ရေဓာတ်က ခန္ဓာကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ အရေးကြီးတယ်ဆိုပေမယ့် အရည်တိုင်းကတော့ ရေဓာတ် ပြည့်စေတာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ အရည်ဆိုပေမယ့် ရေဓာတ်မပြည့်စေနိုင်ဘဲ ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ အရည်တွေကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ရေဓာတ် ခန္ဓာကိုယ်အတွက် အကျိုးများသလား!
ခန္ဓာကိုယ်ရဲ့ ၆၀% ကို ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေဓာတ်ကခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဆဲလ်တွေအားလုံး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါလှပါတယ်။
ရေဓာတ်က
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ အောက်ဆီဂျင်နဲ့ ဗီတာမင်တွေကို ဆဲလ်တွေဆီနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးပါတယ်
ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးလိုက်ပါတယ်
ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးတယ်
အရိုးအဆစ်တွေ လှုပ်ရှားရလွယ်စေဖို့ ထောက်ကူပေးပြီး ကျောရိုးမကြီးကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်
တံထွေးထွက်ရှိစေဖို့ လုပ်ဆောင်ပေးသလို စားလိုက်တဲ့ အစားအစာတွေကနေ အာဟာရတွေကို စုပ်ယူရလွယ်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။
ကျန်းမာတဲ့ လူတစ်ယောက်အတွက် တစ်နေ့တာ ရေဓာတ်လိုအပ်ချက်က အမျိုးသားတစ်ယောက်မှာ ပုံမှန် ရေဖန်ခွက် ၁၅ ခွက်ခွဲစာလောက် လိုအပ်မှာ ဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာဆိုရင် တစ်နေ့တာ ရေဖန်ခွက် ၁၁ ခွက်ခွဲလောက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလို လိုအပ်ချက်ထဲမှာ တစ်နေ့တာသောက်တဲ့ ရေတွေအပါအဝင် စားလိုက်တဲ့ အစားအသောက်မှာပါတဲ့ ရေဓာတ်တွေလည်း ပါဝင်နေပါတယ်။
ရေဓာတ်ခမ်းခြောက်နေပြီဆိုရင် ဘာတွေ ခံစားရနိုင်လဲ!
ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ရေဓာတ်ပမာဏ မလုံလောက်တော့ဘူးဆိုရင်တော့ -
ခံတွင်းခြောက်တာ
ဆီးတွေ အရောင်ရင့်တာ၊ အနံ့ပြင်းတာ
ခြေကုန်လက်ပမ်းကျတာ
ငြီးစီစီဖြစ်တာ
ခေါင်းတွေ မူးဝေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
အရည်ဆိုတိုင်း ရေဓာတ်ပြည့်စေပါ့မလား!
အရည်ဆိုတိုင်း ရေဓာတ်ပြည့်ပါ့မလား! ဆိုတော့ အရည်အနေနဲ့ သောက်လိုက်တဲ့ အရာတိုင်းက ရေဓာတ်မပြည့်ပါဘူး။ အချို့သောအရည်တွေက ကိုယ်တွင်းက ရှိရင်းစွဲရေဓာတ်တွေကိုတောင် ဆုံးရှုံးစေနိုင်ပါတယ်။
အရက်
အရက်က ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓာတ်တွေကို ကုန်ဆုံးစေပြီး ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။
အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ
အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဝိုင်၊ ဝီစကီ၊ ကော့တေးကစလို့ အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတိုင်းက ကိုယ်တွင်းက ရေဓာတ်တွေကို ခမ်းခြောက်စေနိုင်တဲ့ သောက်စရာတွေပါ။
ဘီယာ
ဘီယာက ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဘီယာသောက်တာ ကလည်း ကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။
ကော်ဖီ
ကော်ဖီက ခေါင်းကြည်စေတယ်၊ အတွေးတွေကို ကောင်းစေတယ်ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းက ကိုယ်တွင်းက ရေဓာတ်တွေကို ကုန်ဆုံးစေနိုင်တာကြောင့် ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။
အားဖြည့်အချိုရည်တွေ
အားဖြည့်အချိုရည်တွေမှာလည်း ကဖင်းပါဝင်မှု များလွန်းတာကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
သကြားပါဝင်မှုများနေတဲ့ သစ်သီးဖျော်ရည်တွေ
သကြားပါဝင်မှုများနေတဲ့ သစ်သီးဖျော်ရည်တွေက ကိုယ်တွင်းမှာ ရုတ်တရက် သကြားဓာတ်မြင့်တက်မှုကို ဖြစ်စေနိုင်သလို ကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။

အသင့်သောက် အချိုရည်ဘူးတွေ
အသင့်သောက် အချိုရည်ဘူးတွေက အေးအေးလေး စိမ်ထားရင် သောက်ရတာ ကောင်းတယ်ဆိုပေမယ့် တကယ်ကတော့ အမောပြေစေတာမဟုတ်ဘဲ ကိုယ်တွင်းက ရေဓာတ်တွေကို ခမ်းခြောက်စေနိုင်ပါတယ်။
လက်ဖက်ရည်
လက်ဖက်ရည်ချိုချိုလေးက သောက်ရတာ အရသာရှိပေမယ့် ကဖင်းပါဝင်မှု များလွန်းတာကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
Bubble Tea
Bubble Tea က သောက်ရကောင်းပေမယ့် အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကဖင်း နဲ့ သကြား ပါဝင်မှု များလွန်းတာကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရေဓာတ်က အရေးကြီးတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝအောင်ဆိုပြီး သောက်မယ်ဆိုရင်လည်း သောက်ရေ၊ အုန်းစိမ်းရည်နဲ့ စွပ်ပြုတ်လိုအရာတွေကသာလျှင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရေဓာတ်ပြည့်စေနိုင်တယ်ဆိုတာကို ဒီနေရာကနေ သတင်းစကားလေး ပါးလိုက်ပါရစေနော်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!