၃ လခံတားဆေး ထိုးပြီးပြီးချင်း အာနိသင်ရတာလား!
အထွေထွေ

၃ လခံတားဆေး ထိုးပြီးပြီးချင်း အာနိသင်ရတာလား!

Admin

📅 24.06.2026

သားဆက်ခြားနည်းတွေ အမျိုးမျိုးရှိပေမယ့် အခုတစ်ခေါက်မှာတော့ ၃ လခံတားဆေး ထိုးဆေးလေးအကြောင်း ကိုပြောပြပေးချင်တာပါ။ တားဆေးလို့ ပြောလိုက်ရင် တော်တော်များများ အမှတ်မှားနေတဲ့ အကြောင်းအရင်း လေးတစ်ခုရှိပါတယ်။ ဒါကတော့ သားဆက်ခြားနည်းလမ်းတစ်မျိုးဖြစ်တဲ့ ၃ လခံတားဆေးထိုးဆေးက ထိုးထိုးပြီးချင်း အာနိသင်ရမယ်လို့ပေါ့။


တကယ်ကတော့  ၃လခံထိုးဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မရနိုင်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ တားဆေးထိုးဆေးက ထိုးပြီးလို့ ၇ ရက်လောက်ရောက်မှသာ အာနိသင်ကို စရတာပါ။ 


တားဆေးထိုးဆေးမှရယ် မဟုတ်ပါဘူး။ ဆေးတိုင်းက သောက်ပြီးပြီးချင်း ထိုးပြီးပြီးချင်းမှာ ချက်ချင်း အာနိသင်တော့ မရပါဘူး။ အချိန်အားဖြင့် နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းစောင့်ပြီးမှသာ ဆေးရဲ့ အာနိသင်ကို ရတာပါ။ 



၃ လခံတားဆေး ထိုးပြီးပြီးချင်း အာနိသင်ရတာလား!



၃ လခံတားဆေး ထိုးဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မရပါဘူး။ တားဆေးထိုးဆေးကို ပထမဆုံး စထိုးမယ်ဆိုရင် ရာသီစက်ဝန်းအပြီး ၅ ရက်ကြာမှာ စတင်ထိုးနှံရပါမယ်။ ဒီလိုထိုးတာကလည်း ကိုယ်ဝန်ကို ချက်ချင်း မတားပေးနိုင်သေးပါဘူး။ ဒါကြောင့် ၃ လခံ တားဆေးထိုးပြီးပြီးချင်းမှာ အခြားသော သားဆက်ခြားနည်းလမ်းတွေ ဖြစ်ကြတဲ့ ကွန်ဒုံးသုံးတာမျိုးကိုဖြစ်ဖြစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။




၃ လခံတားဆေး ဘယ်လို အလုပ်လုပ်သလဲ!



အမျိုးသမီးတစ်ဦးအနေနဲ့  ၃ လခံထိုးဆေးကို ထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတွေကို ခံစားမိပြီး ကိုယ်တွင်းကကိုယ်ပိုင်ဟော်မုန်းထုတ်လွှတ်မှုကို ပိတ်ချလိုက်ပါတော့တယ်။ ဒီအခြေအနေက မျိုးဥအိမ်တွေက မျိုးဥတွေကို မထုတ်လွှတ်တော့ဘဲ သန္ဓေတည်နိုင်မယ့် အခွင့်အရေးကို ကာကွယ်ပေးလိုက်ပါတယ်။ ဒီအခြေအနေက တားဆေးသောက်ဆေးတွေရဲ့ အလုပ်လုပ်ပုံနဲ့ ခပ်ဆင်ဆင်ဆင်တူပါတယ်။ တားဆေးထိုးဆေးကို သားအိမ်တွင်း တစ်ရှူးများ သားအိမ်ပြင်ပရောက်ခြင်း (Endometriosis)ကို ကုသဖို့အတွက်လည်း အသုံးပြုပါတယ်။ 



ဘယ်လောက်အထိ ကောင်းကောင်း အလုပ်လုပ်နိုင်လဲ!



