ဘေဘီလေးတွေကို ဘယ်အချိန်မှာ နွားနို့ စတိုက်လို့ရမလဲ!
ဘေဘီလေးကို အသက် ၁ နှစ်ပြည့်ပြီးမှသာ နွားနို့ကို စတိုက်သင့်ပါတယ်။ အသက် ၁ နှစ်အောက် ကလေးလေးတွေကို နွားနို့တိုက်တာက ကလေးကို မှန်ကန်ပြည့်စုံတဲ့ အာဟာရ ရရှိစေဖို့ ခက်ခဲစေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ချက်က နွားနို့နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင် ကလေးရဲ့ အူတွေကို ထိခိုက်ပြီး အူတွင်းသွေးယိုမှုတွေ ဖြစ်တာကြောင့် ကလေးမှာ သံဓာတ်ချို့တဲ့တာ၊ သွေးအားနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာ အသက် ၁ နှစ်အောက် ကလေးငယ်လေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ကို ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ကလေးကို အသက် ၁ နှစ်ပြည့်ပြီးလို့ နွားနို့စတိုက်မယ်ဆိုရင်လည်း နွားနို့ကို အစားအစာ တစ်ခုခုနဲ့ ရောပြီး ကျွေးတာမျိုး လုပ်ပေးပါ။ နည်းနည်းချင်းစီ စကျွေးကြည့်ပြီး ကလေးမှာ ဓာတ်မတည့်မှု လက္ခဏာတွေ ဖြစ်တာမျိုး ရှိလားလို့ သေချာလေး စောင့်ကြည့်ပေးပါ။ ကလေးကို နွားနို့စတိုက်ချိန်မှာလည်း အဆီထုတ်နို့မျိုး မဟုတ်ဘဲ အဆီပြည့်ပြီး သေချာလေး ပိုးသတ်သန့်စင်ထားတဲ့နို့ကို သေချာကျက်အောင်ကျိုချက်ပြီး တိုက်ပေးပါ။ အဆီထုတ်ထားတဲ့ နို့တွေက ၅ နှစ်အောက် ကလေးငယ်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ပါဝင်နေတာမျိုး မရှိပါဘူး။ နွားနို့ကြောင့် အစာအဆိပ်သင့်တာမျိုး မဖြစ်စေဖို့ဆိုရင် ကလေးတွေအတွက် သေချာ ပိုးသတ်သန့်စင်ထားတဲ့ နို့ကို ရွေးချယ်ပေးဖို့လည်း ထပ်မံ သတိပေးချင်ပါတယ်။ အသက် ၁ နှစ်ပြည့်ပြီးတဲ့ ကလေးတွေအနေနဲ့ တစ်နေ့ကို နွားနို့ ၂ ခွက် ကနေ ၃ ခွက်လောက်အထိ သောက်လို့ရပါတယ်။ ကလေးက နို့နဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေးပြသ ဆွေးနွေးကြည့်ဖို့လိုပါမယ်။Lotoshinn ရဲ့ စကားလက်ဆောင် နွားနို့က ကလေးကျန်းမာဖွံ့ဖြိုးစေဖို့ နဲ့ အရိုးနဲ့သွားတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် နွားနို့ာ နို့သကြားဓာတ် ပါဝင်နေတာကြောင့် ကလေးမှာ နို့သကြားဓာတ်မတည့်တာမျိုး ရှိနေမယ်ဆိုရင် သောက်သုံးဖို့ မသင့်ပါဘူး။ ဒါကြောင့် ကလေးကို နွားနို့စတိုက်ချိန်မှာ ဓာတ်မတည့်မှု လက္ခဏာ တစ်ရပ်ရပ် ခံစားရသလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!