အမျိုးသမီးကျန်းမာရေး
ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။
ရာသီလာချိန်မှာ အစားစားချင်စိတ်မရှိတာက ပုံမှန်ပဲလား!
ရာသီလာတယ်ဆိုတာက အမျိုးသမီးလေးတွေရဲ့ လစဉ်တိုင်းမှာ ကြုံတွေ့ခံစားရတဲ့ ကျန်းမာရေးဖြစ်စဉ် တစ်ရပ်ပါ။ ဒီလို ရာသီလာတဲ့အခါ ပုံမှန်ရက်တွေနဲ့ မတူဘဲ ကျော်ဖြတ်ဖို့က ခက်ခဲသလို အချို့အတွက်ဆိုရင် တော်တော်လေး ခက်ခဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ရာသီမလာခင် အစောပိုင်းရက်တွေမှာဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ရင်သားတွေနာတာ၊ ရင်သားတင်းတာ၊ အဆစ်တွေနာ ကျင်ကိုက်ခဲတာ၊ ဝမ်းသွားတာ၊ ဝမ်းချုပ်တာ၊ ခြေကုန်လက်ပမ်းကျတာမျိုးတွေကို ခံစားရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အကြိမ်ကြိမ် ကြားဖူးပြီးသား ဖြစ်နိုင်ပေမယ့် အခုတစ်ခေါက်ပြောမယ့်ကိစ္စလေးကိုတော့ သိတဲ့သူ နည်းနည်း နည်းဦးမယ်ထင်ပါတယ်။ ဒါက ဘာလဲဆိုတော့ ရာသီလာချိန်မှာ ဘာမှ စားချင်စိတ်မရှိတာပါ။ ဒီလိုမျိုး ရာသီလာချိန်မှာ ဘာမှစားချင်စိတ် မရှိတာက ပုံမှန်ပဲလားဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ်မရှိတာက ပုံမှန်ပဲလား! ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာက ရာသီအကြိုကာလနဲ့ ရာသီလာချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ အကြောင်းကတော့ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ် တာကြောင့် လေပွတာ၊ ဆီးစပ်ကိုက်တာတွေကို ခံစားရနိုင်သလို စားသောက်မှုပုံစံပြောင်းလဲတာမျိုးလည်း ရှိပါတယ်။ ရာသီလာချိန်မှာ ဗိုက်ခဏခဏ ဆာတာမျိုး ခံစားရနိုင်သလို ရာသီလာချိန်မှာ ဘာမှ စားချင်စိတ် မရှိတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဒါကပုံမှန်ပဲလို့ ဆိုချင်ပါတယ်။ https://lotoshinnlifestyle.com/menstrual-pain-relief-drinks/ ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရတဲ့ အကြောင်းအရင်း ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါတွေကတော့ ဟော်မုန်း အပြောင်းအလဲဖြစ်တာ ရာသီလာချိန်မှာ ကိုယ်တွင်းကဟော်မုန်း အပြောင်းအလဲဖြစ်တာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း အပြောင်းအလဲဖြစ်သွားတာက အစားစားချင်စိတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေပြီး အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။ ဗိုက်ပွနေတာ၊ ဗိုက်အောင့်နေတာ ရာသီလာနေချိန်မှာ ဗိုက်ထဲက နေလို့ မကောင်းတာ ဗိုက်ထဲ လေတွေပွနေသလို ခံစားနေရတာ၊ ဗိုက်အောင့်တာတွေလိုမျိုး မအီမသာဖြစ်နေတဲ့ ခံစားရမှုတွေကလည်း ရာသီလာချိန်မှာ အစားစားချင်စိတ် မဖြစ်တာကို ခံစားရနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျနေတာလိုမျိုး အခြေအနေကလည်း ရာသီလာချိန်မှာ အစားစားဖို့ အာရုံမရတာမျိုးကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးနေတာ ရာသီလာခါနီး ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကြောင့် စိတ်ဖိစီးမှုကို ခံစားနေရတာ၊ စိတ်ဓာတ်ကျသလိုလို ခံစားနေရတာကြောင့်လည်း ဘာစားစား ခံတွင်းမတွေ့ဘဲ အစားစားချင်စိတ် ပျောက်ဆုံးတာကို ခံစားရနိုင်ပါတယ်။ ဘယ်လိုသက်သာအောင် လုပ်မလဲ! ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ ခံစားရတဲ့ အခြေအနေတွေကြောင့် စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အစားစားချင်စိတ် ပျောက်ဆုံးသွားတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် - ရေလုံလောက်အောင် သောက်ပါ ရာသီလာနေချိန်မှာ ရာသီသွေးနဲ့အတူ ကိုယ်တွင်းကဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အတွက် ရေလုံလောက်အောင် သောက်ဖို့ လိုပါမယ်။ ရာသီလာချိန်မှာ ရေလုံလောက်အောင် သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ရော ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကိုပါ သက်သာစေနိုင် ပါတယ်။ ရေကျက်အေးနွေးနွေးလေး သောက်ပေးတာ၊ အုန်းစိမ်းရည်၊ ဓာတ်ဆားဖြည့် ဖျော်ရည်တွေကို သောက်ပေးလို့ရသလို အချိုမပါတဲ့ သဘာဝ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။ နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးပါ ရာသီလာနေချိန်မှာ တစ်ခါတည်းနဲ့ အများကြီးစားတာမျိုးကလည်း အစားစားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးဖို့ လိုပါမယ်။ ဒီလိုစားပေးတာက ခန္ဓာကိုယ်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်သလို ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို သက်သာစေနိုင်ပါတယ်။ အစာကြေလွယ်တာမျိုး ရွေးစားပါ ရာသီလာချိန်မှာ လေပွနေတာမျိုးကို ခံစားရမယ်ဆိုရင် အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ရင်ပြည့်သလို ခံစားရတာ၊ အစားစားချင်စိတ် မရှိတာမျိုး မဖြစ်စေဖို့အတွက် အစာကြေလွယ်တာမျိုးလေးတွေကို ရွေးစားဖို့ လိုပါမယ်။ ပေါင်မုန့်မီးကင်၊ ဒိန်ချဉ်၊ အချိုမပါတဲ့ ဘီစကွတ်စတာတွေကို စားပေးလို့ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ ရာသီလာချိန်မှာ ဗိုက်ထဲပြည့်အင့်နေသလို အစားစားချင်စိတ် မရှိတာကို သက်သာစေဖို့ဆိုရင်တော့ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေဖို့ရော ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရတဲ့ အခြေအနေတွေကိုပါ သက်သာစေနိုင်ပါတယ်။ အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ပါ ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးနေပြီဆိုရင် ဂျင်း(ချင်း) ရေနွေးကြမ်း၊ ချာမိုမိုင်းရေနွေးကြမ်း၊ ပူဒီနာ ရေနွေးကြမ်းလေးတွေ သောက်ပေးတာက သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့ပါ ရာသီလာချိန်မှာ စိတ်ဖိစိမှု များနေတာကလည်း အစားစားချင်စိတ်ကို ပျောက်ဆုံးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကို သက်သာစေဖို့ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်တာမျိုးလေးတွေ လုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျော့တာမျိုး လုပ်ပေးစေချင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် တကယ်လို့ ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကို သက်သာစေဖို့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပေမယ့် မသက်သာတာမျိုး၊ ခံစားရတာတွေက ပိုပြင်းထန်တာမျိုး ဖြစ်ရင်ပဲဖြစ်ဖြစ်၊ အခြားသော လက္ခဏာတွေဖြစ်တဲ့ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးတွေလိုမျိုး အရာတွေကိုပါ တွဲပြီး ခံစားရတာမျိုး ဖြစ်မယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
ရာသီလာနေချိန်မှာ အချိုရည်တွေ သောက်တာ ဘယ်လိုဆိုးကျိုး ရှိနိုင်မလဲ!
ရာသီလာတဲ့အခါ ပင်ပန်းနေသလိုလို နုံးချိချိနဲ့ အားမရှိသလို ခံစားရတာမျိုးကို လေဒီလေး တော်တော်များများ ခံစားဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ နေရတာလန်းသွားအောင်ဆိုပြီး အချိုရည်တွေ၊ အားဖြည့် အချိုရည်နဲ့ အချိုကဲကဲ သောက်စရာတွေကို သောက်မိနေတာမျိုးများ ရှိလား! ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောချင်ပါတယ်။ ရာသီလာချိန်မှာ အချိုရည်သောက်တာက ဘယ်လိုတွေ ဆိုးကျိုးသက်ရောက်နိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ရာသီလာတဲ့အခါ နာကျင်မှုကို ခံစားရတာကြောင့် ပုံမှန်ထက် ပိုပင်ပန်းနေနိုင်ပါတယ် ရာသီလာတဲ့အခါ ဆီးစပ်ကိုက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်လက်ကိုက်ခဲတာလိုမျိုး အခြေအနေတွေကို လေဒီလေး တော်တော်များများ ခံစားရပြီး ဒီခံစားရတဲ့ သက်တောင့်သက်သာ မဖြစ်မှုတွေကပဲ ရာသီလာတဲ့အချိန်မှာ အခြားအချိန်တွေထက် ပိုပြီး ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ကိုယ်တွင်းက ရေဓာတ်၊ ဓာတ်ဆားဓာတ်၊ သံဓာတ် စတာတွေကို ရာသီသွေးအနေနဲ့ ဆုံးရှုံးရတာကြောင့်လည်း ရာသီလာချိန်မှာ ပုံမှန်အချိန်တွေထက် ပိုပြီး ပင်ပန်းနေရတာပါ။ ရာသီလာနေချိန်မှာ အချိုရည်တွေ သောက်တာ ဘယ်လိုဆိုးကျိုး ရှိနိုင်မလဲ! ရာသီလာချိန်မှာ ပင်ပန်းနုံးချိနေတာတွေကို သက်သာစေဖို့ ဆိုပြီး အချိုရည်အေးအေးလေး သောက်သုံးတာ၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတဲ့အခါ ခဏတာအားဖြင့် နေရတာ လန်းသွားသလို ခံစားရနိုင်ပေမယ့် တကယ်ကတော့ ရာသီလာချိန်မှာ အချိုရည်သောက်လိုက်တာက - ရာသီလာချိန် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေတယ် ရာသီလာနေချိန်မှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက ပုံမှန်အချိန်တွေနဲ့ မတူပါဘူး။ ရာသီလာနေစဉ် ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းပမာဏမြင့်တက်နေပြီး အင်ဆူလင်ဟော်မုန်းအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် ဒီကာလမှာ ပုံမှန်ထက် အချိုကို ပိုတောင့်တတတ်ပြီး အများကြီး စားမိမယ်ဆိုရင်လည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရမှာပါ။ လေပွတာကို ပိုဆိုးစေတယ် ရာသီလာတဲ့အခါ ဗိုက်ထဲမှာ လေပွတာကို လေဒီလေးတော်တော်များများ ခံစားကြရပါတယ်။ အဓိကအကြောင်းအရင်းကတော့ ရေတွေ အများကြီးစုမိသလို ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒီလို အခြေအနေမှာ အချိုရည်တွေသောက်မယ်။ သကြားပါဝင်မှုများတာတွေကို စားမယ်ဆိုရင် လေပွတာကို ပိုဆိုးစေပြီး ဗိုက်အောင့်တာကို ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဟော်မုန်းမညီမျှမှု ပိုဆိုးစေတယ် ရာသီလာနေချိန်မှာ အချိုရည်တွေ၊ အားဖြည့်အချိုရည်နဲ့ သကြားစွက်ထားတဲ့ သစ်သီးဖျော်ရည်တွေကို သောက်သုံးတာက ကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုဖြစ်နေချိန်မှာ ဟော်မုန်းမညီမျှမှုဖြစ်စေပြီး ရာသီလာနေချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေပါတယ်။ ဟော်မုန်းမျှခြေပျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ သားအိမ်တွင်းရေအိတ်တည်တာကို ပိုဆိုးစေတယ် သားအိမ်တွင်းရေအိတ်တည်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ထဲမှာ ရေအိတ်တည်နေတဲ့သူတွေအနေနဲ့ ရာသီလာချိန်မှာ အချိုရည်တွေ သောက်မယ်ဆိုရင် ကျန်းမာရေးအခြေအနေကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေကို ပိုဆိုးစေတယ် ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ ဝက်ခြံတွေထွက်လာတဲ့အခါ အသားအရေကို သန့်ရှင်းတာအပြင် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ ရာသီလာချိန်မှာ အချိုရည်နဲ့ အချိုကဲတာတွေကို စားသုံးတာက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ Mood Swings ဖြစ်စေနိုင်တယ် ရာသီလာချိန်မှာ အချိုရည်တွေ သောက်သုံးမှုက စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်နေပါတယ်။ အချိုရည်တွေ သောက်တာက ရာသီလာချိန်မှာ ခံစားရတဲ့ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓာတ်ကျတာတွေကိုလည်း ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။ လေ့လာချက်ရလဒ် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သိရတာက ရာသီလာချိန်မှာ အချိုရည်သောက်သုံးနဲ့ အမျိုးသမီးလေးတွေဟာ ရာသီလာချိန်မှာ အချိုရည်မသောက်တဲ့ လေဒီလေးတွေထက် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ခြေ ၇ ဆအထိ များနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အချိုရည်နည်းတူ ကဖင်းပါဝင်တဲ့ သောက်စရာတွေ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတာကလည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။ အကြောင်းကတော့ အချိုရည်တွေမှာပါဝင်နေတဲ့ သကြားဓာတ်က ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ရရှိမှုကို လျော့နည်းစေလို့ပါ။ နောက်ပြီး သွေးကြောတွေကို ကျုံ့စေပြီး နာကျင်မှုကို ခံစားရစေတဲ့ anaerobic metabolites တွေကို ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနေတာကြောင့်လည်း ပါပါတယ်။ ဒီအချက်တွေအပြင် သကြားစားသုံးမှုများတာ အချိုရည်တွေ အလွန်အကျွံ သောက်တာက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်ဆီစော ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် လည်း နာကျင်ကိုက်ခဲမှုကို ပိုပြီး ခံစားရတာပါ။ ဒီအခြေအနေက ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေပြီး နာကျင်ကိုက်ခဲမှုတွေကိုလည်း ၂ ဆလောက်အထိ မြင့်တက်စေနိုင်ပါတယ်။ Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတယ်လို့ ခံစားရတာကြောင့် သက်သာစေဖို့ တစ်ခုခု သောက်ချင်တယ်ဆိုရင် အုန်းစိမ်းရည်၊ ဓာတ်ဆားဖြည့်ဖျော်ရည်၊ ရေနွေးနွေးလေး စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။ အချိုကဲနေတဲ့ သောက်စရာတွေက ခဏတာမှာ အားပြည့်လန်းဆန်းစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့ တိုက်တွန်းချင် ပါတယ်။