လေဒီလေးတိုင်းမှာ အပျိုဖော်ဝင်လာချိန်မှာ ရာသီသွေးပေါ်တတ်ပေမယ့် တစ်ဦးနဲ့ တစ်ဦး ရာသီသွေးဆင်း တဲ့ရက်၊ သွေးတင်းတဲ့ ပုံစံတွေကတော့ မတူကြပါဘူး။ ဒီလိုမတူတာက ဘာကြောင့်များလဲ! ရာသီစက်ဝန်း အလေ့အထက မျိုးရိုးလိုက်တတ်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။
ရာသီစက်ဝန်း အလေ့အထက မျိုးရိုးလိုက်တတ်သလား!
ရာသီစက်ဝန်း အလေ့အထက မျိုးရိုးလိုက်တတ်သလား! ဆိုတော့ မျိုးရိုးလိုက်တတ်ပါတယ်။ မျိုးဗီဇက လေဒီလေး တစ်ယောက်ရဲ့ ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်နေတဲ့ အဓိကကျတဲ့အချက် တစ်ခုပါ။
ရာသီသွေးဆင်း စောတာ၊ နောက်ကျတာနဲ့ ရာသီသွေးဆင်းရက်ရှည်တာ၊ သွေးဆင်းရက် နည်းတာတွေက မျိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။
ဘယ်လောက်ထိ သက်ရောက်မှု ရှိနေသလဲ!
ရာသီသွေး စပေါ်တဲ့ အသက်အရွယ်
မျိုးဗီဇက အပျိုဖော်စဝင်တဲ့ အသက်အရွယ်အပေါ်မှာ ၆၀% ကနေ ၈၀% လောက်အထိ အကြမ်းဖျဉ်း သက်ဆိုင်နေတယ်လို့ ဆိုရပါမယ်။ လေ့လာမှုတွေအရ သိရတာက လေဒီလေးတွေရဲ့ အပျိုဖော်ဝင်တဲ့ အသက်အရွယ် အပေါ်မှာ သက်ရောက်နိုင်တဲ့ မျိုးဗီဇ ၁၀၀၀ ကျော်ရှိနေပါတယ်။ ဒီမျိုးဗီဇတွေက ကိုယ်တွင်းက ဟော်မုန်းတွေ ဖြစ်ကြတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။
ရာသီသွေးဆင်းရက်
ရာသီသွေးဆင်းရက်က အမျိုးသမီးလေးတွေမှာ (၃) ရက် (၅) ရက် (၇) ရက်ဆိုပြီး အသီးသီး ရှိပါတယ်။ ဒီလို ရာသီသွေးဆင်းရက် အတိုင်းအတာကလည်း မျိုးဗီဇနဲ့ သက်ဆိုင်မှု ရှိပါတယ်။
သွေးဆုံးချိန်
သွေးဆုံးချိန်ကလည်း လေဒီလေးတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာကလည်း မျိုးရိုးဗီဇကြောင့်ပါ။ မေမေတွေ ဘွားဘွားတွေက သွေးဆုံးချိန် စောမယ်ဆိုရင် ကိုယ်တိုင်မှာလည်း သွေးဆုံးချိန်စောတာမျိုး ဖြစ်နိုင်ပါ တယ်။ လက်ခံထားတဲ့ မျိုးဗီဇကိုလိုက်ပြီး လေဒီလေးတွေ တစ်ယောက်ချင်းစီမှာ သွေးဆုံးချိန် ကွာခြားနိုင်ပါ တယ်။
ရာသီစက်ဝန်းအပေါ် သက်ရောက်နေတဲ့ အခြားသောအချက်တွေက ဘာတွေဖြစ်မလဲ!
ရာသီစက်ဝန်းအပေါ် သက်ရောက်နေတဲ့ အခြားသောအချက်တွေကတော့ မီးယပ်ကျန်းမာရေးပြဿနာတွေ ကြောင့်ပါ။
အမျိုးသမီးကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သားဥအိမ်ထဲမှာ ရေအိတ်တည်တာ (PCOS)
သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း (သို့) သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်းတွေကြောင့်လည်း ရာသီသွေး မမှန်တာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ရာသီသွေးပျောက်တာတွေကို ခံစားရနိုင်ပါတယ်။
ဒီအချက်တွေနဲ့ မျိုးဗီဇတွေအပြင် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ၊ နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်လည်း ရာသီသွေးဆင်းတာ၊ သွေးဆင်းရက်တွေအပေါ်မှာ သက်ရောက်မှုတွေ အများကြီး ရှိနေပါတယ်။
နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ်အလေးချိန်တွေကလည်း ရာသီသွေးဆင်းမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။
အခြားသက်ရောက်နေတဲ့ အချက်တွေကတော့ -
ကလေးဘဝက BMI
ခန္ဓာကိုယ်က အဆီရာခိုင်နှုန်း
နေ့စဉ်စားသုံးနေတဲ့ အာဟာရဓာတ်တွေက အပျိုဖော်ဝင်စောတာ၊ နောက်ကျတာတွေကို ဖြစ်စေနိုင် သလို
စိတ်ဖိစီးမှုတွေ (ကာလရှည်ကြာ စိတ်ဖိစီးတာမျိုး၊ နေ့စဉ်တိုင်းမှာ စိတ်ဖိစီးမှုတွေကို ခံစားနေရမယ်)
ပတ်ဝန်းကျင်ဆိုင်ရာ အနေအထားတွေ (ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ၊ ဟော်မုန်းပြောင်းလဲတာတွေ) ကလည်း လေဒီလေးတွေရဲ့ ရာသီစက်ဝန်းပေါ်မှာ သက်ရောက်နိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီသွေးဆင်း မမှန်တာ၊ ရာသီသွေးဆင်းရက်ရှည်တာ တိုတာတွေက လေဒီလေးတွေရဲ့ လက်ခံရရှိတဲ့ မျိုးဗီဇနဲ့ အတော်လေး သက်ဆိုင်မှု ရှိနေပါတယ်။ ဒါကြောင့် နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ပြီး ရာသီစက်ဝန်းက ပုံမှန်ဖြစ်ရဲ့လား! ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေက ပုံမှန်ပဲလား! ရောဂါအခံတစ်ခုခုကြောင့်လားဆိုတာကို စစ်ဆေးကြည့်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!