ဒီတစ်ခေါက်တော့ အခုလို မိုးရာသီမှာ အတွေ့ရများပြီး လေဒီလေးတိုင်းကို စိတ်ပူစေတဲ့ အဖြူဆင်းတာနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေက ပုံမှန်ဖြစ်ပြီး ဘယ်လိုအခြေအနေက ပုံမှန်မဟုတ်ဘူး။ လက္ခဏာတွေ အနေနဲ့ဆိုရင်ရော ဘယ်လိုမျိုးလေးတွေ တွေ့ကြုံခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အဖြူဆင်းတာက ကျန်းမာရေး ပြဿနာရှိနေလို့လား!
အဖြူဆင်းတယ်ဆိုတာက များသောအားဖြင့်ကတော့ ကျန်းမာရေးပြဿနာရယ်လို့ မဆိုသာတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ ဆိုရပါမယ်။ လေဒီလေးတွေရဲ့ ရာသီစက်ဝန်းတစ်ခု စတင်တိုင်းမှာ ဖြစ်လာတတ်တဲ့ ဟော်မုန်းပြောင်းလဲတာ၊ သားဥကြွေတာတွေနဲ့ ကိုယ်ဝန်အစောပိုင်း ကာလတွေမှာ မြင်သာတဲ့ လက္ခဏာတစ်ခု အနေနဲ့ အဖြူဆင်းတာကို ခံစားရနိုင်ပါတယ်။
အရည်ကြည်ကြည်လေးတွေ ဆင်းတာ၊ အနံ့နဲ့ အရောင်အဆင်းကင်းတဲ့ အဖြူဆင်းတာကတော့ ပုံမှန်ပဲလို့ ဆိုလို့ ရပါတယ်။ ကျန်းမာတဲ့ ရာသီစက်ဝန်းတစ်ခုရဲ့ စတင်မှု လက္ခဏာလို့လည်း ဆိုလို့ ရပါတယ်။
ရာသီစက်ဝန်းစတင်မှု
ရာသီစက်ဝန်းစတင်ချိန်နဲ့ ပြီးဆုံးချိန်တွေမှာ ပုံမှန်ဖြစ်စဉ်တစ်ခုအနေနနဲ့ အဖြူဆင်းတတ်ပါတယ်။ အကြောင်းကတော့ ရာသီစက်ဝန်းစတင်ချိန်နဲ့ ရာသီစက်ဝန်းတလျှောက်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း ရုတ်တရက်မြင့်တက်မှုတွေကြောင့် အဖြူဆင်းတာကို ခံစားရနိုင်ပါတယ်။
သားဥကြွေချိန်
ရာသီစက်ဝန်းအလယ်ပိုင်းလောက် ရောက်လာချိန်မှာ အဖြူဆင်းတာက အဖြူရောင်အကျိအချွဲအနေနဲ့ သိသိသာသာ ဆင်းလာတာကို တွေ့ရနိုင်ပါတယ်။ သန္ဓေအောင်စေဖို့ ထောက်ကူပေးတဲ့ ဖြစ်စဉ်အနေနဲ့ ဒီကာလမှာ အဖြူဆင်းတာက စေးကပ်ကပ်အကျိအချွဲလေးတွေအဖြစ်နဲ့ ဆင်းလာပါတယ်။
ကိုယ်ဝန်ဆောင်နေရတာ
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး မွေးလမ်းကြောင်းကို ထိခိုက်နိုင်တဲ့ အခြေအနေတွေနဲ့ ပြင်ပကဝင်ရောက်လာနိုင်တဲ့ ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အဖြူဆင်းတာမျိုး ရှိနိုင်ပါတယ်။
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်း
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေ (ဥပမာ- ဟော်မုန်း ၂ မျိုးပါတဲ့ တားဆေးသောက်ဆေးတွေ)က ပုံမှန်ထက် အဖြူဆင်းတဲ့ ပမာဏကို တိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုတာက ဘယ်လိုမျိုးလဲ!
