ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတာမျိုးရှိသလို အချို့ကလည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်း ကိုက်တာတွေကို ခံစားရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ရာသီလာတဲ့အချိန်နဲ့ ရာသီအကြိုကာလမှာ ခံစားရတဲ့ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ရာသီလာချိန် ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ဘာလဲ!
ရာသီလာချိန်နဲ့ ရာသီအကြိုကာလမှာ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရတာမျိုးတွေ ရှိပါတယ်။ ရာသီလာချိန် မှာ ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရတာရဲ့ အဓိက အကြောင်းအရင်းက ကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း ကျဆင်းမှုကြောင့် ခံစားရတာပါ။ ရာသီမလာခင် အစောပိုင်းရက်တွေမှာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းတွေ စပြီးကျဆင်းလာပါတယ်။
အီစထရိုဂျင်ဆိုတာက မျိုးပွားစနစ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းက ဦးနှောက်ထဲမှာ ရှိတဲ့ chemical တွေအပေါ် သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ကတော့ နာကျင်မှုကို ခံစားသိရှိတဲ့ ဦးနှောက် အစိတ်အပိုင်းကိုပါ။ ဒါကြောင့်ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်းကျဆင်းသွားချိန်မှာ ခန္ဓာကိုယ်က နာကျင်မှုကို ခံစားသိရှိလွယ်ပြီး ခေါင်းတစ်ခြမ်းကိုက်တာ ခေါင်းကိုက်တာနဲ့ ရာသီလာချိန်နာကျင်ကိုက်ခဲတာကို ဖြစ်စေနီုင်ပါတယ်။
အီစထရိုဂျင်ကျဆင်းမှုနဲ့အတူ ဆီရီုတိုနင်ဟော်မုန်းကလည်း ကျဆင်းသွားပါတယ်။ ဒီအခြေအနေကပဲ နာကျင်မှုကို ဦးနှောက်က သိရှိခံစားလွယ်စေပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကို ခံစားရတာပါ။
ရာသီလာချိန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ နာကျင်ကိုက်ခဲမှုတွေကို ရာသီမလာချင် ၂ ရက်နဲ့ ရာသီအစောပိုင်း ၃ ရက်လောက်အထိကို ခံစားကြရပါတယ်။ ဒီလိုကာလတွေမှာ ခံစားရတဲ့ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲတာတွေက ရာသီလာချိန်မှာဖြစ်တဲ့ ဟော်မုန်းပြောင်းလဲမှု ကြောင့် ခံစားရတာပါ။
ဒီလိုရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ၊ ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတဲ့ အတိုင်းအတာက မတူနိုင်ပါဘူး။ အချို့တွေမှာက ဒီအခြေအနေကို ကုသဖို့ ခက်ခဲတတ်ပြီး အချို့တွေမှာတော့ သေချာလေး သက်သာအောင် မလုပ်မိဘူးဆိုရင်တော့ ၂၄ နာရီထက် ကျော်ပြီး နာကျင်ကိုက်ခဲမှုကို ခံစားနေရနိုင်ပါတယ်။
ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့
ရာသီလာချိန် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင်တော့ အခုလို နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။
ရာသီစက်ဝန်းကို သေချာလေး တွက်ချက်ပါ
ရာသီလာမယ့်ရက်ကို သေချာလေး တွက်ချက်ထားပါ။ ဒါမှ ခေါင်းကိုက်တာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အချိန်ရမှာပါ။ ရာသီလာမယ့်ရက်ကို Period Checker လေးနဲ့ တွက်ချက်တာ၊ ဖုန်းထဲမှာ မှတ်ထားတာမျိုးတွေ လုပ်ပါ။
ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါ
ရာသီလာချိန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေဖို့အတွက် ဘယ်ရက်တွေမှာ ခေါင်းကိုက်တာက အပြင်းထန်ဆုံးလဲဆိုတာကို သေချာလေး မှတ်ထားရင်း ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားဖို့ မမေ့ပါနဲ့။
အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝအိပ်ပါ
အိပ်စက်ချိန်ပြောင်းတာ၊ အိပ်စက်မှုပုံစံပြောင်းလဲတာတွေ၊ အရမ်းနောက်ကျမှ အိပ်တာ၊ ပုံမှန်ထက်အိပ်လွန်းတာတွေ၊ အိပ်ချိန်နည်းလွန်းတာတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်သလို ရာသီလာချိန်ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ချိန်မှန်မှန် အိပ်ဖို့ မမေ့ပါနဲ့။
ရေလုံလောက်အောင် သောက်ပါ
ရေလုံလောက်အောင်သောက်တာက ခေါင်းတစ်ခြမ်းကိုက်တာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင် ပါတယ်။ ရာသီသွေးဆင်းချိန်မှာ သွေးဆုံးရှုံးမှုနဲ့အတူ ဓာတ်ဆားဓာတ်မျှခြေပျက်မှုတွေကြောင့် ရေဓာတ် ခမ်းခြောက်မှုကို ပိုဆိုးစေသလို ရာသီလာချိန်ခေါင်းကိုက်တာနဲ့ နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့ကို ရေ ၂ လီတာဖြစ်အောင် သောက်ပါ။ သွားလေရာကို ရေဘူးပါအောင် ယူဆောင်သွားပါ။ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးပါ။
ဒါတွေကို လျှော့စားပါ
အချို့သော အစားအစာတွေက ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာ၊ နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့အတွက် ဒါတွေကို လျှော့စားပါ။
ကဖင်း
အယ်လ်ကိုဟော
အစပ်ကဲတဲ့ အစားအစာတွေ
ပြုပြင်ထားတဲ့ အချိုတွေ
နို့ထွက်ပစ္စည်းတွေ
ချောကလက်
အနံ့ပြင်းတဲ့ အစားအစာတွေ
စိတ်ဖိစီးမှုကို လျှော့ပါ
စိတ်ဖိစီးမှုက ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ဝင်လေထွက်လေမှတ်ရင်း စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
အာဟာရပြည့်ဝမျှတအောင် စားပါ
နေ့စဉ်တိုင်းမှာ အချိန်မှန်မှန် သေချာလေး စားပေးပါ။ အစားမမှန်တာက ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေနိုင်သလို ရာသီလာချိန်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ Omega-3 Fatty Acids ကြွယ်ဝတဲ့ ငါးနဲ့ ကမာလိုအရာတွေကို စားပေးပါ။
ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့နဲ့ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာချိန်နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေကို သက်သာစေဖို့အတွက် နေ့စဉ်တိုင်းမှာ နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ရေလုံလောက်အောင်သောက်ပြီး နေ့စဉ်စားသုံးမှုမှာ အသီးအရွက်တွေ များများ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!