ကလေးက မေမေ ကော်ကော်၊ တီတီ နည်းနည်းဆိုတဲ့ စကားလုံးအောက်တွေမှာ ကျရှုံးရင်း ဘေဘီလေးတွေ၊ သားသားမီးမီးလေးတွေကို လက်ဖက်ရည်၊ လက်ဖက်၊ ကော်ဖီ၊ ကိုလာနဲ့ အားဖြည့်အချိုရည်လိုမျိုး ကဖင်းပါတဲ့ အရာတွေကို တိုက်ကျွေးမိတာက ခွံမိတာတွေကို မလုပ်ဖို့ ပြောချင်ပါတယ်။ တကယ်ကတော့ ကလေးတွေကို အသက် ၁၈ နှစ် မပြည့်ခင်အထိ ကဖင်းကို ရှောင်စေတာက အကောင်းဆုံးသော ဦးနှောက်ဖွံ့ဖြိုးမှုကို ရစေဖို့ ထောက်ကူပေးတာပါပဲ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
အသက် ၁၈ နှစ် မပြည့်ခင် ကလေးကို ကဖင်းမကျွေးရ
ကလေးတွေ၊ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက် သားသားမီးမီးတွေကို ကဖင်းလုံးဝရှောင်ခိုင်းဖို့လိုပါမယ် လို့ American Academy of Pediatrics က အကြံပြုထားပါတယ်။
ဒီလိုပြောရခြင်းအကြောင်းအရင်းကတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်က သေးငယ်လွန်းပြီး အာရုံကြောစနစ်တွေ ကလည်း ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ကဖင်းပမာဏ နည်းနည်းပဲ စားသုံးမိမယ်ဆိုရင်တောင်မှ စိုးရိမ်စိတ် လွန်ကဲတာကို ဖြစ်စေနိုင်သလို နှလုံးခုန်နှုန်းမြန်လွန်းတာ၊ အိပ်စက်မှုဆိုင်ရာ အနှောင့်အယှက်ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ သိမြင်မှုစွမ်းရည်လုပ်ဆောင်ချက်တွေနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။
ကဖင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သိမြင်မှုစွမ်းရည်အပေါ် သက်ရောက်မှု
ဆယ်ကျော်သက်အရွယ်ဆိုတာက ကလေးတစ်ယောက်ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ အပြီးသတ်အဆင့်တွေအတွက် အရေးပါတဲ့ ကာလအပိုင်းအခြားတစ်ခူပါ။ ဒီလိုကာလမှာ ကဖင်းပါတဲ့အစားအသောက်တွေကို စားမယ်ဆိုရင် ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့သိမြင်မှုစွမ်းရည်တွေအတွက် အရေးပါတဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်းတွေ ဖြစ်တဲ့ working memory၊ စကားလုံးသိမှတ်နိုင်စွမ်း၊ မှတ်မိနိုင်မှုစွမ်းရည်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်မှုအလျဉ်တွေ ဖွံ့ဖြိုးစေဖို့ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
အိပ်စက်မှုအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်တယ်
ကဖင်းက ကလေးတစ်ယောက်ရဲ့ သဘာဝအိပ်စက်မှုစက်ဝန်းကို ပြောင်းလဲစေပြီး အိပ်ပျော်ဖို့ ခက်တာ၊ ပြည့်ဝတဲ့ အိပ်စက်မှုရရှိစေဖို့ ခက်တာမျိုးကို တွေ့ကြုံခံစားရစေနိုင်ပါတယ်။ ဖွံ့ဖြိုးမှုတွေ အစဉ်မပြတ် ဖြစ်ပေါ်နေတဲ့ ဒီကာလမှာ ကလေးတစ်ယောက်အနေနဲ့ ပြည့်ဝတဲ့အိပ်စက်မှုကို မရတာက ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေသလို ကလေးကို ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာနဲ့ အာရုံကြောစနစ်ပေါ် သက်ရောက်မှု
ကလေးတစ်ယောက်အနေနဲ့ ကဖင်းကို နည်းနည်းလေးပဲ သောက်တယ်ဆိုရင်တောင်မှ ခန္ဓာကိုယ်အရ လူကြီးတွေထက် သေးငယ်တဲ့ ကလေးတွေမှာ ကဖင်းကို ချေဖျက်နိုင်စွမ်းက တော်တော်လေး နှေးသလို လူကြီးတွေနဲ့ မတူတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကလေးတွေမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ လက်ဖက်သုပ် အပါအဝင် ကဖင်းပါတဲ့ စားစရာတွေကို စားတာကြောင့် စိုးရိမ်စိတ်လွန်ကဲတာ၊ တုန်တုန်ယင်ယင် ဖြစ်တာ၊ နှလုံးခုန် မမှန်တာ၊ ကြွက်သားတွေ အနားမရတာ၊ သွေးပေါင်ချိန်မြင့်တက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
