မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံအတွက် ဖြေရှင်းနည်း
အထွေထွေ

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံအတွက် ဖြေရှင်းနည်း

Admin

📅 06.08.2025

ဝက်ခြံလို့ ပြောလိုက်ရင် တော်တော်များများ တွေးမိနိုင်တာက မျက်နှာမှာပဲ ပေါက်တယ်လို့ပေါ့။ တကယ်ကတော့ ဝက်ခြံဆိုတာက မျက်နှာမှာတင် မဟုတ်ဘဲ ချွေးပေါက်လေးတွေ မွေးညှင်းပေါက်လေးတွေ ရှိနေတဲ့ အရေပြားရဲ့ မည့်သည့်နေရာမှာ မဆိုဖြစ်နိုင်ပါတယ်။ ပြောချင်တာကတော့ မျက်နှာမှာတင် မဟုတ်ဘဲ နောက်ကျော၊ တင်ပါးစတဲ့နေရာတွေနဲ့ မိန်းမကိုယ်လိုမျိုး နေရာတွေမှာပါ ဝက်ခြံတွေ ဖြစ်နိုင်တယ်ဆိုတာပါ။ ဒါဆိုရင် မျက်နှာမှာဝက်ခြံဖြစ်ရင်တော့ Facial Cleanser နဲ့ သစ်တယ်၊ Toner သုံးပြီးချွေးပေါက်လေးတွေ ပွင့်အောင်လုပ်တယ် စသဖြင့် နည်းလမ်းတွေကို သုံးတယ်ဆိုတော့ မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံကိုရော ဒီလိုနည်းလမ်းတွေနဲ့ ဖြေရှင်းရမှာလားဆိုတော့ မဟုတ်ပါဘူးနော်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လေဒီလေးတွေအတွက် မိန်းမကိုယ်မှာ ဝက်ခြံပေါက်ရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တတ်လို့လား!

မိန်းမကိုယ်ဆိုတာ နူးညံ့တဲ့အစိတ်အပိုင်းဖြစ်သလို ပိုးဝင်ကူးစက်ခံရနိုင်ခြေ များတဲ့ ထိခိုက်လွယ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ မိန်းမကိုယ် ဝက်ခြံက မိန်းမကိုယ် အပြင်ဘက်မှာပေါက်တတ်ပြီး မွေးညှင်းပေါက်တွေ၊ အဆီဂလင်းတွေ ပိတ်သွားတာကြောင့် ဖြစ်လာတာပါ။ မိန်းမကိုယ်မှာ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ခုကတော့ မိန်းမကိုယ် ဝက်ခြံပါ။ သေးငယ်ပြီး နီရဲနေတတ်သလို ပြည်လေးတွေ စုနေတာမျိုး အနေနဲ့လည်း တွေ့ရနိုင်ပါတယ်။ မိန်းမကိုယ် ဝက်ခြံက အရွယ်အစား၊ အရောင်နဲ့ ပုံစံတွေ ကွာခြားတာမျိုး ရှိနိုင်ပေမယ့် နာကျင်တာ၊ ရောင်ရမ်းတာ၊ ယားယံတာမျိုးနဲ့ နေရထိုင်ရ မသက်သာတာမျိုး ခံစားရတာတော့ လေဒီလေးတိုင်းမှာ ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်ဝက်ခြံ ဘာကြောင့်ဖြစ်တာလဲ!

မိန်းမကိုယ်မှာ ဝက်ခြံပေါက်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ - အတွင်းပြန်ပေါက်တဲ့ အမွေးတွေကြောင့် ဖြစ်တာ - ဆီးခုံမွေးရိတ်တာကြောင့် ဖြစ်ရတာ - အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ အတွင်းခံတွေကို လျှော်ဖွတ်တာ - ဟော်မုန်းပြောင်းလဲတာ - လစဉ်သုံးပစ္စည်းတွေကြောင့် ဖြစ်တာ - ချောဆီတွေ - ကွန်ဒုံးတွေ - သုက်ပိုး - အမွှေးနံ့ပါတဲ့ ရေချိုးဆပ်ပြာတွေကြောင့် ဖြစ်တာ - အတွင်းခံကျပ်ကျပ်တွေ ဝတ်တာ - သန့်ရှင်းမှု မရှိတဲ့ ချိုးရေကြောင့် စတဲ့ အကြောင်းအရင်းတွေကြောင့် မိန်းမကိုယ်မှာ ဝက်ခြံတွေ ပေါက်နိုင်ပါတယ်။

