ရာသီလာတဲ့ရက်မလာလို့ ဘာဖြစ်တာလဲ! ငါတစ်ခုခုများ လွဲနေပြီလား ဆိုပြီးတော့ စိတ်ပူနေတဲ့ လေဒီလေးတွေ ရှိလား… ဒါဆိုရင်တော့ ဒီတစ်ခေါက်မှာ လေဒီလေးတိုင်း သိထားရင်ကောင်းမယ့် ရာသီစက်ဝန်းလေးအကြောင်း ပြောပြပေးချင်ပါတယ်။
ရာသီလာတဲ့ရက်က လတိုင်းမှာကွက်တိတူပါ့မလား!
ဒီမေးခွန်းလေးအတွက် အဖြေလေးပေးရရင်တော့ လေဒီလေးတစ်ယောက်ရဲ့ ရာသီလာတဲ့ရက်က ဒီလမှာ ၂၅ ရက်လာလို့ နောက်လရဲ့ ၂၅ ရက်မှာ ရာသီလာမယ့်လို့ တထစ်ချပြောလို့ မရပါဘူး။ ဒါက ပုံမှန် မဟုတ်တာလားဆိုတော့ ဒါက ပုံမှန် အခြေအနေတစ်ခုပါပဲ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရာသီစက်ဝန်းမှာ 21 cycle ရှိမယ်။ 28 cycle ရှိမယ်။ ဒါက လေဒီလေးတစ်ယောက်ချင်းစီမှာ မတူတဲ့ ပထမဆုံးအချက်ပါ။
နောက်တစ်ချက်ကကျတော့ ရာသီစက်ဝန်းက တစ်ခုနဲ့တစ်ခုကြားမှာ ၂၄ ရက်ကနေ ၃၈ ရက်လောက် ကြားကာလတစ်ခုရှိမယ်။ ဒီတော့ ရာသီလာတဲ့ရက်က တစ်လ နဲ့တစ်လပုံသေဖြစ်ဖို့ ခက်ပြီးတော့ ရှေ့ကိုတစ်ပတ်စောတာ နောက်ကိုတစ်ပတ်နောက်ကျတာမျိုးတွေ ဖြစ်နိုင်တယ်။ ရာသီလာတဲ့အခါမှာလည်း ၃ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၈ ရက် စသဖြင့် တစ်လနဲ့တစ်လမှာ ရာသီလာတဲ့ကာလတွေ မတူတာမျိုး သွေးဆင်းနည်းတာ သွေးဆင်းများတာ စသဖြင့်တွေ ကြုံရနိုင်ပါတယ်။ ဒီလို အပြောင်းအလဲတွေ၊ ကွာခြားချက်တွေက ပုံမှန်ပါပဲ။
ဒါတွေအပြင် နေ့စဉ်နေထိုင်စားသောက်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ကျန်းမာရေးအခြေအနေတွေ၊ သောက်သုံးနေရတဲ့ ဆေးဝါးတွေကလည်း ကိုယ်တွင်းဟော်မုန်းပေါ်မှာ သက်ရောက်မှုတွေဖြစ်ပေါ်ပြီး ရာသီသွေးဆင်းတဲ့ရက် ပြောင်းလဲတာ၊ သွေးဆင်းတဲ့ပမာဏ ပြောင်းလဲတာတွေ ဖြစ်နိုင်ပါတယ်။
ပုံမှန်ပဲဆိုတဲ့ အခြေအနေက ဘယ်လိုများလဲ!
