အမျိုးသမီးကျန်းမာရေး
ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။
အရေးပေါ်တားဆေး အာနိသင်ထိရောက်ဖို့ ဘယ်လို သောက်ကြမလဲ!
အရေးပေါ်တားဆေးကို အမည်နာမ အမျိုးမျိုး၊ ဆေး တစ်လုံး၊ နှစ်လုံး စသဖြင့် အမျိုးမျိုး ကွဲပြားစွာ တွေ့ရနိုင်ပါ တယ်။ One safe pill၊ အရေးပေါ်သန္ဓေတားဆေး၊ Emergency Pill၊ Morning-After Pill ဆိုပြီး ခေါ်ဝေါ်မှုတွေ ပြောင်းသွားပေမယ့် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့ သောက်ရမယ့် အချိန်ကာလနဲ့ အညွှန်းကတော့ အတူတူပါပဲ။ အခုတစ်ခေါက်မှာတော့ အရေးပေါ်တားဆေး အာနိသင်ထိရောက်ဖို့ ဘယ်လို သောက်ကြမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ အရေးပေါ်တားဆေး ဆိုတာ ဘာလဲ! အရေးပေါ်တားဆေးဆိုတာက အရေးပေါ်သားဆက်ခြားနည်း တစ်မျိုးပါ။ အရေးပေါ်တားဆေးက ပုံမှန်စွဲသောက် ရတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ မတူပါဘူး။ အရေးပေါ်သန္ဓေတားသောက်ဆေးကို ပုံမှန်သုံးနေကျ တားဆေးက တစ်ခုခု လွဲချော်သွားတဲ့ အခြေအနေမျိုးနဲ့ မတော်တဆ အခြေအနေတွေအတွက် အသုံးပြုကြတဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ကာလရှည်ကြာ အသုံးပြုမယ့် သားဆက်ခြားနည်း အာနိသင် မရခင်မှာ ယာယီ အသုံးပြုကြတဲ့ သားဆက်ခြားနည်း တစ်မျိုးလို့လည်း ဆိုလို့ ရပါတယ်။ ဘယ်လို အခြေအနေမှာ အရေးပေါ်တားဆေးကို အသုံးပြုကြသလဲ! အရေးပေါ်တားဆေးက အမြဲစွဲသုံးနေရတဲ့ တားဆေးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးပေါ် အခြေအနေမှာတော့ အရေးပေါ်တားဆေးကို အသုံးပြုရပါတယ်။ သားဆက်ခြားနည်းလမ်း တစ်ရပ်ရပ်ကို အသုံးမပြုဘဲ အတူနေမိတဲ့ အခါမျိုး ကွန်ဒုံးလိုမျိုး သားဆက်ခြားနည်းလမ်းတစ်ရပ်ရပ်က ကျိုးပျက်သွားတဲ့ အခါမျိုး (ဥပမာ - ကွန်ဒုံး ပေါက်ပြဲသွားတာ၊ ပုံမှန်သောက်နေကျ တားဆေးသောက်ဖို့ မေ့သွားတာ၊ ဆေးထိုးရမယ့် ရက်ကျော်နေတာကို သတိမထားမိဘဲ အတူနေလိုက်မိတာမျိုးတွေပါ) ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတဲ့အခါမျိုးတွေမှာပါ။ အရေးပေါ်တားဆေး အာနိသင်ထိရောက်ဖို့ ဘယ်လို သောက်ကြမလဲ! အရေးပေါ်သန္ဓေတားဆေးကို သောက်တော့မယ်ဆိုရင်တော့ သိထားရမယ့် အချက်တစ်ခုက အကာအကွယ် မပါဘဲ ဖြစ်ဖြစ် အလိုမတူဘဲ ကိုယ်လက်နှီးနှောခံရတဲ့ အခြေအနေမျိုး ပြီးတဲ့နောက် မြန်နိုင်သမျှ အမြန်ဆုံး သောက်မိဖို့ပါ။ အရေးပေါ်တားဆေးကို အာနိသင် ထိရောက်မှု ရှိဖို့ဆိုရင် အကာအကွယ်မဲ့ အတူနေပြီး ၂၄ နာရီအတွင်းမှာ သောက်ဖြစ်ဖို့နဲ့ အန်ထွက်သွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ပါ။ အရေးပေါ်တားဆေး သောက်ဆေး တစ်ခုစီတိုင်းမှာ မတူညီတဲ့ အချိန်ကန့်သတ်ချက်တွေ ရှိတာကြောင့် ဆေးဘူးခွံ ဒါမှမဟုတ် ဆေးကတ်မှာပါတဲ့ ဆေးညွှန်းကို သေချာဖတ်ပြီး အတိအကျ လိုက်နာ သောက်သုံးဖို့ အကြံပြုလိုက်ပါရစေ။ အရေးပေါ်သန္ဓေတားဆေးရဲ့ ထိရောက်မှုကို တိတိကျကျ တိုင်းတာသိရှိနိုင်ဖို့ ခက်ခဲပါတယ်။ ထိရောက်မှုက အတူနေပြီး အချိန် ဘယ်လောက်မြန်မြန်အတွင်း အရေးပေါ်တားဆေးကို သောက်ဖြစ်လဲဆိုတဲ့ အချက်အပေါ်မှာ လည်း မူတည်နေပါတယ်။ အရေးပေါ်သန္ဓေတားဆေးကို သောက်သုံးကြတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁ ယောက် သို့မဟုတ် ၂ ယောက်က ကိုယ်ဝန်ရရှိနိုင်ခြေ ရှိပါတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဘာတွေသိထားဖို့ လိုမလဲ! အရေးပေါ်သန္ဓေတားသောက်ဆေးကို သောက်တဲ့အခါ ထိရောက်မှု ရှိစေဖို့ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါကတော့ အရေးပေါ်တားဆေးကို သောက်တဲ့အခါ အော့အန်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ၂ နာရီအတွင်းမှာ ဆေးကို ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်တားဆေးသောက်ထားရက်နဲ့ ရာသီသွေးပေါ်ရမယ့်ရက်က ရက်သတ္တပတ် တစ်ပတ်၊ ၇ ရက်ကြာ နောက်ကျနေတာမျိုး ဖြစ်မယ်ဆိုရင်တော့သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ အရေးပေါ်တားဆေး အာနိသင်ထိရောက်ဖို့ ဘယ်လို သောက်ကြမလဲ![/caption] ဘယ်လိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ! အရေးပေါ်တားဆေးကို သောက်တဲ့အခါ သိပ်မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ ခေါင်းကိုက်တာ မအီမသာဖြစ်တာ အော့အန်တာ ခြေကုန်လက်ပမ်းကျတာ ညီးစီစီဖြစ်တာ ရင်သားတွေတင်းတာ ရာသီစက်ဝန်းပြောင်းလဲတာမျိုး (ရာသီသွေးဆင်း နည်းတာ၊ များတာ၊ သွေးပေါ်နောက်ကျတာ၊ စောတာမျိုးတွေ) ဗိုက်အောင့်တာ ဆီးစပ်ကိုက်တာ ခါးနာတာ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးလေးတွေကို သက်သာစေဖို့ဆိုရင်တော့ အနားယူတာ၊ ရေများများ သောက်တာ၊ သက်တောင့်သက်သာဖြစ်စေမယ့် ချွေးခံထည်တွေကို ဝတ်တာ၊ အကိုက်အခဲပျောက်ဆေး သောက်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ပုံမှန်အားဖြင့်ကတော့ အရေးပေါ်သန္ဓေတားဆေးတွေက ဘေးကင်းစိတ်ချရတယ်ဆိုပေမယ့် တစ်ခါတလေ မှာတော့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ အရေးပေါ်တားဆေးက ကလေးရနိုင်စွမ်းအပေါ်မှာ ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ အရေးပေါ်သန္ဓေတား သောက်ဆေးက ထိရောက်မှု နည်းနိုင်ပါတယ်။
သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါ
သားဆက်ခြားပါလို့ ပြောလိုက်ရင် တော်တော်များများ ခေါင်းထဲကို အရင်ဆုံး ဝင်လာတဲ့ အတွေးက ဒါက အိမ်ထောင်တစ်ခုမှာဆိုရင် အမျိုးသမီးတွေ လုပ်ရမယ့် အလုပ်လို့ပေါ့။ သားဆက်ခြားမှုအတွက် ကုသမှုကို ခံယူရသူတွေက အမျိုးသမီးတွေ ဆိုပေမယ့် သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီးတော့ ပြောပြပေးမယ်နော်။ သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါ အိမ်ထောင်တစ်ခုကို တည်ထောင်ရာမှာ အမျိုးသားနဲ့ အမျိုးသမီး အတူတကွပါဝင်သလို မိသားစုစီမံကိန်း တစ်ခုကို အတူတူ ထူထောင်ရာမှာလည်း အမျိုးသားရော အမျိုးသမီးနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီလိုပြောရတာက သားဆက်ခြားနည်းလမ်းတစ်ခုခုကို အမျိုးသားနဲ့ အမျိုးသမီး အတူတူတိုင်ပင်ရွေးချယ်ဖို့ လိုသလို အချို့သော