ရာသီလာတဲ့အခါ သွေးတွေအများကြီး ဆုံးရှုံးသွားတာလား!
အထွေထွေ

ရာသီလာတဲ့အခါ သွေးတွေအများကြီး ဆုံးရှုံးသွားတာလား!

Admin

📅 19.06.2025
ရာသီလာတာက လစဉ်တိုင်းမှာ လေဒီလေးတွေ တွေ့ကြုံရတဲ့ အခြေအနေတစ်ရပ်ပေါ့။ ဒီလိုရာသီလာချိန်မှာ (၃) ရက်၊ (၅) ရက်၊ (၇) ရက်စသဖြင့် အမျိုးမျိုး ကွာခြားကြတာမျိုးတွေ ရှိပါတယ်။ ဒီနေရာမှာ တွေးစရာ ရှိတာက ရာသီလာချိန်မှာ ရက်တွေ ရှည်လေလေ ကိုယ်ထဲက သွေးတွေ ပိုပြီး ဆုံးရှုံးသွားမလားဆိုတာနဲ့ ရာသီသွေး ဆင်းချိန်မှာ လစဉ်သုံးတွေက တစ်နေ့ထဲကိုတင် ၃ ခုလောက်လဲရတာမျိုးဆိုတော့ ရာသီလာတဲ့အခါ သွေးတွေအများကြီး ဆုံးရှုံးသွားတာလား!  ဆိုတာပေါ့။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို အခုတစ်ခေါက် ဆောင်းပါးလေးကနေ ဖြေပေးသွားပါမယ်နော်။ 

ရာသီလာချိန်မှာ သွေးတွေ အများကြီး ဆုံးရှုံးသွားတာလား!

ရာသီလာချိန်မှာ သွေးတွေအများကြီးဆင်းသွားတယ်လို့ မြင်နေရပေမယ့် တကယ်ကတော့ ရာသီလာချိန်မှာ လေဒီလေးတွေရဲ့ ကိုယ်ထဲကနေ ဆုံးရှုံးသွားတဲ့ သွေးပမာဏက မီလီလီတာ ၃၀ ကနေ မီလီလီတာ ၄၀ ခန့် ( မြင်သာအောင် ပြောပြရရင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်) ပဲ ဆုံးရှုံးသွားတာပါ။  ရာသီသွေးဆင်းများတဲ့သူတွေမှာဆိုရင်တော့ ရာသီလာချိန်မှာ ကိုယ်တွင်းကနေ သွေးပမာဏက မီလီလီတာ ၈၀ နဲ့ အထက်လောက် ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ရာသီသွေးဆင်းများတဲ့အခြေအနေဆိုတာက ရာသီလာချိန်က ၇ ရက်ထက် ပိုပြီးကြာနေတာမျိုးနဲ့ တစ်နာရီခြားတစ်ခါလောက် လစဉ်သုံးကို လဲလှယ်နေရတဲ့ အခြေအနေမျိုးပါ။ ရာသီလာချိန်မှာ သွေးတွေအများကြီးဆင်းသွားတယ်လို့ ယူဆစရာရှိတာက ရာသီလာချိန်မှာ ရာသီသွေးနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့ ပြင်ဆင်ထားတဲ့ သားအိမ်အတွင်းနံရံတစ်ခုလုံးက သန္ဓေအောင်မှု ဖြစ်စဉ် မအောင်မြင်ချိန်မှာ ရာသီသွေးအဖြစ် သွေးတွေ၊ အကျိအချွဲတွေအနေနဲ့ ခန္ဓာကိုယ်ပြင်ပကို ဆင်းလာတာပါ။  ရာသီသွေးမှာ တကယ်တမ်းက သွေးက လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ဇွန်းလောက်ပဲ ပါဝင်နေတာဖြစ်ပြီး ကျန်တာတွေက သားအိမ်အတွင်းနံရံက အမြှေးပါးလေးတွေပါ။ ဒါကြောင့် ရာသီလာနေချိန်မှာ ရာသီသွေးအနေနဲ့ ဆုံးရှုံးသွားတဲ့ သွေးတွေက အများကြီး မဟုတ်ပါဘူး။ ပုံမှန် အခြေအနေဆိုရင်တော့ ရာသီသွေးကနေတဆင့် ကိုယ်တွင်းက သွေးတွေ အများကြီးကို ဆုံးရှုံးသွားတာမျိုး မဟုတ်ပါဘူး။  အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း ကွာခြားတာမျိုး ရှိတာကြောင့် ရာသီသွေးဆင်းတဲ့ ပမာဏ ပြောင်းလဲတာမျိုးတော့ ရှိနိုင်ပါတယ်။ 

ရာသီသွေးဆင်းများနေတာလား!

ရာသီသွေးဆင်းများနေရင်တော့ သွေးဆုံးရှုံးနိုင်ခြေ များတာမျိုးတော့ ရှိပါတယ်။ ဘယ်လို အခြေအနေမှာ သွေးဆင်းများနေပြီလို့ ဆိုနိုင်မလဲဆိုတော့ - 
  • ရာသီသွေးဆင်းတဲ့ရက်က (၇)ရက်ထက် ပိုများနေတာ 
  • လစဉ်သုံးပစ္စည်းကို  တစ်နာရီခြား တစ်ခါလောက် လဲလှယ်ဖို့ လိုအပ်နေတာ
  • လစဉ်သုံးကို ၂ ခုထပ်ပြီး သုံးဖို့ လိုတဲ့ အခြေအနေမျိုးဖြစ်နေတာ
  • သွေးခဲတွေဆင်းတာ
  • ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူမဝတာမျိုးဖြစ်တာ
  • ညဘက်တွေမှာပါ လစဉ်သုံးကို လဲဖို့ လိုတာမျိုးတွေပါ။

ရာသီသွေးဆင်းများတဲ့ ကျန်းမာရေး အခြေအနေများ

ရာသီသွေးဆင်းများတာအပြင် ကိုယ်တွင်းကနေ သွေးဆုံးရှုံးနိုင်ခြေကို တိုးစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ ကျန်းမာရေး အခြေအနေတွေပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ သားအိမ်တွင်း အလုံးတည်နေတာ၊ သားအိမ်တွင်း ရေအိတ်တည်တာ မျိုးကလည်း သွေးဆင်းများတာမျိုး ဖြစ်စေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကတော့ ဟော်မုန်း အပြောင်းအလဲမြန်တာပါ။ ဟော်မုန်း အတက်အကျ မြန်တာကလည်း ရာသီသွေးဆင်းမှုအပေါ် သက်ရောက်မှု ရှိနေပါတယ်။  တကယ်လို့ ရာသီသွေးဆင်းတာက ပုံမှန် မဟုတ်ဘူးလို့ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြကြည့်ဖို့ လိုပါမယ်။ 
Lotoshinn ရဲ့ စကားလက်ဆောင် ရာသီသွေးဆင်းတာက လေဒီလေးတွေအတွက် ကျန်းမာတဲ့ ပြယုဂ်ဆိုပေမယ့် သွေးဆင်းများတာက သွေးအားနည်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။  ဒါကြောင့် ရာသီသွေးဆင်းချိန်မှာ ၁ နာရီခြား တစ်ခါ ဒါမှမဟုတ် ၂ နာရီခြား တစ်ခါလာက် လစဉ်သုံးကို လဲလှယ်နေရပြီဆိုရင်တော့ ရာသီသွေးဆင်းတာက ပုံမှန်ထက် ပိုများနေပြီလို့ ဆိုလို့ ရတာကြောင့် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!