မေမေတို့ စဉ်းစားရမယ့် အစားထိုး အာဟာရ
ဒါကြောင့် အသက် ၁၈ အောက် သားသားမီးမီးနဲ့ ဘေဘီလေးတွေကို ကဖင်းပါတဲ့ စားစရာ သောက်စရာတွေအစား ရေ၊ သစ်သီးဖျော်ရည်၊ နို့စတာတွေကို တိုက်ပေးတာက ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်ကလေး အလိုကို လိုက်ပြီး အာဟာဖြစ်စေမယ့် သောက်စရာတွေနေရာမှာ ကော်ဖီအေး၊ အချိုရည်တွေ၊ အားဖြည့်အချိုရည်၊ Bubble Tea၊ လက်ဖက်ရည်စတာတွကို တိုက်တာ ကလေးက လက်ဖက်လေးနဲ့ ထမင်းစားလို့ဆိုပြီး လက်ဖက်လေးသုပ်ကျွေးတာမျိုးတွေကို အသက် ၁၈ နှစ် မပြည့်ခင်အထိမှာ ရှောင်စေချင်ပါတယ်။ ကလေးက စားချင်လွန်းလို့ ကျွေးမယ်ဆိုရင်တောင် တစ်နေ့တာမှာ ထမင်းကြီးနဲ့ လက်ဖက်သုပ်ကျွေးတာမျိုး မလုပ်ဖို့ လိုပါမယ်။
လက်ဖက်မှာပါတဲ့ ကဖင်းက စားလိုက်တဲ့ အစားအစာမှာပါတဲ့ သံဓာတ်တွေကို အူနံရံတွေက စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတာကြောင့် ကလေးကို အာဟာရပြည့်ပြည့်ဝဝ ရရှိစေဖို့ အခက်တွေ့စေမှာပါ။ ကလေးက အသက် ၁၂ နှစ် ကနေ ၁၈ နှစ်ကြား ဖြစ်မယ်ဆိုရင် တစ်နေ့ကို ကဖင်းပမာဏ 100 mg ထက် မပိုအောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ကလေးကို ကိုယ်ရောင်ဖျောက်ထားတဲ့ ကဖင်းတွေကြောင့်ဘေးမဖြစ်ပါစေနဲ့
ကဖင်းလို့ ပြောလိုက်ရင် မေမေတို့ တီတီတို့ မျက်စိထဲမှာ ကော်ဖီ၊ လက်ဖက်ရည်ကိုပဲ ပြေးမြင်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကဖင်းက ဒီသောက်စရာတွေထဲမှာတင် မဟုတ်ဘဲ ရေနွေးကြမ်း၊ လက်ဖက်၊ ဆိုဒါ၊ ချောကလက်၊ ကိုလာ၊ စွမ်းအားဖြည့်အချိုရည်တွေထဲမှာပါ ရှိနိုင်ပါတယ်။ အချို့အချို့သော အားဖြည့်အချိုရည်တွေမှာဆိုရင် တစ်ဘူးတည်းမှာတင် ကဖင်းပါဝင်မှုနှုန်းက 200 mg ကနေ300 mg ၊ အဲ့ပမာဏထက်တောင် ပိုပါနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီပမာဏက ဆယ်ကျော်သက်သားသားမီးမီးတို့ အတွက်တောင် Safe ဖြစ်မနေတဲ့ ပမာဏပါ။
ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်စွာနဲ့ ကြီးပြင်းစေချင်ရင် အသက် ၁၈ အထိ ကဖင်းကို လုံးဝရှောင်ဖို့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပေးစေချင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့အတူ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက ကျန်းမာတဲ့ စားသောက်မှုပုံစံကို သေချာလေး ပျိုးထောင်ပေးပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အာဟာရပြည့်ဝစွာ ရရှိအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေ ရှိအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။
ဒီအခြေအနေလေးက ခက်ခဲတယ်ဆိုပေမယ့် ကလေးရဲ့ ကောင်းမွန်တဲ့ အနာဂတ်လေးကို ပုံဖော်ဖို့အတွက် သေးငယ်တဲ့ Step လေးတစ်ခုဖြစ်တာမို့ အတူတူကြိုးစားကြဖို့ မေမေတို့ကို တိုက်တွန်းပါရစေနော်။ ကျွန်မတို့ချစ်ရတဲ့ အနာဂတ်ရတနာလေးတိုင်း ကောင်းမွန်စွာ ကြီးပြင်းခွင့်ရဖို့ အတူတူ ကြိုးစားကြည့်ကြရအောင်လေနော် …..
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!