ရာသီစက်ဝန်းနဲ့ ပတ်သက်လို့ ပုံမှန်ပဲဆိုတဲ့ အခြေအနေတွေက -
ရာသီစက်ဝန်း အတိုင်းအတာ - ပထမလရဲ့ ရာသီစက်ဝန်း အစရက်ကနေ တွက်ချက်ကြည့်လို့ ၂၄ ရက်ကနေ ၃၈ ရက်အကြာမှာ နောက်တစ်လရဲ့ ရာသီစက်ဝန်းဖြစ်မယ်။
သွေးဆင်းတဲ့ကာလ - ပုံမှန်သွေးဆင်းတဲ့ကာလက ရက်အားဖြင့် ၂ ရက်ကနေ အများဆုံး ၇ ရက် ဒါမှမဟုတ် ၈ ရက် ကြာမြင့်နိုင်ပါတယ်။
သွေးဆင်းတဲ့ ပမာဏ - ရှေ့လမှာ သွေးဆင်းနည်းပြီး နောက်လမှာ သွေးဆင်းများတာမျိုးလည်း ရှိနိုင်ပါတယ်။
ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းတရားများ
လေဒီလေးတွေရဲ့ ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းတရားတွေ ရှိနေပါတယ်။ ဒါတွေကတော့ -
အသက်အရွယ် - အပျိုဖော်ဝင်ချိန်နဲ့ သွေးဆုံးအကြိုကာလတွေမှာ ရာသီစက်ဝန်းပြောင်းလဲမှုတွေ ကြုံရနိုင်ပါတယ်။
နေထိုင်မှုပုံစံ - နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု များလွန်းတာ၊ ခရီးသွားတာ၊ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ ရုတ်တရက် ကိုယ်အလေးချိန်ပြောင်းသွားတာမျိုးတွေကလည်း ရာသီစက်ဝန်းကို ပြောင်းစေနိုင်ပါတယ်။
ဆေးဝါးတွေ - ပထမဆုံးအကြိမ်အဖြစ် သားဆက်ခြား သောက်ဆေးတွေကို သောက်နေတာ၊ ဟော်မုန်းပါတဲ့ IUD (သားအိမ်တွင်းထည့်ပစ္စည်းတွေ) ကိုသုံးနေတာမျိုးဆိုရင်လည်း ရာသီစက်ဝန်းပြောင်းလဲမှုကို တွေ့ကြုံရနိုင်ပါတယ်။
ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြဖို့ လိုမလဲ!
အခုလိုတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြစေချင်ပါတယ်။
ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခု သိပ်မခြားတာ - ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ ၂၄ ရက်တောင် မခြားတာမျိုး ဖြစ်နေတာက ဆက်တိုက်လိုလို ဖြစ်နေမယ်။
ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား အရမ်းခြားနေတာ - ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြားမှာ ၃၈ ရက်ကနေ ရက်၄၀ လောက်ခြားနေတာ၊ ရာသီသွေးက (၃) လလောက် ဆက်တိုက်ပျောက်နေတာမျိုး ဖြစ်နေမယ်။
သွေးဆင်းအရမ်းများနေမယ် - ရာသီသွေးဆင်းတာက တစ်နာရီကို လစဉ်သုံးတစ်ခု လဲလှယ်နေရတာမျိုး ဖြစ်နေမယ်။
အရမ်းကို နာကျင်ကိုက်ခဲနေမယ် - ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုက နေ့စဉ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ဆောင်နိုင်လောက်တဲ့အထိ ပြင်းထန်နေမယ်။ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသစေချင်ပါတယ်။
ရာသီပျောက်တာ လအတော်ကြာနေမယ် - ကိုယ်ဝန်ရှိတာမဟုတ်သလို ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတစ်ခုခုလည်း မသုံးထားဘဲ ရာသီပျောက်တာ လအတော်ကြာတဲ့အထိ ဆက်တိုက် ပျောက်နေမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာတဲ့ရက်က တစ်လနဲ့တစ်လ ကွက်တိကျဖို့တော့ မလွယ်ပါဘူး။ ခန့်မှန်းခြေလောက်ပဲတူနိုင်ပါတယ်။ ဥပမာ လတစ်လရဲ့ ၂၀ ရက်နောက်ပိုင်းမှာ ရာသီလာတယ်ဆိုတာမျိုး လောက်ပဲ မှန်းလို့ ရနိုင်ပါတယ်။ အသက်အရွယ်၊ နေထိုင်မှုပုံစံနဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ရာသီလာတဲ့ရက်က တစ်လနဲ့ တစ်လ ပြောင်းလဲနေတာ၊ တစ်ပတ်လောက်စော၊ တစ်ပတ်လောက်နောက်ကျတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ရာသီလာတဲ့ရက် မမှန်တာက ကျန်းမာရေးပြဿနာဆိုတာထက် ပုံမှန်ဖြစ်နေကျဖြစ်စဉ်တစ်ခုလို့ပဲ မှတ်ယူစေချင်ပါတယ်ရှင့်။ အပေါ်မှာပြောခဲ့တဲ့ သတိထားရမယ့် လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!