၃ လခံတားဆေး ထိုးဆေးက သားဆက်ခြားနည်းလမ်းတွေထဲမှာ ထိရောက်မှုအကောင်းဆုံး သားဆက်ခြား နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် အမျိုးသမီး အယောက် ၂၀ မှာ ၁ ယောက်လောက်ကတော့ တားဆေး ထိုးထားရင်း ကိုယ်ဝန်ရရှိတာမျိုး ရှိနေပေမယ့် အခြားသားဆက်ခြားနည်းတွေထက်တော့ သန္ဓေတားနိုင်စွမ်းက မြင့်ပါတယ်။



ဘေးထွက်ဆိုးကျိုးတွေ ရှိလား!



ပုံမှန် ရာသီစက်ဝန်းတစ်ခုအတွင်း (ကိုယ်ဝန်ရရှိစေဖို့ ပြင်ဆင်ချိန်) မှာ ဟော်မုန်းတွေက သားအိမ်အတွင်းနံရံတွေကို ထူစေပြီး ကိုယ်ဝန်မရအောင် တားဆီးပေးပါတယ်။ သန္ဓေအောင်ဖို့ မဖြစ်နိုင်ချိန်မှာတော့ သားအိမ်အတွင်းနံရံတွေက ကြွေကျပြီး ရာသီသွေးအနေနဲ့ ခန္ဓာကိုယ် ပြင်ပကို ဆင်းလာကာ ရာသီသွေးအဖြစ် တွေ့မြင်ရတာပါ။


တားဆေးထိုးဆေးကို ထိုးလိုက်ချိန်မှာတော့ ကိုယ်တွင်းဟော်မုန်းပမာဏက အရမ်းနည်းသွားတာမျိုး ရာသီစက်ဝန်းတလျှောက်လုံးမှာ ဟော်မုန်းပမာဏက တစ်ပြေးညီတည်း ဖြစ်သွားတာမျိုး ဖြစ်ပေါ်လာပြီး သားအိမ်နံရံက သူ့အလိုလို ထူလာတာမျိုး  မဖြစ်တော့ဘဲ ရာသီစက်ဝန်းကာလမှာ သွေးဆင်းတာက ပုံမှန်ထက် နည်းသွားတာမျိုး ရှိနိုင်ပါတယ်။


ဒါကြောင့် ၃ လခံ တားဆေးထိုးဆေးကို ၂ ကြိမ် ၃ ကြိမ်လောက် ထိုးပြီးချိန်မှာတော့ အမျိုးသမီး အများစုက ရာသီသွေးမဆင်းတာ၊ သားအိမ်အတွင်းနံရံတွေဖြစ်ပေါ်မှု မရှိဘဲ ရာသီစက်ဝန်းပျောက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရာသီသွေးက နည်းနည်းချင်း ခပ်ဖျော့ဖျော့ဆင်းတာမျိုးကို ခံစားရနိုင်သလို ရာသီသွေး မမှန်တာကိုလည်း ခံစားရနိုင်ပါတယ်။ အချို့သော အမျိုးသမီးလေးတွေမှာတော့ ရာသီသွေးဆင်းများတာကို ခံစားရပါတယ်။ များသောအားဖြင့် ဟော်မုန်းကုထုံး ခံယူသူတွေမှာ အဖြစ်များပါတယ်။



အခြားသော အကျိုးဆက်များ



အခြားသော အကျိုးဆက်များအနေနဲ့ 


  • ကိုယ်အလေးချိန် နည်းနည်းတက်လာတာ

  • ကိုယ်အလေးချိန် မပြောင်းဘဲ ရှိတာ

  • အချို့မှာ ကိုယ်အလေးချိန် ကျသွားတာ

  • ခေါင်းကိုက်တာ

  • ဗိုက်အောင့်တာ

  • စိတ်ခံစားမှု ပြောင်းလဲတာ

  • လိင်စိတ်နည်းတာ

  • စိတ်ဓာတ်ကျတာတွေကို ခံစားကြရပြီး 


အမျိုးသမီး အနည်းအကျဉ်းမှာတော့ 


  • မအီမသာဖြစ်တာ

  • ဓာတ်မတည့်မှု ခံစားရတာ

  • ကိုယ်တွင်းမှာ  အရည်တွေစုတာ

  • ရင်သားတွေ တင်းပြီးနာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 



အားသာချက်တွေက ဘာတွေလဲ!



