ဘယ်လို အခြေအနေဆိုရင် အပျိုဖော်ဝင်နောက်ကျတယ်လို့ ဆိုနိုင်မလဲ!
အပျိုဖော်ဝင်နောက်ကျတယ်ဆိုတာက မိန်းကလေးတွေမှာ အသက် ၁၃ နှစ်ရောက်တဲ့အထိ ရင်သား မဖွံ့ဖြိုးသလို အသက် ၁၆ နှစ် ရောက်တဲ့အထိလည်း ရာသီသွေး မပေါ်သေးတာမျိုးပါ။ ကိုယ်တွင်းမှာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ စတင်ပြောင်းလဲလာချိန်မှာ အပျိုဖော်ဝင်မှု ဖြစ်စဉ် စတင်ပါတယ်။ ဒီလို အပျိုဖော်ဝင်တာက ပုံမှန်အားဖြင့် အသက် ၈ နှစ်ကျော်ကနေ ၁၄ နှစ်အတွင်းမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အပျိုဖော်ဝင်နောက်ကျတာက အခုပြောခဲ့တဲ့ ပြောင်းလဲမှုတွေက သူ့အရွယ်နဲ့သူ ဖြစ်မလာတာမျိုးပါ။ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်အတိုင်း မဖြစ်ဘဲ အချိန်နောက်ကျမှ ဖြစ်ပေါ်တာကို ဆိုလိုတာပါ။ အပျိုဖော်ဝင် နောက်ကျတာက လူပျိုဖော်ဝင်နောက်ကျတာထက် အဖြစ်များပါတယ်။အပျိုဖော်ဝင် နောက်ကျရခြင်း အကြောင်းအရင်း
အပျိုဖော်ဝင်နောက်ကျရတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ် ( ဥပမာ - ဆီးချို၊ သားအိမ်အလုံးတည်တာ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေ)ကြောင့်လည်း ဂလင်းတွေ ပုံမှန် မဟုတ်တာ၊ စားသောက်မှုပုံမမှန်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်တာ၊ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း အပျိုဖော်ဝင် နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။- မျိုးရိုးလိုက်တာ
- ကိုယ်တွင်းအဆီ လုံးဝမရှိတာ
- အာဟာရမပြည့်ဝတာ
- စားသောက်မှုမူမမှန်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတာ
- မဟော်မုန်း ထွက်ရှိမှု နည်းနေတာ
- ပိန်လွန်းတာ
- ကျန်းမာရေး ပြဿနာတွေ ရှိနေတာ
ဘယ်လိုဆိုရင် အပျိုဖော်ဝင်နောက်ကျနေတယ်ဆိုနိုင်လဲ!
တကယ်လို့ အခုလို လက္ခဏာလေးတွေ တွေ့ရပြီဆိုရင် အပျိုဖော်ဝင်နောက်ကျနေပြီလို့ ဆိုလို့ ရပါတယ်။- အသက် ၁၃ နှစ်အထိ ရင်သားမဖွံ့ဖြိုးတာ
- ဆီးခုံမွေး မထွက်တာ
- အသက်၁၆နှစ်ရောက်တဲ့အထိ ရာသီသွေးမပေါ်တာ
- ကြီးထွားမှုနှုန်းနှေးတာ၊ ရှိသင့်တဲ့ အရပ်ထက် ပုနေတာ
- သားအိမ်ဖွံ့ဖြိုးမှု မရှိတာ
- အရိုးတွေက ကလေးတုန်းကလို အရိုးတွေပဲ ရှိနေတာမျိုးပါ။
Lotoshinn ရဲ့ စကားလက်ဆောင် တကယ်လို့ သမီးလေးက အသက် ၁၆ နှစ်ကျော်တဲ့အထိ ရင်သားအပါအဝင် ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးမှုတွေ မရှိတာ၊ ရာသီသွေး မပေါ်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!