရော ဖြစ်နေနိုင်လား!
တကယ်လို့ ကလေးက ပုံမှန်ထက် တက်ကြွလွန်းနေတဲ့ အခြေအနေ အကြောင်းရင်းခံက ADHD ကြောင့် ဖြစ်တာမျိုး ဖြစ်မယ်ဆိုရင် ကလေးက ပုံမှန်ထက် အားတွေပိုရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ မလိုအပ်ဘဲ အချိန်တိုင်းမှာ hyper ဖြစ်နေတဲ့ အနေအထားမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့ဆိုရင်တော့- မကြာခဏဆိုသလို အနှောင့်အယှက်ပေးတာ
- လုပ်ငန်းတာဝန်တွေကို ညွှန်ကြားချက်အတိုင်း လိုက်ပါလုပ်ဆောင်ဖို့ ခက်နေတာမျိုး
- မေ့တတ်တာမျိုး
- စိတ်မရှည်တာမျိုး
- မကြာခဏဆိုသလို စကားကို ထင်ကရာပြောတာမျိုးတွေ လုပ်ဆောင်တာကို တွေ့ရနိုင်ပါတယ်။
ကလေးကို ဘယ်လို အကြောင်းအရာတွေက အတက်ကြွလွန်တာကို ခံစားရစေတာလဲ!
ADHD အတက်ကြွလွန်စေတယ်ဆိုပေမယ့် အခြားသော အကြောင်းအရာတွေအနေနဲ့- စိတ်ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရတာ - စိုးရိမ်စိတ်လွန်ကဲနေတာ၊ စိတ်နှစ်ခွပြဿနာ ကြုံနေရတာ
- ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကို ခံစားနေရတာ - သိုင်းရွိုက်ပုံမှန်ထက် အလုပ်လုပ်နေတာ၊ အာရုံကြောဆိုင်ရာ မူမှန်မှု တစ်ရပ်ရပ် ခံစားနေရတာ
- ကိုယ်လက်လှုပ်ရှားမှု နည်းနေတာ - ကလေးက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး မရှိတာ
- စိတ်ဖိစီးတာ - ကလေးက စိတ်ဖိစီးမှု များလွန်တဲ့အခါ အတက်ကြွလွန်တဲ့ အခြေအနေမျိုးနဲ့ တုံ့ပြန်တတ်ပါတယ်။
- ပင်ပန်းလွန်းနေတာ - အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ရပ်ရပ်ကို ခံစားနေရတာမျိုး အခြေအနေကြောင့် ခြေကုန်လက်ပန်းကျတာ၊ စိတ်ခံစားမှုနဲ့ အပြူအမူတွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ အခက်အခဲကြောင့် ပင်ပန်းလွန်းနေတဲ့အခါမျိုးမှာလည်း အတက်ကြွလွန်တာကို ခံစားရနိုင်ပါတယ်။
ကလေးကို သက်သာစေဖို့ ဘယ်လိုဖြေရှင်းကြမလဲ!
ကလေးကို အတက်ကြွလွန်နေတဲ့ အခြေအနေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းတာကနေ သက်သာစေဖို့ဆိုရင် - ကလေးကို လှုပ်လှုပ်ရှားရှားပေးကစားလိုက်ပါ - ဒီလိုလုပ်တာက ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်စေတာကြောင့် ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။- သကြားနဲ့ ကဖင်းလျှော့ပါ - ကလေးကို နေ့စဉ်စားသုံးမှုမှာ သကြားကို တတ်နိုင်သမျှလျှော့ပါ။ ကလေးက အရမ်းငယ်လွန်းမယ်ဆိုရင် ကဖင်းပါတာတွေကို လုံးဝမကျွေးပါနဲ့။ ကလေးက အသက်အပိုင်းအခြား တစ်ရပ် ရောက်နေပြီဆိုရင်တော့ ကဖင်းကို တတ်နိုင်သမျှ လျှော့ပေးပါ။
- ကလေးကို စိတ်ဖိစီးမှုကင်းအောင် ထားပါ - ကလေးကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးတွေ ဖန်တီးပေးတာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားစေတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်ဖိစီးမှုကင်းစေပြီး ပျော်ရွှင်စေမှာပါ။
- အိပ်ရေးဝဝအိပ်ခိုင်းပါ - ကလေးကို အိပ်ရေးဝဝအိပ်စေတာက စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အိပ်ရေးဝဝ အိပ်ဖြစ်အောင် သေချာလေး ဂရုစိုက်ပေးပါ။
- ကလေးကို ချီးကျူးပေးပါ - ကလေးက တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ချိန်မှာ ကလေးကို ချီးကျူးပေးဖို့ ဂုဏ်ပြုပေးဖို့လည်း လိုပါမယ်။ ဒီလို အပြုအမူလေးတွေက ကလေးကို စိတ်ဖိစီးမှု ကင်းစေပြီး ကိုယ့်ကိုယ်ယုံကြည်မှု တိုးစေနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် ကလေးတွေမှာ ပုံမှန်ထက် တက်ကြွလွန်းနေတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ပါ။ ကလေးရဲ့ နေထိုင်စားသောက်မှုပုံစံ၊ နေ့စဉ်လှုပ်ရှားမှုလေးတွေ၊ အိပ်စက်ချိန်တွေကို သေချာလေး ဂရုစိုက်ပေးမယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကင်းကင်းနဲ့လည်း ကြီးပြင်းစေမယ်ဆိုရင် ကလေးက ပုံမှန်ကလေးတွေလိုပဲ ကြီးပြင်း အရွယ်ရောက်လာမှာပါ။ ကလေးက ပုံမှန်ထက် တက်ကြွလွန်းနေတာကြောင့် အမှားတွေ လုပ်မိတာ အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကို လုပ်မိတာမျိုး ရှိမယ်ဆိုရင်လည်း တတ်နိုင်သမျှ စိတ်ရှည်ရှည် ထားပြီး နွေးထွေးစွာ ဆက်ဆံကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!