၃ လခံတားဆေး ထိုးဆေးရဲ့ အားသာချက်ကတော့ - 


  • မတော်တဆ ကိုယ်ဝန်ရနိုင်ခြေကို ထိထိရောက်ရောက် တားဆီးပေးနိုင်တယ်

  • ဆေးကြောင့် ရာသီစက်ဝန်းပျောက်သွားတဲ့အတွက် ရာသီအကြိုနာကျင်ကိုက်ခဲမှုကို မခံစားရဘူး

  • သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

  • သားအိမ်တွင်း တစ်ရှူးများ သားအိမ်ပြင်ပရောက်ခြင်း (Endometriosis) ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

  • တင်ပဆုံပိုင်း ပိုးဝင်ကူးစက်မှု ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်

  • ၁၂ ပတ်ကြာ ကိုယ်ဝန်မရအောင် တားပေးနိုင်တာကြောင့် နေ့တိုင်း ဆေးသောက်ဖို့ မေ့မှာမျိုးတွေကို စိတ်မပူရဘူး



အားနည်းချက်တွေက ဘာတွေလဲ!



၃ လခံတားဆေး ထိုးဆေးရဲ့ အားနည်းချက်ကတော့ - 


  • ၃ လကြာတိုင်း ဆေးခန်းပြန်ပြ ဆေးထိုးရတာ

  • ဆေးထိုးပြီးတာနဲ့ ဟော်မုန်းတွေ ကိုယ်ထဲကို ရောက်ရှိသွားပြီး ပြန်ဖယ်ရှားနိုင်ဖို့ ခက်တယ်

  • ဆေးထိုးတာကို ရပ်လိုက်မှ ၆ လ ကနေ ၁ နှစ်အတွင်းမှာ ရာသီသွေးပြန်ပေါ်တယ်

  • ၁၂ လလောက်အထိ ကိုယ်ဝန်ရဖို့ ခက်မယ်

  • အချို့သူတွေမှာဆိုရင် (၉၀%) လောက်မှာ ၂ နှစ်လောက်ထိ ကလေးမရတာမျိုး ရှိနိုင်တယ်



ဘယ်သူတွေနဲ့ သင့်တော်လဲ!



၃ လခံတားဆေး ထိုးဆေးက အမျိုးသမီးတော်တော်များများနဲ့ သင့်တော်ပါတယ်။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတဲ့ အမျိုးသမီးတွေက လွဲလို့ပေါ့။ ဟော်မုန်း ၂ မျိုးပါတဲ့ တားဆေးသောက်ဆေး သောက်ဖို့ အဆင်မပြေတဲ့ အမျိုးသမီးတွေမှာလည်း တားဆေးထိုးဆေးက သင့်တော်ပါတယ်။



ဘယ်သူတွေ မသုံးသင့်ဘူးလဲ!



၃ လခံတားဆေး ထိုးဆေးကို အခုလို အမျိုးသမီးလေးတွေ သုံးဖို့ မသင့်တော်ပါဘူး။ 


  • သွေးမတိတ်တာလိုမျိုး ကျန်းမာရေးပြဿနာ ခံစားနေရသူတွေ

  • အကြောင်းအရင်း ရှာမရတဲ့ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကို ခံစားနေရသူတွေ

  • ကင်ဆာခံစားရဖူးတာ

  • ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ ခံစားနေရတာ

  • ကိုယ်ဝန်ရှိနေတာ

  • ၁ နှစ်အတွင်း ကလေးယူဖို့ အစီအစဉ်ရှိမယ်ဆိုရင် မသုံးသင့်ပါဘူး။



Lotoshinn ရဲ့ စကားလက်ဆောင်


 ၃ လခံထိုးဆေးလို့ သိကြတဲ့ သားဆက်ခြားနည်းက နေ့တိုင်း ဆေးသောက်စရာ မလိုဘဲ ၃ လ တစ်ခါဆေးထိုးပေးရုံဆိုတော့ အလုပ်ရှုပ်တော့ အတော်လေး သက်သာပါတယ်။ ဒါပေမယ့် ကိုယ်တိုင်နဲ့ သင့်တော်ရဲ့လား ဆိုတာကို ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီးမှ ထိုးတာမျိုးလုပ်ဖို့ အကြံပြုချင်ပါတယ်။ 





0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!