ဆယ်ကျော်သက်အရွယ်မှာ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေ စတင်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုမှာ ရင်သားဖွံ့ဖြိုးမှုကလည်း အပါအဝင်ပေါ့။ ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက် သမီးလေးတွေမှာ ဖြစ်တတ်တဲ့ ရင်သားဖွံ့ဖြိုးမှု အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
ဆယ်ကျော်သက် သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု
ရင်သားဖွံ့ဖြိုးမှုဆိုတာက အပျိုဖော်ဝင်ချိန်ရဲ့ ပထမဆုံးသော လက္ခဏာတစ်ခုပါ။ အသက် ၈ နှစ်အရွယ်ကနေ ၁၃ နှစ်အတွင်းမှာ သမီးလေးတွေရဲ့ ရင်သားဖွံ့ဖြိုးမှု စတင်ပါတယ်။ ဒီကာလမှာ အီစထရိုဂျင်လိုမျိုး ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက်အရွယ်မှာ ရင်သားမှာ ဖွံ့ဖြိုးမှုတွေစတင်လာပါတယ်။
ဆယ်ကျော်သက်အရွယ် အပျိုဖော်ဝင်ချိန်ကနေစလို့ ရင်သားဖွံ့ဖြိုးမှုစတင်လာပြီး ဆယ်ကျော်သက်နှောင်းပိုင်း မှာ ရင်သားဖွံ့ဖြိုးမှုက ရပ်တန့်သွားပါတယ်။ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က တစ်ဦးနဲ့ တစ်ဦးမှာတော့ မတူနိုင်ပါ ဘူး။ ရင်သားဖွံ့ဖြိုးမှုက တစ်ဖက်နဲ့ တစ်ဖက်မတူတာကလည်း ပုံမှန်ပါပဲ။
ရင်သားစဖွံ့ဖြိုးချိန်မှာ ရင်သားကတင်းပြီးနာတာ၊ စမ်းလိုက်မိရင် အကျိတ်လို့ ယူဆရတဲ့ အစိုင်အခဲလေးတွေ ရှိနေတာ နို့သီးခေါင်းကထူလာပြီး အရောင်ရင့်လာတာတွေကို ခံစားရနိုင်ပါတယ်။ ရင်သားဖွံ့ဖြိုးမှုနဲ့အတူ နာကျင်တာ ရင်သားတင်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ပုံမှန်ပဲလို့ ပြောချင်ပါတယ်။
ပုံမှန်ရင်သား ဖွံ့ဖြိုးမှုဆိုတာ ဘာလဲ!
ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ဦးရဲ့ မျိုးဆက်ပွားမှုဖြစ်စဉ်မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ရင်သားဖွံ့ဖြိုးမှုက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတလျှောက် တိကျတဲ့ အသက်အပိုင်းအခြား အလိုက် ဖြစ်ပေါ်တတ်ပါတယ်။
ပထမဆုံးသော ရင်သားဖွံ့ဖြိုးမှုက မိခင်ဝမ်းထဲမှာ ရှိနေတဲ့အချိန်မှာ ဖြစ်ပွားတာပါ။
နောက်တစ်ကြိမ်ကတော့ အပျိုဖော်ဝင်ချိန်မှာ ရင်သားဖွံ့ဖြိုးမှုဖြစ်ပေါ်ပါတယ်။
တတိယအကြိမ်ကတော့ ကလေးမွေးဖွားခါနီးမှာပါ။
ဒီကာလအပိုင်းအခြားတွေအပြင် လေဒီလေးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာခါနီးတွေမှာလည်း ရင်သားပြောင်းလဲတာကို ခံစားရနိုင်ပါတယ်။ လေဒီလေးတွေအနေနဲ့ သွေးဆုံးခါနီးရောက်ပြီဆိုရင်လည်း ရင်သားအရွယ်အစား ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။
ရင်သားက ဘာလို့ တဖြည်းဖြည်းနဲ့ ပိုကြီးလာတာလဲ!
အပျိုဖော်ဝင်ချိန်ကနေစလို့ ဆယ်ကျော်သက်အရွယ် နောက်ပိုင်းကာလရောက်လေလေ ရင်သားရဲ့ အဆီတစ်ရှူးတွေ နို့ရည်ပြုဂလင်းတွေဖွံ့ဖြိုးလာတာကြောင့်ရင်သားတွေက တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ရင်သားဖွံ့ဖြိုးမှုက အသက် ၁၇ နှစ်ကနေ ၁၈ နှစ်ရောက်ချိန်မှာ ပြီးစီးသွားပါတယ်။
လေဒီလေးတိုင်းမှာတော့ ရင်သားဖွံ့ဖြိုးမှုက စတင်တဲ့အရွယ်နဲ့ ပြီးဆုံးတဲ့အရွယ်ကတော့ တူမှာမဟုတ်ပါဘူး။ ရင်သား ဖွံ့ဖြိုးမှုဖြစ်ပေါ်နေချိန်မှာ တစ်ရှူးတွေ ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရင်သားမှာ ယားယံတာ၊ တင်းပြီးနာတာ၊ ရောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီး ရင်သားဖွံ့ဖြိုးမှု စတင်တဲ့ အရွယ်က တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။
ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!
ဆယ်ကျော်သက်သမီးလေးတွေမှာ ရင်သားဖွံ့ဖြိုးမှုက
အသက် ၈ နှစ်မတိုင်ခင်မှာ ရင်သားဖွံ့ဖြိုးမှု စတင်မယ်
အသက် ၁၃ နှစ်ကျော်တဲ့အထိ ရင်သားဖွံ့ဖြိုးမှု မစတင်ဘူး
ရင်သားဖွံ့ဖြိုးမှုဖြစ်စဉ် ဖြစ်ပေးနေချိန်မှာ မခံမရပ်နိုင်အောင် နာကျင်တာ၊ ရင်သားက ခဲနေတာ၊ ပုံမှန်မဟုတ်တဲ့ အရညတွေထွက်နေတာမျိုး ခံစားရမယ်ဆိုရင်တော့ ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရင်သားပြောင်းလဲမှုတွေက လေဒီလေးတွေရဲ့ ဘဝသက်တမ်းတလျှောက်မှာ ရင်သားပြောင်းလဲမှုတွေက ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ပထမဆုံးအနေနဲ့ ရင်သားတစ်ရှူးတွေ စတင်ဖြစ်ပေါ်ပါတယ်။ ပြီးရင်တော့ နို့ရည်ပြုဂလင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဟော်မုန်း ပြောင်းလဲမှုတွေအလိုက် ရင်သားတွေက ပြောင်းလဲလာပါမယ်။ ဒီလိုဖွံ့ဖြိုးမှုတွေ ဖြစ်ပေမယ့် အသက် ၃၅ နှစ်နောက်ပိုင်းမှာ နို့ရည်ပြုဂလင်းတွေ တဖြည်းဖြည်းကျုံ့လာပြီး ရင်သားအရွယ်အစား ပြောင်းလဲမှု စတင်ဖြစ်ပေါ်လာပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!