ရင်သားမှာ ဆီလီကွန်ထည့်တာက အမျိုးသမီးတွေကြားမှာ တော်တော်လေး ခေတ်စားလာတဲ့ အလှအပဆိုင်ရာ ကုထုံးတစ်ရပ်ပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို စိတ်တိုင်းကျစေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေဖို့ အတွက် ရင်သားခွဲစိတ်ပြုပြင်မှုတွေလုပ်လာကြတာကို တော်တော်လေး တွေ့လာရပါတယ်။ ဒီနေရာမှာ မေးစရာ တစ်ခုရှိလာတာက ရင်သားမှာ ဆီလီကွန် ထည့်ထားရင်း ဘေဘီလေးရလာတဲ့အခါ မေမေ့နို့ချိုတိုက်ကျွေးလို့ ဖြစ်ပါ့မလား ဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ရှင်းပြပေးမယ်နော်။
ရင်သား Silicon ထည့်ခြင်း နဲ့ နို့ချိုတိုက်ကျွေးခြင်း
ရင်သားထဲကို Silicon ထည့်ထားတာနဲ့ ပတ်သက်ပြီး သိထားမိနိုင်တဲ့ Myths တွေရဲ့ အမှန်တရားက -
Myth 1 - ရင်သား Silicon ထည့်ထားရင် နို့ချိုတိုက်ကျွေးလို့ မရဘူး
ဒါက အများဆုံး ကြားဖူးနိုင်တဲ့ ရင်သား Silicon ထည့်တာနဲ့ ပတ်သက်တဲ့ Myth တစ်ခု ဖြစ်နိုင်ပါတယ်။ တကယ်ကတော့ ရင်သားမှာ ဆီလီကွန်ထည့်ထားပေမယ့်လည်း ဘေဘီလေး ရလာတဲ့အခါ မိခင်နို့ချိုကို တိုက်ကျွေးလို့ ရပါတယ်။ များသောအားဖြင့် ရင်သားထဲမှာ ဆီလီကွန်ထည့်တာက ရင်သားရဲ့ ကြွက်သား အောက်ဖက်နား ဒါမှမဟုတ် ရင်သားတစ်ရှူးတွေရဲ့ အောက်ဖက်နားမှာ ထည့်ထားတာ ဖြစ်တာကြောင့် မိခင်နို့ထွက်ရှိမှုကို အနှောင့်အယှက်မဖြစ်စေသလို ကိုယ်ဝန်ဆောင်ဖို့ကိုလည်း အနှောင့်အယှက် မဖြစ်စေပါဘူး။
Myth 2 - ရင်သားထဲမှာ ဆီလီကွန်ထည့်တာက မိခင်နို့ရည် အရည်အသွေးကို ထိခိုက်စေတယ်
အချို့သော မေမေတွေက ရင်သားထဲမှာ ဆီလီကွန် ထည့်ထားတာကြောင့် မိခင်နို့ရည်မှာ အာဟာရ မပြည့်ဝမှာ မိခင်နို့ရည်အရည်အသွေးကို ထိခိုက်စေမှာကို စိတ်ပူတတ်ကြပါတယ်။ လေ့လာမှုတွေအရ သိရတာက ရင်သားထဲမှာ ဆီလီကွန်ထည့်ထားတာကြောင့် မိခင်နို့ရည် အရည်အသွေးကို မထိခိုက်စေပါဘူး။ မိခင်နို့ရည်ကို နို့ရည်ပြုဂလင်းတွေက ထုတ်လွှတ်တာဖြစ်ပြီး ရင်သားထဲမှာ ထည့်ထားတဲ့ ဆီလီကွန်ကြောင့် မဟုတ်ပါဘူး။ ရင်သားထဲမှာ ထည့်ထားတဲ့ ဆီလီကွန်က နို့ရည်ရဲ့ အာဟာရကို မထိခိုက်စေနိုင်ပါဘူး။
Myth 3 - ရင်သားအစားထိုးတာက ကလေးကို ကျန်းမာရေး ထိခိုက်စေနိုင်တယ်
ရင်သားထဲမှာ ဆီလီကွန်ထည့်ထားတာက နို့ချိုသောက်သုံးရတဲ့ ဘေဘီလေးကို ကျန်းမာရေး ထိခိုက်စေတာမျိုး မရှိပါဘူး။ လေ့လာမှုတွေအရ ရင်သားထဲမှာ ထည့်ထားတဲ့ ဆီလီကွန်က မိခင်နို့ရည်ထဲကို အန္တရာယ်ရှိစေတု့ အရာတွေကို ထုတ်လွှတ်တာမျိုး မရှိပါဘူး။ နို့ရည်ကလည်း ဆီလီကွန်ကို ဖြတ်ပြီး ထွက်လာတာမျိုး မဟုတ်တာ ကြောင့် ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မရှိနိုင်ပါဘူး။