သားဆက်ခြားနည်းလမ်းတွေကို အမျိုးသားတွေက ဆောင်ရွက်ပေးလို့ ရပါတယ်။ အမျိုးသမီးတွေအတွက်က တော်တော်များများ သိပြီးသားဖြစ်တဲ့ သားဆက်ခြားနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ရတဲ့ လစဉ်သုံးတားဆေး သောက်တာမျိုး၊ ၃ လခံ သန္ဓေတားဆေး ထိုးတာမျိုး၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာမျိုးနဲ့ သားကြောဖြတ်တာမျိုးတွေကို လုပ်ပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ကတော့ သားကြောဖြတ်တာမျိုး လုပ်လို့ ရသလို ကွန်ဒုံးသုံးတာမျိုးလည်း လုပ်လို့ ရပါတယ်။ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်တဲ့အခါမှာလည်း အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိတဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုမှာ ဖြစ်သလို အမျိုးသားအတွက် အဆင်ပြေမယ့် နည်းလမ်းတွေကို သေချာလေး တိုင်ပင်ရွေးချယ်ဖို့ လိုပါမယ်။ သားဆက်ခြားတာက အမျိုးသမီးတစ်ဦးတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါ[/caption] ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေမလဲ! သားဆက်ခြားမှုမှာ အမျိုးသားတွေ ပါဝင်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ Safe Sex ကို ဖြစ်စေတယ် သားဆက်ခြားမှုမှာ နှစ်ဦးစလုံး ပါဝင်တာက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိစေတယ် သားဆက်ခြားနည်းမှာ အမျိုးသားတွေပါ ပါဝင်ပေးခြင်းက အိမ်ထောင်ရှင်တွေကြားမှာ ပွင့်လင်းပြီး ပိုမိုချစ်ခင်တန်ဖိုးထားတဲ့ ဆက်ဆံရေးကို ရရှိစေမှာပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးနိုင်မယ် သားဆက်ခြားမှုမှာ အမျိုးသားတွေက တတ်နိုင်တဲ့ဖက်က ပါဝင်ပေးခြင်းက မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးပေးနိုင်မှာပါ။ တားဆေးကို ပုံမှန်သောက်ဖို့ သတိပေးတာမျိုး ဆေးထိုးရမယ့်ရက်မှာ ဆေးလိုက်ထိုးပေးတာနဲ့ IUD နဲ့ Implant တွေ လဲလှယ်ရမယ့် ရက်တွေကို မှတ်ထားပေးပြီး ဆေးခန်းကို အတူလိုက်ပေးတာမျိုးကလည်း အိမ်ထောင်ရှင်တွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိစေမှာပါ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ထူထောင်နိုင်မှာပါ သားဆက်ခြားမှုမှာ အမျိုးသားတွေပါ ပါဝင်ပေးခြင်းက မိသားစု အစီအစဉ်တွေကို ကောင်းစွာရေးဆွဲစေနိုင်ဖို့ ထောက်ကူပေးနိုင်သလို ကလေးတွေကို ထိုက်သင့်တဲ့ ကာလအပိုင်းအခြားကို ခြားပြီးမှ မွေးဖွားရင်း ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ပျိုးထောင်ပေးနိုင်မှာပါ။ Lotoshinn ရဲ့ စကားလက်ဆောင် သားဆက်ခြားတာကို အမျိုးသားတွေပါ ပါဝင်လုပ်ဆောင်ပေးခြင်းက ပိုမိုနားလည်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိစေဖို့ တားဆီးပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို ချစ်ခင်မြတ်နိုးကြောင်း ပြသတဲ့အနေနဲ့ သားဆက်ခြား နည်းမှာ အမျိုးသားတို့အနေနဲ့ မိမိတို့ တတ်နိုင်တဲ့ဖက်က ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။