ဆယ်ကျော်သက်သမီးငယ်လေးများနှင့် ရာသီလာခြင်းဆိုင်ရာ ဗဟုသုတ
အထွေထွေ

ဆယ်ကျော်သက်သမီးငယ်လေးများနှင့် ရာသီလာခြင်းဆိုင်ရာ ဗဟုသုတ

Admin

📅 14.07.2026

ဆယ်ကျော်သက်အရွယ်လေး ရောက်လာပြီဆိုရင် သမီးငယ်လေးတွေမှာ အပျိုဖော်ဝင်တဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေကို စတင်ခံစားရတာနဲ့အတူ ရာသီသွေးစဆင်းတာကိုပါ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ရာသီသွေးပေါ်တယ်ဆိုတာက ကျန်းမာစွာနဲ့ အပျိုဖော်ဝင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီလို အပျိုဖော်စဝင်ချိန်မှာ ရာသီသွေးဆင်းတာနဲ့ ပတ်သက်ပြီး တွေ့ကြုံရနိုင်တဲ့ အခြေအနေလေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတလေးတွေကို မျှဝေပေးချင်ပါတယ်။


အပျိုဖော်စဝင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ရာသီလာခြင်းဆိုင်ရာ အခြေအနေများ


ဆယ်ကျော်သက်အရွယ် အပျိုဖော်စဝင်ချိန်မှာ ရာသီသွေးစဆင်းပြီဆိုရင် တွေ့ရနိုင်တဲ့ အခြေအနေလေးတွေကတော့ အများကြီးပါ။ အတွေ့ရများတာတွေကတော့ - 

  • ရာသီသွေးဆင်း ရက်မမှန်တာ

  • သွေးဆင်း နည်းလွန်းတာ၊ များလွန်းတာ

  • ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ

  • ရာသီသွေးဆင်းတဲ့ ပမာဏ မမှန်တာ

  • ရာသီသွေးဆင်းရက် အရေအတွက် မတူတာတွေကို ခံစားရနိုင်ပါတယ်။ 


ဘာကြောင့် ဖြစ်ရတာလဲ!


အပျိုဖော်ဝင်စ သမီးငယ်လေးတွေမှာ အပေါ်မှာ ပြောခဲ့သလိုကိစ္စရပ်လေးတွေကို ကြုံတွေ့စေတဲ့ အကြောင်းအရင်းလေးတွေကတော့ တစ်ခုမက ရှိနေနိုင်ပါတယ်။ 


  • ဟော်မုန်းပြောင်းလဲတာ


အပျိုဖော်ဝင်ချိန်မှာ အရွယ်ရောက်ပြီးတဲ့ လေဒီလေးတစ်ယောက်ဖြစ်ဖို့ အစပြုချိန် ဖြစ်တာမို့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲမှုတွေက ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုဖြစ်သွားပြီး ရာသီသွေးဆင်း ရက်မမှန်တာ၊ ရာသီသွေးပမာဏအပေါ် သက်ရောက်မှု ရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။


ဟော်မုန်းအတက်အကျမြန်လွန်းတာ၊ ဟော်မုန်းပမာဏ မတည်ငြိမ်တာ၊ အပျိုဖော်ဝင်စအချိန်မှာ ကိုယ်တွင်းဟော်မုန်း အနေအထားကလည်း မတည်ငြိမ်သေးသလို တစ်နေ့တာမှာ နေထိုင်စားသောက်မှုတွေနဲ့ တွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေကလည်း အိပ်စက်မှုအပေါ်သက်ရောက်တာ ဟော်မုန်းအပေါ် သက်ရောက်တာတွေ ဖြစ်ပြီး အပျိုဖော်ဝင်စကာလ ရာသီသွေးဆင်းတဲ့ အစောပိုင်းလတွေမှာ ရက်မမှန်တာ၊ သွေးဆင်းတဲ့ ကာလမတူညီတာနဲ့ သွေးဆင်းတဲ့ ပမာဏ မတူညီတာတွေကို ခံစားရနိုင်ပါတယ်။ 

ဒီလိုမျိုး အခြေအနေတွေကို အပျိုဖော်ဝင်စကနေ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်အထိ ခံစားရနိုင်ပါတယ်။ 


  • စိတ်ဖိစီးမှု များနေတာ


စိတ်ဖိစီးမှုများနေတာကလည်း ရာသီသွေးဆင်းမှုအပေါ် သက်ရောက်မှု ရှိနေပါတယ်။ စိတ်ဖိစီးနေတဲ့အခါ ဦးနှောက်ရဲ့ မျိုးပွားစနစ်ကို ထိန်းချုပ်ထားတဲ့ အပိုင်းက ဟော်မုန်းထွက်ရှိမှု နည်းစေဖို့ လုပ်ဆောင်ပါတယ်။


ဒီအနေအထားက ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ရာသီသွေးဆင်းမှုအပေါ်မှာ အမျိုးမျိုးသော သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ 


  • ကိုယ်အလေးချိန် အတက်အကျ


ဆယ်ကျော်သက်အရွယ် သမီးငယ်လေး တစ်ယောက်အနေနဲ့ အရွယ်လေး ရလာချိန်မှာ လှချင်တာကြောင့် ဝိတ်ချတာမျိုး ဒါမှမဟုတ် တွေ့ကြုံရတဲ့ အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုတွေ များပြီး အစားတွေကို အရမ်းစားရင်းက ကိုယ်အလေးချိန်တိုးလာတာမျိုးတွေ ဖြစ်မယ်။ ကိုယ်အလေးချိန်က အတက်အကျ မြန်လွန်းနေတာမျိုးတွေက ဟော်မုန်းတွေကို သိသိသာသာ ဟန်ချက်ပျက်စေပြီး မကြာခဏဆိုသလို ရာသီသွေးမမှန်တာနဲ့ ရာသီသွေးထိမ်တာတွေကို ဖြစ်စေနိုင်ပါတယ်။


  • လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ


လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေ့ကျင့်ခန်းတွေကို အလွန်အကျွံ လုပ်တာက ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် ကိုယ်တွင်းဟော်မုန်းစနစ် ဟန်ချက်ပျက်သွားပြီး ရာသီသွေးဆင်းရက်ထက် နောက်ကျပြီးမှ သွေးဆင်းတာ၊ ရာသီသွေးဆင်းရက် ကျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 


  • စားသောက်မှုပုံစံ မမှန်တာ


ဝိတ်ကျချင်လို့ အစားလျော့နေတာမျိုး၊ အာဟာရတန်ဖိုး နည်းပါးလွန်းတဲ့ အသင့်စား၊ အမြန်စား အစားအစာတွေကိုပဲ အမြဲလိုလို စားသုံးနေတာမျိုးတွေက ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေပြီး နောက်ဆက်တွဲအနေနဲ့ ရာသီသွေးဆင်းမှုအပေါ်မှာ အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။ 

အာဟာရမပြည့်ဝမှုက အီစထရိုဂျင်ဟော်မုန်းနဲ့ ပရိုဂျက်စတုန်းဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆယ်ကျော်သက် သမီးငယ်လေးတွေမှာ ရာသီသွေးဆင်းတာနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ခံစားရစေနိုင် ပါတယ်။ 


ရာသီသွေးဆင်းခြင်းနဲ့ သတိထားရမယ့်ကျန်းမာရေးပြဿနာများ!


ရာသီသွေးဆင်းနည်းလွန်းတာကလည်း မကောင်းသလို သွေးဆင်းများလွန်းတာကလည်း မကောင်းပါဘူး။ သွေးဆင်းများလွန်းတာက ခြေကုန်လက်ပမ်းကျစေနိုင်သလို မူးဝေတာ၊ ငြီးစီစီဖြစ်တာနဲ့ ရေရှည်မှာ သွေးအား နည်းတာကို ခံစားရနိုင်ပါတယ်။ 


အသက် ၁၅ နှစ် ပြည့်တဲ့အထိရာသီမလာဘူးဆိုရင် ဆရာဝန်နဲ့‌ သေချာလေး ပြသစစ်ဆေးဖို့ လိုပါမယ်။ နောက်တစ်ချက်ရှိတာက ရာသီစလာနေပြီဆိုပေမယ့် ၃ လလောက်ရာသီသွေး ပျောက်နေတာမျိုးဆိုရင် ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ သေချာလေး စစ်ဆေးသင့်ပါတယ်။ 


ရာသီသွေးဆင်းများလွန်းတာ (၂ နာရီခြားတစ်ခါလောက် လစဉ်သုံးလဲလှယ်နေရတာ)၊ ရာသီလာချိန်မှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာ၊ ရာသီသွေးဆင်းတာက ၇ ရက်ထက် ကျော်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကလေးကို သေချာလေး ကျန်းမာရေး စစ်ဆေးမှု လုပ်သင့်ပါတယ်။ 


မေမေတို့ ဘယ်လို ကူညီလို့ရမလဲ!


ဆယ်ကျော်သက် သမီးလေးတွေအနေနဲ့ ရာသီသွေးစဆင်းတဲ့ ၂ နှစ်လောက်မှာ ရာသီသွေးဆင်းရက အတိအကျမဖြစ်တာ၊ သွေးဆင်းတဲ့ ပမာဏ မတူတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကလေးကို ရာသီလာမယ့်ရက်ကို သေချာလေး ခန့်မှန်းတွက်ချက်နိုင်စေဖို့ ရာသီလာတဲ့ရက်ကို ရေးမှတ်ပေးထားတာမျိုး အပြင် အခုလို Application လေး သုံးပြီး စစ်ဆေးကြည့်လို့လည်း ရပါတယ်။


ရာသီလာတဲ့အခါမှာ စိတ်အနှောင့်အယှက်ကင်းစေဖို့ ကျောင်းလွယ်အိတ်ထဲမှာ အိတ်လေးတစ်ခုနဲ့ လစဉ်သုံးအပိုလေးတွေ ထည့်ပေးတာ၊ အတွင်းခံဘောင်းဘီလေးတွေ ထည့်ပေးတာ၊ လဲဝတ်လို့ရမယ့် အဝတ်အထည်တွေကို ထည့်ပေးထားတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။


ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့အတွက် ရေနွေးအိတ်ကပ်ပေးတာ၊ ရေနွေးနဲ့ရေချိုးစေတာ၊ အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးတာ၊ ရေလုံလောက်အောင် သောက်စေတာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လိုအပ်မယ်ဆိုရင် သံဓာတ်အားဖြည့်ဆေးလေး တိုက်ပေးလို့ ရပါတယ်။ 


Lotoshinn ရဲ့ စကားလက်ဆောင်


ရာသီသွေးဆင်းတာက ကျန်းမာစွာ အပျိုဖော်ဝင်လာပြီဆိုတဲ့ လက္ခဏာဖြစ်တာမို့ မေမေတို့အနေနဲ့ ကလေးကို ရာသီလာတာကို စိတ်ညစ်စရာလို့တွေးပြီး အာဟာရမဖြစ်တာတွေ စားတာမျိုး၊ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာ ဂရုမစိုက်တာမျိုးတွေ မလုပ်မိစေဖို့ သေချာလေး ဂရုစိုက်ပေးရင်း သိထားသင့်တာလေးတွေကို ပြောပြသင်ပေးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေရှင့် …..



ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!