ဝက်ခြံဆိုလည်း ကိုယ်တွေအမျိုးသမီးတွေမှာပဲပိုဖြစ်တယ်။ အမျိုးသားတွေမှာလည်း ဖြစ်တယ်ဆိုပေမယ့်လေ။ တင်းတိတ်လား၊ မှဲ့ခြောက်လားဆိုလည်း ကိုယ်တွေ အမျိုးသမီးတွေမှာက ၁၀၀ မှာ ၅၀ လောက်ဖြစ်ရင်တောင် အမျိုးသားတွေမှာတော့ ၁၀၀ မှာ ၁၀ ယောက်လောက်တောင် မဖြစ်ဘူးနော်။ ဒီတော့ စဉ်းစားမိတာတစ်ခုက အမျိုးသမီးလေးတွေက ဘာလို့များ အမျိုးသားတွေထက် အလှအပကို ထိခိုက်စေတဲ့ အရေပြားပြဿနာကို ပိုခံစားရတာလဲပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ ဒီအကြောင်းလေးကို ဆွေးနွေးပေးမယ်နော်။
အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာလို့ အသားအရေပြဿနာတွေကို ပိုခံစားရတာလဲ!
အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အသားအရေက နည်းလမ်းမျိုးစုံနဲ့ ကွာခြားနေပါတယ်။ အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် ပိုထူပါတယ်။ ဒါက အသက်အရွယ်တိုင်းမှာ ကွာခြားတာပါ။ အကြောင်းကတော့ ကျားဟော်မုန်းနဲ့ မဟော်မုန်းကွာခြားမှုတွေကြောင့် အမွေးအမျှင်ထူတာ၊ အဆီဂလင်းတွေ ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေ ဂလင်းတွေ ဖွံ့ဖြိုးမှုကြောင့် အသားအရေအခြေအနေက အမျိုးသားနဲ့ အမျိုးသမီးတွေ မှာ မတူကွဲပြားနေတာပါ။
အမျိုးသမီးလေးတွေမှာဆိုရင် အရေပြားအပေါ်ယံမှာရှိတဲ့ Barrier ပြန်လည်ကောင်းမွန်ချိန်က အမျိုးသားတွေ ထက် ပိုမြန်ပါတယ်။ အနာကျက်နှုန်းလည်းမြန်သလို ပိုးဝင်ကူးစက်မှုတွေကိုလည်း ကိုယ်ခံအားက တုံ့ပြန်နိုင်မှုက ပိုအားကောင်းပါတယ်။ ခန္ဓာဗေဒနဲ့ ရုပ်ပိုင်းဆိုင်ရာ ကွာခြားမှုတွေအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ အရေပြားရောဂါတွေကို ခံစားရမယ်ဆိုရင်လည်း ပြင်းထန်မှုတွေ မတူနိုင်ပါဘူး။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်စဉ်တွေ၊ အမွေးအမျှင်တွေပေါက်ရောက်တာ၊ ချွေးထွက်တာ၊ အဆီထုတ်လွတ်မှုပမာဏတွေ ကွာခြားသလို အရေပြားပေါ်က pH ပမာဏ၊ အဆီစုဝေးမှု၊ အဆီထွက်နှုန်းတွေ မတူကြပါဘူး။
အမျိုးသမီးတွေမှာဆိုရင် အရေပြားက ပိုပါးပြီး ဟော်မုန်းပြောင်းလဲမှုကိုလည်း မကြာခဏ ခံစားရပါတယ်။ ဒီအခြေအနေတွေကပဲ အမျိုးသမီးတွေရဲ့ အသားအရေက တုံ့ပြန်မှု လွန်ကဲပြီး အရေပြား ပြောင်းလဲမှုတွေ၊ အသားအရေ ပြဿနာတွေကို မကြာခဏ ခံဟားရတာပါ။
ဒါကြောင့်ပဲ ဘက်တီးရီးယား ကူးစက်ခံရမှုတွေမြင့်တက်နေပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများနေရတာပါ။ အမျိုးသမီးတွေက အရေပြားဓာတ်မတည့်မှုကို ခံစားရနိုင်ခြေ ပိုများသလို အရေပြားထိခိုက်လွယ်တာ၊ autoimmune ရောဂါတွေကို ခံစားရတာပါ။
