ခရမ်းချဉ်သီးကို နေ့တိုင်းစားပေးရင် ဘယ်လိုကောင်းကျိုးလေးတွေရနိုင်မလဲ!
အထွေထွေ

ခရမ်းချဉ်သီးကို နေ့တိုင်းစားပေးရင် ဘယ်လိုကောင်းကျိုးလေးတွေရနိုင်မလဲ!

Aye Thi Mon

📅 04.08.2026


ခရမ်းချဉ်သီးဆိုတာက လူတိုင်းနဲ့ မစိမ်းသလို ဝယ်ယူရတာလည်း လွယ်လွယ်ကူကူ ရှိလှပါတယ်။ ဒီလိုမျိုး နေ့စဉ်နီးပါး စားသုံးဖြစ်နေတဲ့ ခရမ်းချဉ်သီးလေးက ကျန်းမာရေးအတွက် ဘယ်လိုလေးတွေများ ထောက်ကူပေးနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 


ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးလို့ ရလား!


ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးလို့ရပါတယ်။ ခရမ်းချဉ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ lycopene၊ ဗီတာမင် C နဲ့ ပိုဆက်ဆီယမ်တို့ ပါဝင်နေပါတယ်။ နေ့တိုင်းစားသုံးပေးတာက ဘေးကင်းကင်းနဲ့ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ 


ခရမ်းချဉ်သီး ကျန်းမာရေး ကောင်းကျိုးတွေက ဘာတွေလဲ!


ခရမ်းချဉ်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပြီး အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 


  • နှလုံးကျန်းမာစေနိုင်ပါတယ်


ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်တွင်းက အရည်ဓာတ်တွေကို ထိန်းညှိပေးပြီး သွေးကြောနံရံတွေကို ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ 


  • သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်


ခရမ်းချဉ်သီးမှာ Lycopene ပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


  • သွေးလည်ပတ်မှုကောင်းစေတယ်


ခရမ်းချဉ်သီးမှာ ဖောလိတ်ပါတာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးလည်ပတ်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 


  • အမြင်အာရုံကောင်းစေတယ်


ခရမ်းချဉ်သီးမှာ Lutein နဲ့ Zeaxanthin တို့ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်လုံးကို Blue light တွေနဲ့ နေရောင်ကြောင့် ထိခိုက်နိုင်ခြေတွေကနေ ကာကွယ်ပေးပါတယ်။


  • အသားအရေ ကျန်းမာစေတယ်


ခရမ်းချဉ်သီးမှာ Lycopene ပါဝင်နေမှုက အရေပြားကို ခရမ်းလွန်ရောင်ခြည်တွေကြောင့် ထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗီတာမင် C ပါဝင်တာ‌ကြောင့် ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး အနာကျက်မြန်စေဖို့နဲ့ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


  • နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်


ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့်  ဆဲလ်ထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုး ပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။


  • ကိုယ်ခံအားကောင်းစေပါတယ် 


ဗီတာမင် C ပါဝင်နေတာက  ကိုယ်ခံအားစေဖို့ ထောက်ကူပေးပြီး ဖျားနာနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်ပါတယ်။


  • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်


ခရမ်းချဉ်သီးမှာပါဝင်နေတဲ့ lycopene က ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့် ပုံမှန် စားသုံးပေးမယ်ဆိုရင် ဆီးကျိတ်ကင်ဆာအပါအဝင် ကင်ဆာတော်တော်များများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ 


ဘယ်သူတွေ မစားသင့်ဘူးလဲ!


ခရမ်းချဉ်သီးက ကျန်းမာရေး ကောင်းကျိုးများတာ မှန်ပေမယ့် 


  • စားချဉ့်ပြန်ရောဂါ ခံစားနေရသူတွေ


ခရမ်းချဉ်သီးမှာ သဘာဝ အက်ဆစ်ဓာတ်တွေပါဝင်နေတာကြောင့် ရင်ပူတာ၊ အစာအိမ်နဲ့ အစာရေမျို နံရံတွေကို အက်ဆစ်လောင်ကျွမ်းတာတွေ ဖြစ်စေနိုင်တာကြောင့် မစားသင့်ပါဘူး။


  • ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ


ကျောက်ကပ်ရောဂါရှိသူတွေက ပိုတက်ဆီယမ်ကို ရှောင်ဖို့ လိုပါမယ်။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ပါဝင်မှုက တော်တော်လေးပါဝင်နေတာမို့ ကျောက်ကပ်ထိခိုက်မှုကို ပိုဆိုးသွားစေနိုင်တာကြောင့် ကျောက်ကပ်ရောဂါ ခံစားနေရမယ်ဆိုရင် ခရမ်းချဉ်သီးကို မစားသင့်ပါဘူး။ 


  • ကျောက်ကပ်မှာ ကျောက်တည်ဖူးသူတွေ


ကျောက်ကပ်မှာ ကျောက်တည်ဖူးသူတွေဆိုရင်လည်း ခရမ်းချဉ်သီးကို မစားသင့်ပါဘူး။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာပါတဲ့ ပိုတက်ဆီယမ်ကို အလွန်အကျွံစားသုံးတာက ကျောက်ကပ်ကျောက်တည်တာကို ဖြစ်စေနိုင်တာကြောင့် မစားသင့်ပါဘူး။


  • ဓာတ်မတည့်မှု ခံစားရသူတွေ 


ဖြစ်နိုင်ခြေ တော်တော်လေး နည်းပေးမယ့် ခရမ်းချဉ်သီးစားပြီးတိုင်းမှာ အရေပြားမှာ အဖုအပိမ့်တွေ ထွက်တာ၊ နီမြန်းယားယံတာ၊ အစာခြေစနစ် မအီမသာဖြစ်တာမျိုး ခံစားရမယ်ဆိုရင်လည်း မစားသင့်ပါဘူး။


Lotoshinn ရဲ့ စကားလက်ဆောင်


ခရမ်းချဉ်သီးက ပုံမှန်ကျန်းမာရေး ကောင်းကျိုး များတယ်ဆိုပေမယ့် ဓာတ်မတည့်တာမျိုးတွေ၊ ကျောက်ကပ် ကျန်းမာရေး မကောင်းတာ၊ အစာခြေစနစ်မှာ ကျန်းမာရေးပြဿနာရှိတာမျိုးတွေဆိုရ်င မစားသင့်ပါဘူး။ ပုံမှန်ဆိုရင်တော့ ကလေးက Solid Foods စစားနိုင်ပြီဆိုကတည်းက ခရမ်းချဉ်သီးကို နည်းနည်းချင်း စခွံပေးသွားလို့ ရပါတယ်။ ခရမ်းချဉ်သီးကို မစားခင်မှာ သေချာလေး ရေစင်အောင်ဆေးကြောဖို့တော့ မှာချင်ပါတယ်နော်။ 




ကိုးကားချက်များ

0

Total Comments

မှတ်ချက်
Aye Thi Mon

Aye Thi Mon

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!