အပြိုင်အဆိုင်များလှတဲ့ ခေတ်ထဲမှာ ကလေးကို မအားမလပ် စာသင်ခိုင်းတာ စာတွေ လေ့လာခိုင်းတာက မှားလှတယ်လို့ မဆိုသာပေမယ့် ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့နဲ့ ဉာဏ်ကောင်းစေဖို့ ဆိုရင် ကလေးရဲ့ တစ်နေ့တာ အချိန်ဇယားထဲမှာ ပြေးလွှားဆော့ကစားဖို့ အချိန်လေးကို ထည့်သွင်းပေးသင့် ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီးတော့ ပြောပြပေးမယ်နော် …..
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဖြစ်ပေါ်လာတဲ့ ကလေးတစ်ယောက် ငယ်ဘဝအလေ့အထ တစ်ရပ်
ကလေးသဘာဝ ကစားတယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ကလေးဘဝအလေ့အထ တစ်ခုပေါ့။ ကလေးကို ထိန်းချုပ်မှုကင်းကင်းနဲ့ စိတ်တိုင်းကျ ကစားခွင့်ကို မျိုးဆက်တစ်ဆက်ထံကနေ တစ်ဆက်ထံကို လက်ဆင့်ကမ်းခဲ့ကြတာပါ။ အရမ်းကို ပြင်းထန်ခက်ခဲတယ်လို့ သတ်မှတ်ထားခဲ့ကြတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် ကလေးတွေက ကစားဖို့နည်းလမ်းတွေကို ဖန်တီးကစားခဲ့ကြတာပါ။
ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ခေတ်မီ အိုးအိမ်တိုက်တာ အဆောက်အဦတွေ များလာတာ၊ ပန်းခြံ မြေပြင်ကျယ်လိုမျိုး ကျယ်ပြန့်တဲ့နေရာတွေ နည်းပါးလာတာ၊ Screen Time များလာတာ၊ ပညာရေးဘက်မှာ ထူးချွန်ရမယ်ဆိုတဲ့ ဖိအားတွေ တိုးလာတာကြောင့် ရှေးကာလအစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ ကလေးတွေ သဘာဝအတိုင်း ဆော့ကစားမှုတွေ ပျောက်ကွယ်မှန်းမသိ ပျောက်ကွယ်လာပါတော့တယ်။
ကလေးတွေကို စိတ်တိုင်းကျ ကစားခွင့် ပေးလိုက်ပါ
ကလေးတွေကို စိတ်တိုင်းကျ ကစားခွင့်ပေးတာက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော ပျော်ရွှင်စေဖို့ နဲ့ စိတ်ဖိစီးမှုကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေတင်မကသေးဘဲ ကလေးရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကိုပါ တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဉာဏ်ကောင်း စေချင်တယ်ဆိုရင် ကလေးကို လွတ်လပ်စွာ ဆော့ကစားခွင့် ပြုပေးသင့်ပါတယ်။
ကလေးတစ်ယောက်အတွက် ကစားတယ်ဆိုတာက ကောင်းကျိုးမရှိတဲ့ အချည်းအနှီးလုပ်ရပ်တော့ မဟုတ်ပါဘူး။ ကလေးဘဝအတွက် တကယ့်ကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကလေးဘဝမှာ စိတ်တိုင်းကျ ကစားခွင့်ရခဲ့တဲ့ ကလေးတွေက အရွယ်ရောက်လာချိန်မှာ ပျော်ရွှင်စွာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း နိုင်ကြပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်နေ့တာ အချိန်ဇယားတွေထဲမှာ လွတ်လပ်စွာ ကစားခွင့်ကို အစိတ်အပိုင်းလေး တစ်ခုအနေနဲ့ ထည့်သွင်းဖို့ မမေ့နဲ့နော်။
လွတ်လပ်စွာ ကစားခွင့်ကနေ ကလေးတွေ ဘာတွေ သင်ယူခွင့်ရမလဲ!