အရေပြားပိုထူတယ် - အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် 10% ကနေ 20% ပိုထူပါတယ်။ ဒါကြောင့် ကော်လာဂျင် သိပ်သည်းဆက ပိုကောင်းသလို သဘာဝ barrier က ပိုပြီး ကာကွယ်ပေးနိုင်တာကြောင့် ပြင်ပက ထိတွေ့မိမှုတွေကြောင့် အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေရဲ့ အရေပြားထက် ပိုပြီး အသားအရေပြဿနာကို ခံစားရနိုင်ခြေ နည်းတာပါ။
အဆီထုတ်လွှတ်မှု - အမျိုးသားတွေက အဆီထုတ်လွှတ်မှု ပိုများပြီး ချွေးပေါက်တွေက ပိုကျယ်ပါတယ်။ ဒီအခြေအနေကပဲ အရေပြားကို အဆီပြန်စေပြီး အရေပြားမှာ ခြောက်သွေ့မှုကင်းစေဖို့အတွက် သဘာဝအဆီတွေကို ပိုထုတ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ အဆီထွက်ရှိမှု နည်းတာကြောင့် အရေပြားက ခြောက်သွေ့ပြီး အသားအရေကို ထိခိုက်ခံရနိုင်ခြေက များနေတာပါ။
ကော်လာဂျင် လျော့နည်းတာ - အမျိုးသမီးတွေက ကော်လာဂျင်လျော့နည်းမှုက အမျိုးသားတွေထက် ပိုမြန်သလို သွေးဆုံးခါနီးအချိန်တွေမှာလည်း အသားအရေကို ပုံမှန်ထက်ပိုမို ခြောက်သွေ့ပြီး ပါးလွှား စေဖို့ လှုံ့ဆော်ပေးပါတယ်။
ဟော်မုန်းပြောင်းလဲမှု ခံစားရမှု များတာ - အမျိုးသမီးတွေက ရာသီလာချိန်မှာ၊ ကိုယ်ဝန်ဆောင်ချိန်မှာနဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီး အမျိုးသမီးတွေရဲ့ အရေပြားပြောင်းလဲမှု တွေကို ခံစားရသလို အသားအရေမှာ ဝက်ခြံပေါက်တာကစလို့ တင်းတိတ်နဲ့ မှဲ့ခြောက်တွေကြောင့် လည်း အသားအရေပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတာပါ။
Autoimmune ခံစားရနိုင်ခြေ မြင့်နေတာ - အမျိုးသမီးတွေက Autoimmune ရောဂါတွေ ခံစားရနိုင်ခြေကို မြင့်တက်စေနိုင်သလို အရေပြားရောင်ရမ်းမှုကိုလည်း ပိုဆိုးစေပါတယ်။ ဒါ့အပြင် lupus ကို ခံစားရနိုင်ခြေလည်း ပိုမြင့်တက်နေပါတယ်။
အမျိုးသားတွေက ဟော်မုန်းပြောင်းလဲမှုကို ခဏခဏမခံစားရတာကြောင့် အမျိုးသမီးတွေလို အရေပြားပြဿနာတွေကို မခံစားရပေမယ့် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကို ရိတ်တာကြောင့် အရေပြားမှာ ကျိန်းစပ်စပ် ခံစားရနိုင်ခြေနဲ့ မအီမသာခံစားရနိုင်ခြေကလည်း ပိုများနေပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
အမျိုးသမီးလေးတွေက အမျိုးသားတွေထက် ဝက်ခြံနဲ့ တင်းတိပ်၊ မှဲ့ခြောက်တွေအပြင် အခြားသော အရေပြားပြဿနာတွေကို ခံစားရနိုင်ခြေ များတယ်ဆိုပေမယ့် ပုံမှန် အသားအရေလေးကို သေချာလေး ထိန်းသိမ်းမယ်ဆိုရင်တော့ အရေပြားပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!