ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်မှု အရေးကြီးသလား!
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် မေမေက အိပ်ရေးဝဝ အိပ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အိပ်ရေးဝဝဆိုတဲ့နေရာမှာ တစ်ညကို အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီကြား ရှိမယ်ဆိုရင် အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့နဲ့ ဗိုက်ထဲက ဘေဘီလေး ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ လုံလောက်တဲ့အိပ်စက်ချိန် ရှိနေဖို့ လိုပါမယ်။ ဒီအချက်က မေမေတစ်ဦးနဲ့တစ်ဦးမှာ ထပ်တူညီနေမယ်လို့တော့ မဆိုလိုပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဇီဝကမ္မဖြစ်စဉ်တွေပေါ်လိုက်ပြီး ကွာခြားတာမျိုးတော့ ရှိနိုင်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ခန္ဓာကိုယ်ရဲ့ စည်းချက်ကို နားထောင်ပြီး လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိဖို့ပါ။ဘယ်လိုအချက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်စေတာလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်မှုအပေါ် သက်ရောက်နေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။ ကိုယ်ဝန်ဆောင် ပထမ သုံးလပတ် - ဒီကာလမှာဆိုရင် ကိုယ်တွင်းဟော်မုန်း အတက်အကျမြန်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေက ကောင်းကောင်းအိပ်ပျော်ဖို့ ခက်စေပါတယ်။ ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပတ် - ဒီကာလမှာတော့ ကိုယ်အလေးချိန်တက်လာတာ၊ အရွတ်တွေ လျော့ရဲတာ၊ ခြေထောက်ကြွက်တက်တာ၊ နှာခေါင်းပိတ်တာတွေက ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ အခက်တွေ့စေပါတယ်။ ကိုယ်ဝန်ဆောင် တတိယ သုံးလပတ် - ဆီးခဏခဏသွားရတာ၊ ရင်ပူတာ၊ ခါးနာတာ၊ ကလေးက လှုပ်ရှားနေတာကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ပါတယ်။ အခြားသော အခြေအနေများ - အိပ်မပျော်တာ၊ နေ့ခင်းဘက် အိပ်ချိန်များနေတာ၊ ကောင်းကောင်းအိပ်မပျော် တာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာကို ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်နိုင်လဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာ များမယ်ဆိုရင် ဘေဘီလေးမှာ -- အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ - လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အိပ်ရေးပျက်တာ များမယ်ဆိုရင် အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ ဒုတိယ (၃)လပတ်မှာ ဖြစ်မယ်ဆိုရင်တော့ ကလေးမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာရှိတာ၊ အိပ်စက်ရခက်တာနဲ့ ADHD လိုမျိုး ဦးနှောက်နဲ့အာရုံကြော ဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
- သိမြင်မှုစွမ်းရည်ပိုင်းနဲ့ လှုပ်ရှားနိုင်စွမ်းဖွံ့ဖြိုးမှု နောက်ကျတာ - ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အိပ်ရေးပျက်တာများမယ်ဆိုရင် ကလေးက လှုပ်ရှားမှုစွမ်းရည် ဖွံ့ဖြိုးမှု နောက်ကျတာ၊ စကားပြောနောက်ကျတာ၊ သိမြင်မှုစွမ်းရည် အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
- အချင်းပြဿနာ -ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်များတာက အချင်းရဲ့ တည်ဆောက်မှုနဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး အချင်းက ရှိသင့်တဲ့ အလေးချိန်ထက်နည်းတာ သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- ကလေးအဝလွန်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အိပ်ရေးပျက်တာတွေ များမယ်ဆိုရင် သန္ဓေသားက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေပြီး မီးဖွားချိန်မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက မေမေ့အတွက်ရော ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက မေမေတွေမှာလည်း အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။- ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာ များတာက ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာနဲ့ လမစေ့ဘဲ မွေးဖွားတာမျိုးဖြစ်နိုင်ပါတယ်။
- စိတ်ကျန်းမာရေး - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများတာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ မီးဖွားပြီးချိန်မှာ စိတ်ကျရောဂါ ခံစားရတာတွေကို ခံစားရနိုင်ပါတယ်။
- နေ့စဉ်ဘဝမှာ ထိခိုက်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ကာလမှာ ခြေကုန်လက်ပမ်းကျတာ၊ အာရုံစိုက်ဖို့ ခက်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ခက်ခဲတာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ဆီးချို ခံစားရစေနိုင်တာ- ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်များတာက နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်အနေနဲ့ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
- သွေးတိုးစေနိုင်တာ - ကိုယ်ဝန်ဆောင်ကာလအတွင်း အိပ်စက်ချိန်က တစ်ညကို ၇ နာရီထက် နည်းနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိနိုင်ခြေကို ထိခိုက်စေနိုင်သလို သွေးတိုးခံစားရနိုင်ခြေကိုလည်း ပုံမှန်ထက် ပိုများစေတယ်လို့ သိရပါတယ်။
- ကိုယ်ဝန်ဆောင်ကာလ ရှည်တာ - ကိုယ်ဝန်ဆောင်ချိန် မေမေက ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းက ကိုယ်ဝန်ဆောင်ကာလကို ပုံမှန်ထက်ပိုရှည်ကြာတာမျိုးကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
- မီးဖွားပြီးချိန် အဝလွန်တာ - ကိုယ်ဝန်ဆောင်ကာလမှာ အိပ်ရေးပျက်ထားမယ်ဆိုရင် ကလေးမီးဖွား ပြီးချိန်မှာ မေမေမှာ အဝလွန်တာကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ နေထိုင်စားသောက်မှုပုံစံက ကိုယ်တိုင်အတွက်ရော ရင်သွေးလေးအတွက်ပါ အများကြီး သက်ရောက်မှု ရှိနေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားချိန်မှာပါ မေမေရာ ဘေဘီလေးပါ ကျန်းမာမှာပါနော်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!