ဇရာကြောင့် ရာသီစက်ဝန်းပြောင်းနိုင်လား!
အထွေထွေ

ဇရာကြောင့် ရာသီစက်ဝန်းပြောင်းနိုင်လား!

Admin

📅 17.07.2026


ဇရာကြောင့် ရာသီစက်ဝန်ပြောင်းနိုင်လား! အသက်ရလာလို့ထင်တယ် ရာသီသွေးဆင်းတဲ့ရက် တစ်လနဲ့တစ်လ မမှန်ဘူးဖြစ်လာတယ်။ သွေးဆင်းတဲ့ပမာဏကလည်း နည်းနည်းလာတယ်ဆိုပြီး စိုးရိမ်နေတဲ့ လေဒီလေးတွေ ရှိလား! ဒါဆိုရင်တော့ ဒီအကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ 


ဇရာကြောင့် ရာသီစက်ဝန်းပြောင်းနိုင်လား!


အသက်အရွယ်ရလာချိန်မှာ ရာသီစက်ဝန်းက တိုတိုလာတာ ရက်တွေမမှန်တာမျိုးတွေတွေ့ကြုံရနိုင်သလို ရာသီသွေး ဆင်းတာ နည်းလာတာ၊ သွေးဆင်းများလာတာ၊ အရင်လောက် မနာကျင်တော့တာမျိုးရှိနိုင်သလို ရာသီစက်ဝန်းက အရင်ကထက် ပိုတိုလာတာ၊ ပိုရှညလာတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ 


ရာသီစက်ဝန်းက ရုတ်တရက်ကြီး ၂၈ ရက်စက်ဝန်းကနေ ရက်၄၀ စက်ဝန်းအဖြစ် ပြောင်းသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါက ဘာကို ဖော်ပြသလဲဆိုတော့ မျိုးဥကြွေတာ နောက်ကျတာ၊ ထိမ်သွားတာမျိုးတွေ ဖြစ်နေပြီ ဆိုတာကို ဖော်ပြနေတာပါ။ ဒီအချက်အပြင် စိတ်ဖိစီးမှုများလွန်းနေတာ၊ ရုတ်တရက် ကိုယ်အလေးချိန် ပြောင်းသွားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ၊ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို ရပ်လိုက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။


အချို့သောအခြေအနေတွေမှာ အမျိုးသမီး ကျန်းမာရေးပြဿနာလို့ ဆိုရမယ့် သားဥအိမ်ရေအိတ်တည်တာ (PCOS) နဲ့ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း ရာသီစက်ဝန်းပြောင်းလဲတာ၊ ရာသီသွေးဆင်းတာ ပြောင်းသွားတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 


  • ဟော်မုန်းမမျှတတာ - အစောပိုင်းက ပြောပြခဲ့သလိုမျိုး သားဥအိမ်ရေအိတ်တည်တာ (PCOS) ခံစားနေရမယ်ဆိုရင် ကိုယ်တွင်းက ပရိုဂျက်စတုန်းနဲ့ အီစထရိုဂျင် ပမာဏကို ဟန်ချက်ပျက်စေပြီး သားဥအိမ်က သားဥလေးတွေ ထုတ်လုပ်တာကို တားဆီးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ပြဿနာတွေ ခံစားနေရမယ်ဆိုရင်လည်း ရာသီစက်ဝန်းရဲ့ ဟော်မုန်း ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ 


  • နေထိုင်မှုပုံစံ - နေ့စဉ်နေထိုင်မှုပုံစံတွေလို့ ဆိုရမယ့် စိတ်ဖိစီးမှု သိသိသာသာ မြင့်တက်နေတာ၊ ကိုယ်အလေးချိန် သိသိသာသာ တက်လာတာ၊ ကျသွားတာ၊ အိပ်ရေးပျက်တာများတာ၊ ကိုယ်လက်လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် လုပ်တာတွေကလည်း ကော်တီစော ပမာဏကိုတိုးစေပြီး သားဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။


  • သားဆက်ခြားနည်းလမ်းတွေ - သားဆက်ခြားနည်းလမ်း တစ်ခုခုကို စသုံးတာ၊ ပြောင်းသုံးတာ၊ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို ရပ်လိုက်တာကလည်း ရာသီစက်ဝန်းရဲ့ ကာလအပိုင်းအခြားကို သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။ (ရာသီလာနေကျရက် အတိုင်းမလာတော့တာမျိုးကို ဖြစ်စေနိုင်ပါတယ်။)


  • အသက်အရွယ် အပိုင်းအခြား - တကယ်လို့ အသက်က ၄၀ ဝန်းကျင်ဖြစ်လာပြီဆိုရင်လည်း သွေးဆုံးချိန်ရဲ့ အစောပိုင်းကာလဖြစ်တာကြောင့် ရာသီစက်ဝန်းပြောင်းလဲတာကို ခံစားရနိုင်ပါတယ်။ 


သတိထားရမယ့် အနေအထား


ရာသီစက်ဝန်းပြောင်းလဲမှုက အမြဲလိုလို ဖြစ်နေမယ်။ ရာသီသွေးဆင်းရက်တွေ ရှည်နေမယ်။ ဒီအချက်တွေနဲ့အတူ ရာသီလာတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာ၊ အမွေးအမျှင်တွေ ပုံမှန်ထက် ထူပြီး ထွက်လာတာ၊ ပုံမှန်မဟုတ်ဘဲ သွေးအများကြီးဆင်းတာမျိုးတွေ ခံစားရမယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက် စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။ 


ကိုယ့်ရဲ့ ရာသီစက်ဝန်းကို ကိုယ်တိုင်သိရှိနိုင်ဖို့ Period Checker လေးမှာ တွက်ချက်ကြည့်လိုက်နော်။


Lotoshinn ရဲ့ စကားလက်ဆောင်


အမျိုးသမီးတစ်ယောက်ရဲ့  ရာသီစက်ဝန်းက ကျန်းမာရေးကို အများကြီး ဖော်ပြပေးနေတာပါ။ လစဉ်တိုင်းမှာ ပုံမှန် ရာသီသွေးဆင်းနေတယ်ဆိုတာက ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ ပုံမှန်ဖြစ်တယ်ဆိုတာကိုဖော်ပြနေတာ ဖြစ်သလို ကျန်းမာတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါ။ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြားမှာ ၂၁ ရက် ကနေ ၃၅ ရက်ခြားတာက ပုံမှန်ပါပဲ။ ဒီစည်းချက်လေးက ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အပိုင်းအခြားကာလမှာ အနည်းငယ် ပြောင်းလဲတာမျိုးတော့ ရှိနိုင်ပါတယ်။ ရာသီလာတဲ့အခါ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တာတွေ ဘာတွေ ခံစားနေရလဲဆိုတာကို လေ့လာကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။ 




0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!