ကလေးဘဝမှာ လွတ်လပ်စွာ ကစားခွင့်ကနေ ကလေးတွေက အခုလို အရာတွေကို သင်ယူခွင့်ရမှာပါ။
ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ရပ်လုံးကို ထောက်ကူပေးနိုင်တယ်
ကလေးကို လွတ်လပ်စွာ ကစားခွင့်ပေးမယ်ဆိုရင်တော့ ကလေးက သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေသလို ရုပ်ပိုင်းဆိုင်ရာ၊ ဘာသာစကားပိုင်းဆိုင်ရာနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ကောင်းမွန်စွာ ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကျန်းမာတဲ့ အလေ့အထတွေကို ရရှိစေတယ်
ပေါ့ပါးလွတ်လပ်စွာ ကစားခွင့်ပြုတာက ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထကို ပိုင်ဆိုင်ခွင့်ရစေလိုက်တာဖြစ်သလို လက်ရှိမှာ ကလေးတွေမှာ အတွေ့ရများတဲ့ ကလေးဘဝ အဝလွန်တာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။
စိတ်ဖိစီးမှုကို လျော့ကျစေမယ်
ကလေးက လွတ်လပ်စွာ စိတ်တိုင်းကျ ကစားခွင့်ရလေလေ စိတ်ဖိစီးမှု လျော့ကျလေလေပါ။ ကလေးကို လွတ်လပ်စွာ ကစားခွင့်ပေးတာက စိုးရိမ်စိတ်ကို လျော့ကျစေပြီး ကြောက်ရွံ့မှုကင်းစေဖို့နဲ့ အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကလေးကို စိတ်ခံစားမှု ထိန်းချုပ်နိုင်စေဖို့အတွက်လည်း အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။
စိတ်ကူးစိတ်သန်း အသစ်တွေကို စမ်းသပ်ခွင့် ရစေတယ်
ကလေးကို လွတ်လပ်စွာ ကစားခွင့်ပေးတာက သူတို့ရဲ့ စိတ်ကူးစိတ်သန်းအသစ်တွေကို ပုံဖော်ခွင့်ရစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ သူတို့ရဲ့ ကစားဖူးတဲ့ အတွေ့အကြုံတွေ၊ စမ်းသပ်မှု အတွေ့အကြုံတွေ ကနေ စိတ်ကူးစိတ်သန်း အသစ်တွေကို စမ်းသပ်ခွင့်ရစေသလို လွတ်လပ်စွာ ဖန်တီးခွင့်ရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မှားသွားမယ်ဆိုရင်လည်း သင်ခန်းစာရပြီး ပိုကောင်းစွာဖန်တီးခွင့်ရရှိစေဖို့လည်း ထောက်ကူရာ ရောက်ပါတယ်။ လွတ်လပ်စွာ ကစားခွင့်က ကလေးကို စိတ်တိုင်းကျ စမ်းသပ်ခွင့် ရစေပြီး ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်စေသလို လက်တွေ့ကျကျ စဉ်းစားတွေတောနိုင်စွမ်းကောင်းစေဖို့ လည်း ထောက်ကူပေးနိုင်ပါတယ်။
ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ကောင်းစေတယ်
ကစားချိန်မှာ ကလေးက ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ကြရပါတယ်။ ဒီလိုပုံမှန်လေး ပေးဆော့မယ် ဆိုရင် ကလေးက ကိစ္စရပ်တွေကို ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းကောင်းလာပြီး ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြညမှုပြည့်ဝစွာနဲ့ ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်နိုင်စေချင်တယ်ဆိုရင် လွတ်လပ်စွာ စိတ်တိုင်းကျ ကစားခွင့်ပေးလိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကောင်းစေမယ်
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကောင်းတာက ဘဝမှာ အောင်မြင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ လွတ်လပ်စွာ ကစားခွင့်ပေးတာက သူတို့ကို သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ကောင်းစေပြီး လူအများနဲ့ ညှိုနှိုင်းဆောင်ရွက်နိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အသစ်အသစ်တွေ ဖန်တီးချင်စိတ် တိုးစေမယ်
ကလေးကို လွတ်လပ်စွာ ကစားခွင့်ပေးတာက ကလေးရဲ့ Risk ယူနိုင်စွမ်းကို တိုးစေပြီး အသစ်အသစ်တွေ ဖန်တီးနိုင်မှုစွမ်းရည် တိုးတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အရာရာကိုလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးမယ်
ကလေးတွေကို လွတ်လပ်စွာကစားခွင့်ပေးတာက စဉ်းစားတွေးတောပြီး မှတ်မိနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးတဲ့ ဦးနှောက် အစိတ်အပိုင်းလေးကို အားဖြည့်ပေးနိုင်တာကြောင့် ကလေးကို ဉာဏ်ကောင်းစေဖို့နဲ့ မှတ်မိနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကလေးတွေကို စိတ်တိုင်းကျ ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ပြီး ကျယ်ကျယ်လွင့်လွင့် ကစားခွင့်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ကလေးကို ဉာဏ်ကောင်းစေပြီး တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေဖို့နဲ့ ပျော်ရွှင်ကျန်းမာစွာ အရွယ်ရောက် ကြီးပြင်းလာစေဖို့ အများကြီး ထောက်ကူပေးနိုင်တာကြောင့် တစ်နေ့တာရဲ့ အချိန်အပိုင်းအခြားလေး တစ်ခုကို ကလေးကို စိတ်လက်ပေါ့ပါးစွာ ပြေးလွှားဆော့ကစားခွင့်ပြုပေးဖို့ တုက်တွန်းပါရစေနော်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!