အပေါ်က အခြေအနေတွေက ပုံမှန်ပဲလို့ ဆိုလို့ရတယ်ဆိုပေမယ့် အခုလို အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ ကုသမှုခံယူဖို့ လိုနိုင်ပါတယ်။
မှိုပိုးကူးစက်တာ
အဖြူဆင်းတာက ခပ်ပျစ်ပျစ်တွေဖြစ်မယ်။ အဖြူရောင်အဖက်လိုက်တွေဆင်းလာတာမျိုးတွေဖြစ်မယ်။ ဒါတွေနဲ့အတူ မိန်းမကိုယ်က ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေဖြစ်မယ်၊ ရောင်ရမ်းတာမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံရတာပါ။
ဘက်တီးရီးယားပိုး ကူးစက်ခံရတာ
မိန်းမကိုယ်ကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်ခံရတဲ့ အခါမျိုးမှာလည်း အဖြူဆင်းတာက အရောင်ညစ်ညစ်တွေဆင်းတာ၊ ရေလိုပဲ အရညတွေဆင်းတာ၊ ဒီလိုဆင်းတာနဲ့အတူ ငါးညှီနံ့လို အနံ့ဆိုးတွေ ထွက်ရင်းဆင်းနေတာမျိုးတွေ ခံစားရတာမျိုး ရှိနိုင်ပါတယ်။
လိင်ကတဆင့်ကူးစက်ခံရတဲ့ ပိုးဝင်ကူးစက်တာ
လိင်ကတဆင့် ကူးစက်တတ်တဲ့ မှိုပိုးဝင်ရောက်ကူးစက်ခံရတာကြောင့် အရောင်ညစ်ညစ် ဒါမှမဟုတ် အဖြူရောင်ညစ်ညစ်တွေဆင်းတာနဲ့အတူ တင်ပဆုံပိုင်း နာကျင်တာ၊ အတူနေစဉ်မှာ နာကျင်တာ၊ ဆီးသွားချိန်မှာ ပူအောင့်အောင့်ကြီး ခံစားရတာမျိုး ခံစားရနိုင်ပါတယ်။
အခုလိုမိုးရာသီမှာဆိုရင် အတွင်းခံတွေ နေရောင်နဲ့ လေနဲ့ ထိတွေ့ခြောက်သွေ့ခွင့်မရတဲ့အခါ မှိုပိုးတွေ ပေါက်လွယ်ပြီး မိန်းမကိုယ်မှိုပိုးဝင်တာ၊ ပိုးဝင်ကူးစက်ပြီး ယားယံတာတွေကို ဖြစ်စေနိုင်တာကြောင့် မိန်းမကိုယ် သန့်ရှင်းရေးနဲ့ အတွင်းခံကို သေချာလေး ဂရုစိုက်ဖို့လည်း မှာချင်ပါတယ်။
အတွင်းခံကို သေချာ ဂရုစိုက်ပါဆိုတဲ့နေရာမှာ သေချာခြောက်သွေ့အောင် လှန်းပြီး မီးပူတိုက်ပေးလို့ ရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အတွင်းခံတွေကို ပရုတ်လုံးနဲ့ သိမ်းတာမျိုး မလုပ်ဖို့ပါ။ ပရုတ်လုံးမှာပါတဲ့ အချို့သောဓာတ်တွေက မိန်းမကိုယ်ရဲ့ အရေပြားနဲ့ pH Balance ကို ပျက်စီးစေနိုင်လို့ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
အဖြူဆင်းတာက ကျန်းမာတဲ့ ရာသီစက်ဝန်းရဲ့ အစိတ်အပိုင်းတစ်ခု၊ ရာသီစက်ဝန်းရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုဆိုပေမယ့် အရောင်ညစ်မယ်၊ အဖြူရောင်ညစ်ညစ် အဖက်လိုက်တွေဆင်းမယ်၊ အနံ့တွေဆိုးမယ်။ ဒါတွေနဲ့အတူ မိန်းမကိုယ် ယားယံပူလောင်တာမျိုးတွေ ခံစားရမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ ပြောချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!