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံအတွက် ဖြေရှင်းနည်း

နေရထိုင်ရ မအီမသာဖြစ်စေတဲ့ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တဲ့အခါ အခုလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။  - ရေနွေးဝတ်နဲ့ ကပ်ပါ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တဲ့အခါ အရောင်ကစေဖို့နဲ့ နေရထိုင်ရ သက်တောင့်သက်သာ မဖြစ်တာကို သက်သာစေဖို့နဲ့ အနာကျက်တာကို မြန်စေဖို့အတွက် ရေနွေးဝတ်လေး ကပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာ က သွေးလည်ပတ်မှု ကောင်းစေပြီး မိန်းမကိုယ်ဝက်ခြံကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  - လက်ဖက်ဆီ လိမ်းပေးပါ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ လက်ဖက်ဆီက ဝက်ခြံရောင်ရမ်းတာကို သက်သာစေသလို ဝက်ခြံ ပိုးဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဂွမ်းစလေးမှာ လက်ဖက်ဆီကို စွတ်ပြီး ဝက်ခြံကို တို့ပေးလို့ ရပါတယ်။  - ရှားစောင်းလက်ပပ်ဂျယ်လီသား ကပ်ပေးပါ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံကို သက်သာစေဖို့ဆိုရင် အစေးထုတ်ထားတဲ့ ရှားစောင်းလက်ပပ် အတွင်းသားကို ခပ်ပါးပါးလေး လွှာပြီး ကပ်ပေးလို့ ရပါတယ်။  - တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပေးတာက မိန်းမကိုယ်သန့်ရှင်းစေဖို့ ထောက်ကူပေးနိုင်သလို မိန်းမကိုယ်ဝက်ခြံတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။  - ပန်းသီးရှာလကာရည်နဲ့ တို့ပေးပါ မိန်းမကိုယ်က ဝက်ခြံတွေကို သက်သာစေဖို့အတွက် ပန်းသီးရှာလကာရည်နဲ့ ရေသန့်သန့်ကို ဆတူရောပြီး ရောထားတဲ့အရည်ကို ဂွမ်းစလေးမှာစွတ်ပြီး ဝက်ခြံကို တို့ပေးလို့ ရပါတယ်။ ဒီနည်းလမ်းလေးတွေကို သုံးပြီး ချည်သားပွပွချောင်ချောင်တွေ ဝတ်ဆင်လို့ လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်မယ်ဆိုရင်တော့ ဝက်ခြံတွေ သက်သာသွားမှာပါ။

ဘယ်လိုကာကွယ်ရမလဲ!

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ မဖြစ်စေဖို့ ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါကတော့ - - အတွင်းခံတွေ ဘောင်းဘီ၊ စကတ်ကျပ်ကျပ်တွေ ဝတ်တာမျိုး ရှောင်ပါ - ချည်သားနဲ့ လုပ်ထားပြီး လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံကို ဝတ်ဆင်ပါ - မိန်းမကိုယ်တဝိုက်ကို ဆပ်ပြာပျော့ပျော့လေးနဲ့ ဆေးကြောပါ - ချွေးစိုတာနဲ့ အတွင်းခံတွေကို လဲဝတ်ပါ - ဆီးခုံမွေးတွေကို ရိတ်မယ့်အစား တိပေးပါ - ရာသီလာချိန်မှာ လစဉ်သုံးတွေကို မကြာခဏလဲပေးပါ။ ဒီနည်းလမ်းတွေကို လိုက်နာပြီး မိန်းမကိုယ် ဝက်ခြံမဖြစ်အောင် ကာကွယ်ထားလို့ ရပါတယ်။

ဘယ်အချက်တွေ သတိထားရမလဲ!

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တဲ့အခါ ညှစ်တာ၊ ကုတ်တာ၊ ဆိတ်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ရောင်ရမ်းမှုကို ပိုဆိုးစေပြီး ပိုးဝင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံက မခံမရပ်နိုင်အောင် နာကျင်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ပါရာစီတမော၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။ အချို့သော အခြေအနေတွေမှာ salicylic acid ဒါမှမဟုတ် benzoyl peroxide လိမ်းပေးလို့ ရပါတယ်။

ဆရာဝန်နဲ့ပြသပေးပါ

ဒီလိုအခြေအနေတွေဆိုရင် နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ - ရက်အတော်ကြာတဲ့အထိ ဝက်ခြံက မသက်သာဘဲ ဖြစ်နေမယ်။ ပိုဆိုးလာမယ်ဆိုရင် - ပြင်းပြင်းထန်ထန် နာကျင်မယ်၊ အဖျားတက်မယ်၊ ချမ်းတုန်မယ်၊ ပြန်ရည်ကျိတ်တွေ ရောင်တာမျိုး ဖြစ်မယ်ဆိုရင် - ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာမျိုး ဖြစ်မယ်ဆိုရင် - ပိုးဝင်ကူးစက်ခံရတယ်လို့ သံသယရှိမယ်ဆိုရင် အမြန်ဆုံး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။

Lotoshinn ရဲ့ စကားလက်ဆောင် မိန်းမကိုယ်မှာ ဝက်ခြံထွက်တာက သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ရောင်ရမ်းပိုးဝင်တာတွေ ဖြစ်စေနိုင်သလို မွေးကျွတ်နာ၊ မွေးညှင်းပေါက်တွေ ရောင်ရမ်းပြည်တည်တာတွေ ဖြစ်စေနိုင်သလို လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်တာမို့ သေချာလေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း လေ့ကျင့်ခန်း လုပ်ပြီးတိုင်းမှာ ရေချိုးသန့်စင်ပြီး အတွင်းခံတွေကို လဲလှယ်ပေးဖို့ မမေ့ပါနဲ့နော်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!