ရင်သားဆီလီကွန်ထည့်ထားတဲ့ မေမေတို့အတွက် သတင်းစကား
ရင်သားဆီလီကွန်ထည့်ထားတဲ့ မေမေတို့အနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကတော့ -
အပြောင်းအလဲတွေကို စောင့်ကြည့်ပါ - ရင်သား ဆီလီကွန်ထည့်ထားတဲ့ အမျိုးသမီးတွေအနေနဲ့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးနေချိန်မှာ ရင်သားအရွယ်အစား၊ ပုံပန်းသဏ္ဍာန်၊ အရေပြား အခြေအနေတွေ ပြောင်းလဲမှု ရှိ၊ မရှိကို စောင့်ကြည့်ပါ။ စိတ်ပူစရာ တစ်ခုခုကို တွေ့ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ပါ။
မှန်ကန်စွာနဲ့ တိုက်ကျွေးမိပါစေ - ဘေဘီလေးကို မှန်ကန်တဲ့ နို့ချိုတိုက်ကျွေးမှုပုံစံနဲ့ တိုက်ကျွေးပါ။ ဘေဘီလေးကို အချိန်မှန်နဲ့ ပမာဏ မှန်မှန် တိုက်ကျွေးမိစေဖို့အတွက် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး တိုက်ကျွေးပါ။
နို့ရည်ကို ညှစ်ထုတ် သိမ်းဆည်းပါ - မိခင်နို့ရည်ကို လုံလောက်စွာ ရရှိစေဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ နို့ရည်ကို ညှစ်ထုတ်သိမ်းဆည်းပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ရင်သားကို ဆီလီကွန်ထည့်ထားတဲ့ မေမေတို့အနေနဲ့ ရင်သားအစားထိုးပြီးချိန်မှာ ဘေဘီလေးကို အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ကို တိုက်ကျွေးချင်တယ်ဆိုရင်တော့ ရင်သားမှာ ဆီလီကွန်ထည့်တဲ့အခါ နို့ရည်ပြုဂလင်းတွေနဲ့ နို့ရည်ပြုပြွန်တွေကို မထိခိုက်စေဖို့ သေချာလေး ဆွေးနွေးတိုင်ပင်ပါ။
ရင်သားကြွက်သားတွေ အောက်ဖက်မှာ ဆီလီကွန်အစားထိုးတာက မိခင်နို့ရည်ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေမှု ကင်းစေမှာပါ။ ရင်သားဆီလီကွန် မထည့်ခင်နဲ့ ထည့်ပြီးနောက်မှာလည်း ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပါ။
ရင်သားမှာ ဆီလီကွန်ထည့်ထားပေမယ့်လည်း ဘေဘီလေးကို ကိုယ်ဝန်ဆောင်လို့ ရသလို ဘေဘီလေးကိုလည်း အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ကို တိုက်ကျွေးပေးလို့ ရပါတယ်။ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကို လည်း တတ်သိနားလည်သူတွေနဲ့ သေချာလေး တိုင်ပင်ဆွေးနွေးပါလို့ အကြံပြုလိုက်ပါရစေ ...
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!